မိုင်းရှူးမြို့ အုပ်စု ၃ ခုမှ မဲရုံများ ၄ မိုင် မှ ၁၈ မိုင် အကွာအဝေးအထိပြောင်းရွှေ့
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စု ၃ စုအား ရွေးကောက်ပွဲ မကျင်းပရန် NLD ပါတီတောင်းဆိုသည့်အတိုင်း ရွေးကောက်ပွဲကော်မရှင် မဆုံးဖြတ်သော်လည်းနဂို လျာထားသည့် မဲရုံထားရှိမည့်နေရာနှင့် ၄ မိုင်မှ ၁၈ မိုင် အကွာသို့ မဲရုံရွှေ့ပြောင်းထားသည်ဟုဆိုသည်။
မိုင်းရှူးမြို့နယ် အရှေ့မြောက်ဘက်၊ မြောက်ဘက်တလွှားရှိ ဝမ့်ကွန်ကျောင်း၊ ဝမ့်လွယ် နှင့် မော်မယ့် ကျေးရွာအုပ်စုအား အစိုးရတပ်စခန်းအခြေစိုက်ရာနှင့် နီးစပ်ရာသို့ပြောင်းရွှေ့လိုက် ကြောင်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ်လောင်း နန်းကောင်ခမ်းကပြောသည်။
“ကျမတို့ဆီအကြောင်းကြားတာလည်းနောက်ကျတယ်။ မနေ့ကကျမ ဖုန်းဆက်မေးမှ ကော်မရှင်က စာပို့လာတယ်။ ကွန်ကျောင်းအုပ်စုနဲ့ နောင်အက်အုပ်စုဒေသခံတွေအတွက် ၁၈ မိုင်လောက်ဝေးတဲ့ မိုင်းအောတ်အုပ်စုမှာ မဲရုံထောင်ပေးတယ်။ အဲ့ဒီမှာအစိုးရ ခလရ ၁၄၉ တပ်က စခန်းချထားတယ်။ မော်မေ့အုပ်စုကိုကျတော့ ၄ မိုင်လောက်ဝေးတဲ့ မြို့တွင်းရပ်ကွက်ဖြစ်တဲ့ ရပ်ကွက် ၄ မှာ မဲရုံသွားထောင် ပေးတယ်။ လူထုသွားလာရေးအတွက် ခက်ခဲစေတယ်။ အခုလိုဖြစ်လာတာဟာတရားမျှတမှုမရှိဘူး ကြီးနိုင်ငယ်ညှင်း သဘောမျိုးဖြစ်နေတယ်လို့ကျမတို့မြင်ပါတယ်။” - ဟု နန်းကောင်ခမ်းက သျှမ်းသံတော်ဆင့်အား ပြောသည်။
မိုင်းရှူးမြို့အတွင်း မဲဆန္ဒရှင် ၄၀၀၀ ကျော်အတွက် မဲရုံများအား မူလနေရာနှင့် ၄ မိုင် မှ မိုင် ၂၀ ခန့်ဝေးသောနေရာသို့ ပြောင်းရွေ့လိုက်ခြင်းသည် လူထုမဲဆန္ဒရှင်များအတွက် အခက်အခဲဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ကပြောသည်။
“မဲရုံတွေကို အနီးဆုံး ၄ မိုင်မှနေ အဝေးဆုံး ၁၈ မိုင်အထိရွှေ့လိုက်တော့ မိဘပြည်သူတွေ မဲသွားမထည့်နိုင်အောင်လို့ တမင်သက်သက်လုပ်တာလို့တောင်ပြောနိုင်တယ်။ ဒါဟာ သျှမ်းပြည်လူထုရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်တာဘဲ။ ဒါကြောင့် ကွန်ကျောင်း နောင်အက် ဝမ့်လွယ်ဒေသခံတွေကိုတိုက်တွန်းချင်တာက မိမိရဲ့အခွင့်အရေးကိုဘယ်သူတွေကဘဲ တားတား ချိုးချိုးပါစေ။ အဲဒီမဲထည့်မယ့် တရက်တည်းမှာ အခက်အခဲတွေကိုကျော်လွှားပြီး ဆန္ဒမဲပြား သွားထည့်ကြခြင်းဖြင့် သျှမ်းတို့ရဲ့စည်းလုံးညီညွတ်မှုကိုပြသလိုက်ပါလို့တိုက်တွန်းလိုပါတယ်။ ”-ဟု စိုင်းလိတ်ကပြောသည်။
မိုင်းရှူးမြို့နှင့် ၁ မိုင်ခန့်အကွာသာဝေးသည့် အဆိုပါ အုပ်စု ၃ ခုအား သျှမ်းလက်နက်ကိုင် တပ်ဖွဲ့လှုပ်ရှားထိန်းချုပ်နယ်မြေဖြစ်သဖြင့် လုံခြုံရေး အတွက်စိတ်မချရဟုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD နှင့် USDP ကိုယ်စားလှယ်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် လက်တွဲကာ မတ်လဆန်းပိုင်းက ခရိုင်ကော်မရှင်ထံတင်ပြတောင်းဆိုလိုက်သည်။
“ မြေပြန့်က ပါတီကြီးတွေဖြစ်တဲ့ NLD တို့ USDP တို့ က သျှမ်းပြည်က သျှမ်းပါတီတွေမဟုတ်တဲ့ အတွက် သျှမ်းလူထုရဲ့ထောက်ခံအားပေးမှုမရခဲ့ဘူး။ ဒီအပေါ် သူတို့ကလည်း သူတို့မှာအခွင့်အရေး မရလို့ဆိုပြီး သျှမ်းပြည်ဒေသခံလူထုရဲ့ မဲပေးပိုင်ခွင့်အခွင့်အရေးကိုပါ ပိတ်ပင်ချင်လာတယ်။ သူတို့အဲလိုလုပ်လိုက် တာ ဟာ တရားမျှတမှုမရှိဘူးလို့မြင်တယ်။ ” - ဟု စိုင်းလိတ်ကဆက်လက် ပြောပြသည်။
မဲရုံပြောင်းရွှေ့ခံရသည့် မိုင်းရှူးမြို့ ကွန်ကျောင်းအုပ်စုတွင်ရွာပေါင်း ၁၇ ရွာ၊နောင်အက်အုပ်စုတွင် ၁၄ ရွာ ၊ မော်မေ့အုပ်စုတွင် ကျေးရွာ ၂၀ ရွာ ရှိပါသည်။ အဆိုပါ အုပ်စု ၃ ခုအပြင် ရွာပေါင်း ၅ ရွာရှိ ဝမ့်လွယ်အုပ်စု မဲပေးရန်အတွက်မဲရုံကိုလည်း ၁၀ မိုင်ခန့်ဝေးသည့် လွယ်နွဲရွာသို့ပြောင်းရွှေ့ လိုက်ကြောင်း သိရပါသည်။
Tags: Human Right, News


