SSPP/SSA နှင့် PSLF/TNLA တို့ နှစ်ဘက်ကြား ပြဿနာများမဖြစ်ပွားရေးသဘောတူ



သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်း(ပလောင်) တပ်မတော် TNLA တို့ မဟာမိတ်နှစ်ဖွဲ့ အကြား ပြဿနာများမဖြစ်ပွားစေရန် နှစ်ဦးနှစ်ဘက် သဘောတူညီမှုများအား နှစ်ဘက်တပ်မှူး တပ် သားများထံ ထုတ်ပြန်စာပေးပို့ညွှန်ကြားသည်ဟု သိရသည်။


ပန်ဆန်းမြို့၌ ဖေဖေါ်ဝါရီ ၂၈ ရက် ၂၀၁၇ နှစ်ဘက်တပ်တွေ့ဆုံဆွေးနွေး သဘောတူညီချက်များအား တပ်မှူး တပ်သားများ သိရှိစေရန် မတ်လ ၄ ရက်နေ့ ၂၀၁၇ က နှစ်ဘက်ဋ္ဌာနချုပ်က အသိပေး ညွှန်ကြား သည့် စာတစောင်ထုတ်ပြန်ခဲ့သည်။


“အဓိက ကတော့ ပလောင်လူမျိုး နဲ့ သျှမ်းလူမျိုးအကြား အမုန်းပွားမှု မဖြစ်ပွားဖို့ ပါ။ သျှမ်းပြည်သား အချင်းချင်းဖြစ်တဲ့အတွက် အရင်က သိလျက်နဲ့ဖြစ်စေ မသိဘဲနဲ့ ဖြစ်စေ ပြည်သူလူထုကို ဝန်ထုပ် ဝန်ပိုး ဖြစ်စေတဲ့ လုပ်ရပ်တွေ ဆက်မလုပ်ဖို့၊ ဖြစ်လာတဲ့ ပြဿနာကို ကို နှစ်ဖက်ပူးတွဲဖြေရှင်းဖို့အတွက် နှစ်ဖက် ကေဒါ တပ်မှူး တပ်သားတွေထံ ညွှန်ကြားတာဖြစ်တယ်” - ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူး စိုင်းဆု ကပြောသည်။


ထိုညွှန်ကြားစာတွင် နှစ်ဘက်တပ်မှူး တပ်သားများအနေဖြင့် မဟာမိတ်နှစ်ဖွဲ့တို့၏ ညီညွှတ်ရေးအား ထိခိုက်ပျက်ပြားစေသည့် ပြောဆိုရေးသားခြင်းမပြုရန်၊ ဖြစ်ပွားသည့် ပြဿနာများ ဆိုင်ရာ ဌာနချုပ်သို့ တင်ပြ ဖြေရှင်းရန်၊ မဟာမိတ်တပ်နှစ်ခုအား ထိခိုက်စေသည့် လှုံ့ဆော်ရေးသားခြင်း ပြောဆိုခြင်းများ  မပြုလုပ် ရန်၊ နှစ်ဘက် အဖွဲ့အစည်း လှုပ်ရှားရာဒေသအတွင်းနေ ဒေသခံမိဘပြည်သူများအား ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုလုပ်ရန်၊ အကယ်၍ ယုံမှား သံသယ ဖြစ်ဖွယ် မသင်္ကာသူ များတွေ့ရှိပါက သက်ဆိုရင်ရာ အဖွဲ့အစည်းသို့ အကြောင်းကြားအပ်နှံ သွားရန်  စသည်တို့ ပါရှိသည်။


ဖေဖေါ်ဝါရီ ၅ ရက်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA စစ်ကြောင်းအား ၎င်းတို့၏ မဟာမိတ် ဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အင်အား အလုံးအရင်းဖြင့်ခြုံခို တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် နှစ်ဘက်အကျအဆုံးလည်းရှိခဲ့သည်ဟု ဒေသ အတွင်းတပ်မှူးများ ပြောပြချက်အရသိရသည်။


သျှမ်းပြည်တပ်မတော် SSPP/SSA တအာင်း(ပလောင်)တပ်မတော် TNLA တို့သည် အစိုးရ၊ တပ်မ တော် တို့ နှင့် NCA စာချုပ်လက်မှတ်ရေးထိုးရန် ငြင်းဆန်ထားသည့် UWSA ဝ တပ်မတော်၏ မဟာမိတ် တပ်များဖြစ်ကြသည်။ တအာင်း(ပလောင်)တပ်မတော် TNLA တဖွဲ့တည်းအနေဖြင့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် သျှမ်းပြည်မြောက်ပိုင်းအတွင်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားသည့် တပ်ဖွဲ့ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates