တိုင်းရင်းသားတွေ ဗမာ ဒီမိုတစ်ချို့ကို အတုယူကြ



ဗမာဒီမိုအချို့ကို အတုယူကြစို့လို့ ချောင်းဆုံတံတားအရေး အမည်သတ်မှတ်မှု ထောက်ခံမဲပေးကြတဲ့ NLD  အမတ်တွေနဲ့ မွန်သွေးတစ်ဝက်ပါ ကိုမင်းကိုနိုင်တို့လိုလူတွေကိုအတုယူခိုင်းတာ မဟုတ်ပါဘူး။ တကယ်တော့ ချောင်းဆုံတံတားကိစ္စကိုကြည့်ရင် ဒေသခံတွေက ဗိုလ်ချုပ်အောင်ဆန်း အမည်မပေးဖို့ ကန့်ကွက်မှုဆန္ဒပြမှုတွေ ပြုလုပ်ပြီးဖြစ်တဲ့အပြင် ပြည်နယ်အဆင့်မှာလည်း အဲဒီအမည်နာမမပေးဖို့ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။ ဒါကို NLDအမတ်အများစုဖြစ်တဲ့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်တာဟာ မဆီလျော်တဲ့ ကိစ္စဖြစ်သလို NLD ဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ အသံကို ထည့်သွင်းမစဉ်းစားတဲ့ ဗမာပါတီဆိုတာ ပေါ်လွင်စေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီမိုကရေစီအရကြည့်ရင် ဒီမိုကရေစီအရ အနိုင်ကျင့်မှု သဘောဆောင်တဲ့အတွက် လွှတ်တော်အတွင်းထောက်ခံခဲ့တဲ့ အမတ်တွေကို ဒီမိုကရေစီလိုလားသူလို့ အမည်တပ်ဖို့တောင်ခက်ပါလိမ့်မယ်။


(၁) အများညီရုံနဲ့ ဒီမိုကရေစီမဟုတ်မှု ၊ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်


မတူကွဲပြားတဲ့ မျိုးနွယ်စုတွေနဲ့ လူမျိုးစုများအတူနေကြရတဲ့ နိုင်ငံတွေမှာ အများစုဆန္ဒအရ မဂျော်ရတီ အစိုးရဟာ အာဏာရှင်အစိုးရ သက်ရောက်တယ်။ ပြည်တွင်းစစ်ဖြစ်ပွားလိမ့်မယ်။ ဒီမိုကရေစီ မဟုတ်ဘူး။ အဲဒီ လို ဆိုထားခဲ့သူကတော့ နိုင်ငံရေး ဂုရုတစ်ဦးဖြစ်တဲ့ လစ်ပတ်ခ်ျပဲဖြစ်ပါတယ်။ အဲလို မဖြစ်စေဖို့ဆိုရင် လိုအပ်တဲ့ အစိုးရပုံစံကတော့ အများစုနဲ့ အနည်းစုကိုပေါင်းစပ်ပြီး အတိုက်ခံမှုကို အဓိကမထားပဲ အများသဘောတူညီမှု ရှိစေရန် ညှိနှိုင်းတဲ့ အုပ်စုအလိုက် ကိုယ်စားပြုသူတွေ ပါဝင်တဲ့ ကောန်ဆန်းဆပ်ပုံစံ အစိုးရမျိုးပဲဖြစ်တယ်လို့ ဆိုထားပါတယ်။ ဘာသာရေး ၊ နိုင်ငံရေး ၊ ဘာသာစကား ၊ ယဉ်ကျေးမှု ၊မျိုးရိုးဇစ်မြစ်ကွာခြားတဲ့ တိုင်းပြည်တွေမှာ အဲဒီကွာခြားချက်ကိုလိုက်တဲ့ လူမျိုးစုကို ရှိနေတဲ့အတွက် အများပြည်သူဆန္ဒအရ မဂျော်ရတီ အစိုးရမျိုးရေရှည်ဖြစ်ထွန်းဖို့ ခက်တယ်လို့လည်း သူကဆိုပါတယ်။


အဲဒီလိုနိုင်ငံတွေမှာ လူနည်းစုတွေက သူတို့တွေဟာ အာဏာမရနိုင်တဲ့အတွက် အစိုးရကို ကြည်ညိုလေး စားမှာမဟုတ်ဘူးလို့ လိပတ်ကဆိုထားပါတယ်။ ဥပမာအားဖြင့် မြောက်အိုင်ယာလန်နိုင်ငံမှာ ပရိုက်စတင့်ခရစ်ယာန်တွေက လူများစုဖြစ်ပြီး ၊ ကက်သလစ်တွေက လူနည်းစုဖြစ်တဲ့အတွက် အများစုဆန္ဒအရ အစိုးရဖွဲ့လိုက်တိုင်း ပရိုတက်စတင့်တွေက ၁၉၂၁ ကနေ ၁၉၇၂ လောက်အထိ တောက်လျှောက်အာဏာရနေခဲ့ပါတယ်။ နောက်ပိုင်း ကက်သလစ်ဂိုဏ်းဝင်တွေရဲ့ ဆန္ဒြုပမှုတွေကနေ ပြည်တွင်းစစ်မီးအဖြစ်ရန်မီးပွားခဲ့တာကြောင့် ဗြိတိသျှတပ်တွေက ၀င်ရောက်ထိန်းသိမ်းပေးရကာ လန်ဒန်ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ အခြေနေအထိ ရောက်ခဲ့ပါတယ်။


ဒီနေရာမှာ ပင်လုံစာချုပ်ချုပ်ဆိုအပြီး ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက် သခင်မြနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ စကားတွေကို ပြန်သတိရစရာဖြစ်စေပါတယ်။ စဝ်ရွှေသိုက်က ပင်လုံစာချုပ်ချုပ်ဆိုအပြီး သုံးလအကြာမှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ ' ရှမ်း ၊ ကချင် ၊ ချင်း ၊တောင်ပေါ် တိုင်းရင်းသားများဟာကိုလိုနီနယ်ချဲ့ စနစ်အောက်ကလွတ်မြောက်ဖို့ ဗမာပြည်မနဲ့ ပူးပေါင်း သွေးစည်းနေကြရပေမည်။ ဟိုးရှေးရာဇဝင်က အဖြစ်အပျက်တွေကို သတိရပြီး ဗမာတွေဟာ တို့ထက်ပိုပြီး လူလည်းများတယ်။ ဉာဏ်လည်းသာတယ်။ ဒီတော့တစ်နေ့မှာ မတော်တဆ တို့ကို လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ကားနေမလားဆိုကိး ဓမ္မတာအတိုင်း တထိတ်ထိတ် တွေးပူစိုးရိမ်လျက်ရှိကြပါတယ်။ ' ဆိုပြီး စိုးရိမ်ဟန်အပြည့်နဲ့ ပြောဆိုခဲ့ပါတယ်။


သခင်မြကတော့ ' မဖြစ်စေရပါဘူး။ ' လို့ချက်ခြင်း မဆိုင်းမတွ ပြောပါတယ်။ အဲဒီနောက် ညောင်ရွှေစော်ဘွားက ' ကျွန်ုပ်တို့ အင်မတန်မြတ်နိုးတဲ့ တန်းတူအခွင့်အရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ၊ ခွဲထွက်လိုက ခွဲထွက်ခွင့်တွေကို ထိပါးကျူးကျော်ပြုလေမလားလို့လည်း တထင့်ထင့်ဖြစ်မယ်ဆိုရင် ကျွန်ုပ်တို့ မလွန်ဘူးလို့ ထင်ပါတယ်။ မတော်တဆ ဒီလိုမဖွယ်မရာ မတရားမှုတွေများဖြစ်ပေါ်လာလို့ရှိရင် အားနည်းတဲ့ဘက်က အစဉ်နေလာတဲ့ သခင်နုဟာ တရားနည်းလမ်းမှန်အတိုင်း ကျွန်ုပ်တို့ဘက်က ရွပ်ရွပ်ချွံချွံနဲ့ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်အားထားပါတယ်။


ကျွန်ုပ်တို့သဘောကတော့ လောလောဆယ် အင်္ဂလိပ်လက်အောက်ကလွတ်ချင်တယ်။ ဒီလိုလွတ်လပ်ရေးရဖို့ ဗမာပြည်မနဲ့ ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်လို့ ယုံကြည်ပြီး ဒီလွှတ်တော်မှာ ရောက်လာကြပါတယ်။ ( သြဘာသံများ ) ဒါပေမဲ့ အင်္ဂလိပ်ကျွန်ဘဝက လွတ်ပြီး ပခုံးပြောင်းဗမာတွေရဲ့ ကျွန်ဖြစ်သွားမှာကိုလည်း မလိုချင်ပါဘူး။ ( ရယ်သံများနဲ့ သြဘာသံများ ) နှစ်ဦးနှစ်ဘက်စလုံးကြီးပွားရေးအတွက် တန်းတူအခွင့်အရေးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ဆိုရင် အစဉ်သဖြင့် အဆင်သင့်ရှိတယ်ဆိုတာလည်း ရှင်းရှင်ဘွင်းဘွင်းပဲ ကတိပေးပါတယ်။ ' လို့ ညောင်ရွှေစော်ဘွားက ပြောခဲ့တာပါ။


ဇွန်လ ၁၆ ရက်နေ့မှာတော့ ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအတွက် လမ်းညွှန်ချက် (၇) ရပ် မတင်သွင်းမှီ ဗိုလ်ချုပ်အောင်ဆန်းက ' တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများ စိုးရိမ်စရာ အလျဉ်းမရှိပါနဲ့ ။ ကျွန်တော်တို့ပေးထားတဲ့ ကတိ ၊ နားလည်ပြီးသား သဘောတူညီချက်များကို နယ်ချဲ့သမားလို ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ ဖောက်ဖျက်မယ်လို့ သံသယရှိသူတွေဟာ ကျွန်တော်တို့ရဲ့ Sense of Honour , Sense of self respect , sense of pride ကို စော်ကားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ အဲဒီတော့ဗမာလူမျိုးစုများဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ သဘောမတူပဲ မနေနိုင်တဲ့ အခြေနေမျိုးကို လက်တလုံးခြား လိမ်တဲ့နည်းနဲ့လည်း ကျွန်တော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေချင်တယ်။ ' လို့ ပင်လုံစာချုပ်နဲ့ ကတိကဝတ်မိန့်ခွန်းများကို မြွက်ကြားခဲ့ပါတယ်။ ဒါကတော့ အတိတ်က ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားတွေရဲ့ ကတိကဝတ်ဆိုင်ရာ ပြောဆိုချက်အချို့ပါ။ ဗိုလ်ချုပ်ကွယ်လွန်ပြီး ဗိုလ်ချုပ်ရုပ်ပြပြီး အမျိုးမျိုး ကြွေးကြော်တဲ့ ဗမာအစိုးရတွေရှိပေမဲ့ တိုင်းရင်းသားအရေးကိုမဖြေရှင်းနိုင်ပဲ ပင်လုံကတိကဝတ်ကိုလည်း အကောင်ထည်ဖော်မပေးတာကြောင့် အခုထိ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ ခက်ခဲနေရတာဖြစ်ပါတယ်။ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာတော့ ဖေဖေ့တည်ထောင်တဲ့ တပ်မတော်လို့သာဆိုနေပြီး တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ ပျက်ကွက်နေကာ တိုင်းရင်းသားတန်းတူရေးအတွက်အရေးပါတဲ့ ပင်လုံမူကို မျက်ကွယ်ပြုနေတာကြောင့် တိုင်းရင်းသားဒေသတွေမှာ ထားဖို့ ပြင်တဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေ ၊ ဗိုလ်ချုပ်အမည်နာမတပ်ထားတဲ့ တံတားတွေကိုတောင် ကိုလိုနီအမှတ်လက္ခဏာအဖြစ် တိုင်းရင်းသားတွေက သတ်မှတ်ကာ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်လာရတာဖြစ်ပါတယ်။


(၂) ဗမာဒီမိုကိစ္စ


ဗမာဒီမိုဆိုတဲ့ ကိစ္စကို ဆက်ပါဦးမယ်။  ဒါကလည်း လတ်တစ်လော အစ်ရှူးတွေနဲ့ ဆက်စပ်ပါတယ်။ အခု ဗိုလ်ချုပ်တံတားကိစ္စကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူတွေထဲမှာ မွန်တွေသာ မကပဲ ဗမာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေလည်း ပါနေတာကို သတိထားမိပါတယ်။


NLDအမတ်တွေနဲ့ လွှတ်တော်က ပြည်ထောင်စုအဆင့် လုပ်နေတာတောင်မှ NLDထဲမှာလည်း လူနည်းစုကို ဒီမိုကရေစီ အနိုင်ကျင့်မှု မကြိုက်တဲ့ လူတွေ ရှိနေတာကို တွေ့ရတာ ၀မ်းသာစရာဖြစ်သလို ၈၈ မျိုးဆက်တွေအပါဝင် အခြားမျိုးဆက်တွေမှာလည်း ဒီလို စိတ်ဓါတ်ရှိသူတွေ ကျန်နေတာ အဆိုးထဲက အကောင်းဆိုသလို ၀မ်းသာစရာပါ။ လတ်တလော Hot Topic ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် သတ်မှတ်မှုကို ကြည့်မယ်ဆိုရင် ဗမာပြည်မက ဒီမိုကရေစီအရေးလှုပ်ရှားသူ တစ်ချို့ကလည်း ပြင်းပြင်းထန်ထန်ဝေဖန်နေတာ တွေ့ရမှာပါ။ ဒါကအဆိုးထဲက အကောင်းလို့ ဆိုရမဲ့ အခြေနေမှာပါ။ အမျိုးသားရေးအစွန်းရောက် အရေးတွေနဲ့ ဦးကိုနီ အသတ်ခံရမှုတွေနဲ့ ပတ်သက်လို့လည်း ပယ်ပယ်နယ်နယ်ဝေဖန်တာတွေ တွေ့ရမှာပါ။ တချိန်က Freedom from Fear ဆိုပြီးနာမည်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးကိုနီ ဈာပနာကို မသွား ၊ ပန်းခြင်းချက်ခြင်းမပို့ တာတွေဖြစ်ခဲ့ပေမဲ့ ထောင်နဲ့ချီတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ ဦးကိုနီဈာပနမှာ စုစည်းခဲ့ကြကာ ကြောက်ရွံ့အောင်ခြောက်လှန့်သူတွေကို မတုန်လှုပ်ကြောင်းပြသခဲ့တာဟာ အတုယူစရာကိစ္စဖြစ်ပြီး ဒီအင်အားစုတွေကို လာမဲ့ နိုင်ငံရေးအခင်းအကျင်းအတွက် ဘယ်လို စုစည်းမလဲဆိုတဲ့ ကိစ္စကလည်း စဉ်းစားစရာ ကိစ္စဖြစ်လာပါတယ်။ နောက်ပြီးအမျိုးသားရေးအစွန်းရောက် သံဃာအချို့နဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်ဝေဖန်နေသူတွေကလည်း မျိုးဆက်ပေါင်းစုံပါဝင်တဲ့ ဗမာပြည်မက ဒီမိုကရေစီအရေး လှုပ်ရှားသူအချို့သာဖြစ်ပါတယ်။ အခု မွန်ပြည်နယ်က တံတားကိစ္စက နိုင်ငံရေးအရ ပြောရင် လူဦးရေ များမှု နည်းမှု အကွဲတွေအပေါ်မူတည်လို့ ဗိုလ်ချုပ်ရုပ်နဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြံတဲ့ ကိစ္စပါ။ ဒီလိုကိစ္စမှာ မွန်တွေကပဲ ကန့်ကွက်နေပြီး ဗမာဒီမိုကရေစီအရေးလှုပ်ရှားသူတွေက မကန့်ကွက်မဝေဖန်ခဲ့ရင် ပြည်သူတွေအနေနဲ့ ဝေဝါးသွားနိုင်ပြီး NLD လွှတ်တော်ဘက်ကိုတောင် ယိမ်းသွားနိုင်ပါတယ်။ နောက်ပြည်သူအချို့ရဲ့ ဝေဖန်မှုကလည်း ကောင်းပါတယ်။ ဒီကိစ္စကိုကြည့်ရင် ဆင်းရဲတာ အစိုးရ အတွေ့အကြံနည်းတာကို သည်းခံနိုင်ပေမဲ့ အလုပ်မရှိ ကြောင်ရေချိုး နိုင်ငံရေးအမြတ်ထုတ်တာကို လက်မခံတဲ့ သဘောဆောင်ပါတယ်။


ဒီကိစ္စမှာ ဗမာဒီမိုကရေစီအရေးလှုရှားသူအချို့ရဲ့ လုပ်ရပ်ကို ကြည့်ရင် လူမျိုးတူ ဘာသာတူ ၊ တစ်ချိန်က ထောက်ခံခဲ့ဖူးတဲ့ အဖွဲ့အစည်း စတဲ့ အကြောင်းအရာတွေ ရှိနေပေမဲ့ ဒီမိုကရေစီ လမ်းကြောင်းမ ချွတ်ခြော်ဖို့နဲ့ လူ့အသိုင်းဝိုင်းအတွင်း စိတ်ဝမ်းကွဲမှုကို ဦးတည်စေမဲ့ အကြောင်းအရာတွေအတွက် တတ်နိုင်တဲ့ဘက်က ဟန့်တားတဲ့ သဘောဆောင်ပါတယ်။ ကိုယ့်အသိုင်းဝိုင်းမှားနေလျက်နဲ့ NLDကို ဖားယား ဖောရှော ဖော်လိုလိုက်တာမျိုးမဟုတ်ပဲ ၀ိုင်းဝန်းထောက်ပြကြတာဟာ ကောင်းတဲ့လက္ခဏာရပ်ပါပဲ။ ဒီလိုကိစ္စတွေမှာ တစ်ဘက်သတ် အားလုံးသံယောင်လိုက်ခဲ့မယ်ဆိုရင် ပြည်သူတွေအဖို့ ဝေဝါးစရာတွေ ပိုလို့တောင်ဖြစ်လာနိုင်ပါသေးတယ်။ ဒီလိုပယ်ပယ်နယ်နယ်ဝေဖန်တဲ့သူတွေထဲမှာ အာဏာရှင်လက်ထက်က နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်တန်းကျခဲ့တဲ့သူတွေ ၊ ပြည်ပရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ၊ သတင်းမီဒီယာ သမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်အချို့လည်း ပါကြတာတွေ့ရမှာဖြစ်ပါတယ်။ အကုန်လုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံလာခဲ့သူတွေများပါတယ်။


( ၃) ဒီမိုဖြစ်ဖြစ် ဖက်ဒရယ်ဖြစ်ဖြစ်ပြည်သူသာအရေးပါ


စာရေးသူတို့နိုင်ငံရဲ့ လက်ရှိအခြေနေကတော့ ( Nation Building ) အမျိုးသားနိုင်ငံတော် တည်ဆောက်မှုအတွက် တစ်နည်းအားဖြင့် ရင်ကြားစေ့ရေး မတူကွဲပြားမှုတွေရှိနေမှုအကြား စည်းလုံး ညီညွတ်ရေးအတွက် ကြိုးစားနေရတဲ့ အချိန်ဖြစ်သလို ( တစ်နည်းအားဖြင့် စစ်မှန်တဲ့ ပြည်ထောင်စု ပေါ်ပေါက်ဖို့ ) ၊ တစ်ဘက်မှာလည်း ၊ နိုင်ငံတော် တည်ဆောက်ရေး ( State Building ) လုပ်ငန်းကိုပါ ဆောင်ရွက်နေရတဲ့ အချိန်ဖြစ်ပါတယ်။ STATE မှာတော့ ဥပဒေ ၊ နည်းဥပဒေ ၊ ထိုဥပဒေအရ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေ တာဝန်ပေးထားသူများ ၊နိုင်ငံသားတွေဆိုပြီး ပါဝင်တဲ့အတွက် နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


ဒီမိုကရေစီ ဖြစ်စဉ်အရနဲ့ နိုင်ငံတော်ဖြစ်တည်မှု အားကောင်းခြင်းဆိုင်ရာ လိုအပ်မှုတွေမှာ ချို့ယွင်းမှုတွေ များပြား လာခဲ့ရှိပြီဆိုရင် အဲဒီနိုင်ငံတွေက မအောင်မြင်တဲ့ နိုင်ငံ ၊ တစ်နည်းအားဖြင့် ကျရှုံးနိုင်ငံတော် ဖြစ်ဖို့ နီးစပ်လာပြီ ( သို့မဟုတ် ) ကျရှုံးနိုင်ငံတော် ဖြစ်သွားမှာ ကတော့ မလွဲဧကန်ပဲဖြစ်ပါတယ်။ နိုင်ငံတော်ဆိုတဲ့ ကိစ္စကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူသာ အဓိက ဖြစ်နေတဲ့အတွက် အခြား အစိပ်အပိုင်းတွေမှာ ယိုယွင်းနေပြီ ဆိုရင်တောင် ပြည်သူ့ညီညွတ်မှုအားနဲ့ တည့်မတ်ဖို့ ကြိုးစားကြမယ်ဆိုရင် ခိုင်မာအားကောင်းတဲ့ အစိုးရအဖွဲ့အစည်းနဲ့ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တွေ ပေါ်ပေါက်ဖို့ အထောက်အကူ ဖြစ်စေမှာဖြစ်သလို ယိုယွင်းနေတဲ့ စနစ်တွေ ဖာထေးပြုပြင်ပြောင်းလဲဖို့လည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ဆိုကတည်း က  ပြည်သူကနေ လာတဲ့ စနစ်ဖြစ်တဲ့အတွက် အုပ်ချုပ်သူတွေက တာဝန်ယူမှု ၊ တာဝန်ခံမှု ကင်းမဲ့ပြီး တရားဥပဒေ စိုးမိုးမှု ချို့ယွင်းခဲ့ရင်လည်း ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့ လမ်းကြောင်းမှန်ပေါ် တွန်းတင် ကြရမှာပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အယုံလွယ် ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုးကွယ်မှုတွေမပါပဲ ကျိုးကြောင်းသင့် စဉ်းစားဆင်ခြင်တွေးခေါ်မှုတွေနဲ့ ဆောင်ရွက်မှုတွေက ခိုင်မာအားကောင်းတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် အရေးပါတဲ့ အချက်ပဲဖြစ်ပါတယ်။ အခု မွန်ပြည်သူတွေရဲ့ လူထုဆန္ဒပြပွဲတွေဟာ အာဏာရတွေရဲ့ ဒီမိုကရေစီအနိုင်ကျင့်မှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲဖြစ်ပြီး တစ်နည်းအားဖြင့် အစိုးရ ၊ လွှတ်တော်အစိတ်အပိုင်းတွေရဲ့ အားနည်းမှုကို ထိန်းထေခြင်းလည်းဖြစ်သလို ဗမာ ဒီမိုကရေစီအရေးလှုပ်ရှားသူအချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေကလည်း ဒီမိုကရေစီအနိုင်ကျင့်မှုနဲ့ လူ့အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှု ဖြစ်စေတဲ့လှုပ်ရှားမှုတွေကို ကာကွယ်ဟန့်တားခြင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဆန့်ကျင်ဝေဖန်မှုတွေကြောင့်ပဲ NLD လွှတ်တော်အနေနဲ့ နိုင်ငံရေးအရ အထိနာခဲ့ရတာဖြစ်ပြီး ပြည်သူတွေကလည်း NLD လွှတ်တော်ကို ဝေဖန်ဖို့ မဝေဝါးတော့တာဖြစ်ပါတယ်။


(၄) တိုင်းရင်းသားတွေလည်း ဆိုင်ရာ အဖွဲ့အစည်းတွေကို ဝေဖန်ဆန်းစစ်ဖို့လို


တိုင်းရင်းသားတွေအနေနဲ့လည်း မိမိတို့နဲ့ နှီးနွယ်သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအမှားလုပ်မိရင် ဝေဖန်ထောက်ပြတဲ့ အလေ့အထတွေ လုပ်ဖို့လိုပါတယ်။ ဒါမှသာ မတရားမှုကို ခုခံတွန်းလှန်တယ် ဆိုပြီး စစ်ဘုရင် အယူအဆနဲ့ အာဏာရှင်အယူဝါဒ ၀င်ရောက်ပူးသတ ပေါက်ပွားလာမှုနဲ့ အစွန်းရောက်အမျိုးသားရေးဝါဒခေါင်းထောင်လာနိုင်မှု ဒဏ်တွေကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။ NLDပဲဖြစ်ဖြစ် ၊ ဖဆပလ ပဲဖြစ်ဖြစ် ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတော်တော်များ များဖြစ်ဖြစ် အားလုံးဟာ ပြည်သူထဲက ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ သို့သော်လည်း ပြည်သူထဲက ပေါက်ဖွားပေမဲ့ လူတစ်ဦး တစ်ယောက်က ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး တိုင်းရင်းသားချစ်ကြည်မှုဆိုင်ရာ မူတွေကိုေ ကျာ်လွန်ပြီး မိမိကိုယ်ကျိုးအတွက် ၊ အဖွဲ့အစည်းအကျိုးအတွက် အဖွဲ့အစည်းတွေကို ထိန်းချုပ်တာတွေ ဖြစ်လာတတ်တာဟာ ဓမ္မတာပဲဖြစ်ပါတယ်။ ဒါကြောင့်အဖွဲ့အစည်းတိုင်းပါတီတိုင်းမှာ ဒီမိုကရေစီကျင့်စဉ်ထွန်းကားဖို့လိုသလို ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ လူထုအတွင်းမှာလည်း အဖွဲ့အစည်းတွေကို ပြန်ပြီး ထိန်းနိုင်တဲ့ အလေ့အထထွန်းကားဖို့လိုတာ အသေချာပါပဲ။


ရှမ်းဖြစ်လို့ SSPP/SSA ၊ RCSS/SSA စတဲ့ ရှမ်းလက်နက်ကိုင်တွေ မှားနေတာကို မဝေဖန်ရဲဘူး။ ကေအိုင်အေ ၊ တအာင်းပလောင် TNLA ၊ UWSA ၀ တပ်ဖွဲ့တွေအမှားရှိနေလျက်နဲ့ သက်ဆိုင်ရာ တိုင်းရင်းသားတွေက မဝေဖန်ရဲဘူးဆိုရင် ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဆိုင်ရာ လူမျိုးတွေရဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ လုပ်ရပ်မှားယွင်းနေရင်လည်း ဝေဖန်ထောက်ပြဖို့လိုပါတယ်။ လူမျိုးကြီးဝါဒကို မကြိုက်ကြဘူးဆိုပြီး ဖွဲ့ထားတဲ့ အဖွဲ့တွေဟာ တစ်ဖွဲ့ချင်းစီအလိုက် အကျိုးစီးပွားကိုလည်းကောင်း ၊ လူမျိုးအလိုက် သီးသန့် အကျိုးစီးပွားကိုသော်လည်းကောင်း ဦးတည်ကြတဲ့ အတွက် တခြားလူမျိုးတွေ မျိုးနွယ်စုတွေကို ထိခိုက်စေတဲ့ ကိစ္စတွေ ရှိပါတယ်။ အဖွဲ့အစည်းတွေအလိုက် ဘက်တူတဲ့ အဖွဲ့တွေစုပြီး အုပ်စုဖွဲ့တိုက်ခိုက်မှုတွေ ရှိကြတယ်။ ဒီလိုကိစ္စတွေက လူ့အဖွဲ့အစည်းအတွင်းနဲ့ တိုင်းရင်းသားအချင်းချင်း ညီညွတ်မှုကို ပျက်ပြားနိုင်တဲ့အပြင် ကြာလာရင် မူလရည်မှန်းချက်တွေနဲ့ပါ လွှဲချော်နိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ ဘယ်လို ပဋိပက္ခတွေဖြစ်ဖြစ် ပြည်သူက မြေစာပင်ပါပဲ။ အခြားလူမျိုးစုတွေကို လူမျိုးစု မတူတဲ့ လက်နက်ကိုင်အဖွဲ့တွေကနေ လူ့အခွင့်ရေးချိုးဖောက်မှုလိုကိစ္စတွေကလည်း လူ့အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှုကို ဖြစ်စေတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေမှာလည်း မဟာလူမျိုးအယူအဆနဲ့ မိမိမျိုးနွယ်စုနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းသာ အမြဲတမ်းမှန်တယ်ဆိုတဲ့ အယူအဆတွေစွန့်လွတ်ဖို့လိုသလို ကျိုးကြောင့်သင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူတိုင်းရင်းသားတွေကလည်း မိမိတို့နဲ့ နီးစပ်တဲ့ အဖွဲ့တွေ လုပ်ရပ်မှားနေရင် ရဲရဲတင်းတင်း ဝေဖန်ထောက်ပြဖို့ လိုပါတယ်။တစ်ခါတစ်ရံမှာ လက်နက်ကိုင်ထားသူတွေဟာ သေနတ်လက်ထက်မှာ ရှိတာနဲ့ စိတ်ပြောင်းသွားတတ်သလို ၊ မိမိတပ်ဖွဲ့လုံခြုံရေးသာအဓိက ထားမှုတွေကြောင့် ဒေသတွင်း မျိုးနွယ်စုမတူတဲ့ လူမျိုးအကြားပဋိပက္ခဖြစ်လာနိုင်တဲ့ အနေထားတွေကို တာစူစေတဲ့ ကိစ္စတွေလည်း ရှိနေတာ ငြင်းမရတဲ့ ကိစ္စတွေပါ။  ဒီလိုအခြေနေမှာ တိုင်းရင်းသား ဒေသအခြေပြုလူမှု့အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ သူတို့ဟာ ဒီမိုကရေစီအတွက်ရေးကြိးတဲ့ ဒေါက်တိုင်တွေထဲပါသလို လူမှုသဟဇာတဖြစ်မှုအတွက်လည်း အရေးပါပါတယ်။ သူတို့ရဲ့ တာဝန်တွေမှာ အသိပညာပေးမှု ၊ ငြိမ်းချမ်းစွာ အတူယှာဉ်တွဲနေထိုင်မှု မတရားမှုကို ဆန့်ကျင်မှု ၊ တရားမျှတမှု ၊ လူမျိုးဘာသာ မခွဲခြားမှုတွေပါဝင်တာကြောင့် ကိုယ့်တာဝန်ကို ကျေပွန်ကြဖို့လိုပါတယ်။ တိုင်းရင်းသားပြည်သူတွေကို မှန်ကန်တဲ့ သတင်းအချက်လက် ဖြန့်ဝေမှု အသိပညပေးမှုတွေလုပ်ကြရမှာ။ ကချင်ငြိမ်းချမ်းရေးကွန်ယက်မို့လို့ ကေအိုင်အို မဟုတ်တာ လုပ်တာကိုမ ဝေဖန်ရဲတာ ၊ တအာင်းပလောင် အစည်းအရုံးတွေဖြစ်တာကြောင့် TNLA ကို မဝေဖန်ရဲတာ ၊ ရှမ်းအမျိုးသမီးလှုပ်ရှားမှုအဖွဲ့နဲ့ သျှမ်းသံတော်ဆင့်ဖြစ်တာကြောင့် RCSS၊SSPP လူ့အခွင့်ရေးချိုးဖောက်မှုတွေကို မဝေဖန်ရဲတာတွေက မဖြစ်သင့်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်း သဟဇာတဖြစ်မှုနဲ့ စုစည်းမှုကို အခြေခံလို့ အာဏာရှင်စနစ်တွေနဲ့ လူမျိုးကြီးဝါဒကို စုစည်းညီညွတ်စွာ ဆန့်ကျင်ကြမှသာ လိုလားတဲ့ ပန်းတိုင်ရောက်နိုင်မှာဖြစ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates