၂၁ ပင်လုံညီလာခံ ကိုယ်စားလှယ်များ “ပြည်ထောင်စုသဘောတူစာချုပ်” လက်မှတ်ရေးထိုး



နပြည်တော်တွင်ကျင်းပလျက်ရှိသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ဒုတိယ အကြိမ်ညီလာခံနောက်ဆုံးရက်  မေလ ၂၉ ရက်မနက်ပိုင်း ၁၁ နာရီ က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ ကို စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြသည်။


ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း ၁ တွင် - နိုင်ငံရေး ကဏ်ဏ္ဍ မူဝါဒ သဘောတူညီချက် ၁၂ ချက် ၊စီးပွါးရေး ကဏ်ဏ္ဍ မူဝါဒ သဘောတူညီချက် ၁၁ ချက်၊ လူမှုရေး ကဏ်ဏ္ဍ မူဝါဒ သဘောတူညီချက် ၄ ချက်၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင် ကဏ်ဏ္ဍ မူဝါဒ သဘောတူညီချက် ၁၀ တို့ပါဝင်ပြီး လုံခြုံရေးပိုင်းတွင်မူ သဘောတူညီချက်မရရှိသေးပေ။


ရရှိသောသဘောတူညီချက်များကို အစုအဖွဲ့ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးရာ  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ကိုယ်စား ဗဒိုစောကွယ်ထူးဝင်း ၊ အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံရေး ပိုင်းဆိုင်ရာတွင် ဦးသုဝေ ၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးထွန်းထွန်းဟိန် နှင့် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ဒုဗိုလ်ချုပ်ကြီးတင်မောင်ဝင်းတို့  အသီးသီး လက်မှတ်ရေးထိုးခဲ့ကြသည်။


သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးသည့် အတွက် မည်သည့်သဘောတူညီချက်မှ လက်မှတ်ရေးထိုးမည်မဟုတ် ဆိုသည့်  RCSS/SSA လည်း လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားများ အဖွဲ့တွင် ပါဝင်သည်။


အဆိုပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း - ၁ တွင် နိုင်ငံရေး ကဏ်ဏ္ဍ မူဝါဒ အဆိုပြုချက်တွင် ၁- အချုပ်အခြာအာဏာ ၊ ၂- အချုပ်အခြာအာဏာကျင့်သုံးမှု၊ ၃- တန်းတူရေး၊ ၄- ဖက်ဒရယ်ပြည်ထောင် စုမူ၊ ၅- ပါတီစုံဒီမိုကရေစီစနစ် ဟူသောအဓိကအချက်ကြီး ၅ ချက် ပါဝင်သည့် သဘောတူညီချက် ၁၂ ချက် ပါရှိသည်။ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသား များထံမှဆင်းသက်ပြီး ပြည်ထောင်စုတဝန်း လုံး၌တည်သည်ဟု ပါရှိထားပါသည်။


စီးပွါးရေး ကဏ်ဏ္ဍတွင်မူ ပြည်သူတို့၏ အကျိုးစီးပွါကိုထိခိုက်နစ်နာစေမည့် စီးပွါးရေးလုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန် ၊ လူတဦးတယောက်ကဖြစ်စေ အစုအဖွဲ့တခုကဖြစ်စေ စီးပွါးရေး လက်ဝါးကြီးအုပ်ဆောင်ရွက်မှုများမဖြစ်ပေါ်စေရေး ဥပဒေပြဌာန်းပေးရန် အစရှိချက်များ ပါရှိသော  သဘောတူညီချက် ၁၁ ချက်ပါရှိပါသည်။


လူမှုရေး ကဏ်ဏ္ဍတွင်မူ လက်နက်ကိုင်ပဋိပက္ခများ၊ မူးယစ်ဆေးဝါးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြေရှင်း ပေးရန်အချက်များပါသော အချက် ၄ ချက်  ပါရှိသည်။


မြေယာနှင့်သဘာဝ ပတ်ဝန်းကျင်  ကဏ်ဏ္ဍတွင်မူ မြေယာပိုင်ဆိုင်ခွင့် စီမံခန့်ခွဲခွင့် အကာအကွယ်ပြုရေး ဆိုင်ရာအစီအမံများ အစရှိအချက်များပါဝင်သော သဘောတူညီချက် ၁၀ ချက်ပါရှိပါသည်။


ခွဲမထွက်ရေး နှင့် နိုင်ငံတနိုင်ငံတပ်မတော်တခုထားရှိရေး ဆိုသည့် လုံခြုံရေးနှင့်ပတ်သက်သည့် အချက်များက အကြိတ်အနယ် ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက်မရရှိသေးသဖြင့် လာမည့်ညီလာခံတွင် ဆက်လက်ဆွေးနွေး သွားကြမည်ဟု ဆိုသည်။


ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စကားပြောကြားရာတွင် - ဒီကနေ့လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့သဘောတူညီချက်တွေဟာ အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးလမ်းကြီးအပေါ် လျှောက် လှမ်းလိုက်တဲ့ အရေးကြီးခြေလှမ်းဖြစ်ကြောင်း၊ မိမိတို့တွင် ကိုယ်စီဒဏ်ရာဒဏ်ချက်တွေရှိသော်လည်း အဆိုပါဒဏ်ရာများကို နောင်လာမည့်မျိုးဆက်သစ်များဆီလက်ဆင့်ကမ်းလိုခြင်းမရှိတော့ဘဲ ကုစား မည့်နည်းလမ်းကိုရှာဖွေနိုင်မှုမှာ မလွယ်ကူလှကြောင်း - အစရှိအချက်များပြောဆိုသွားခဲ့သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့ မဟုတ် ၂၁ ရာစု ပင်လုံညီလာခံ အား ၆ လ တကြိမ်ကျင်းပ သွားမည် ဆိုသည့် သဘောတူညီချက်အတိုင်း လာမည့် ၆ လတွင် တတိယ အကြိမ် ဆက်လက် ကျင်းပ ဖွယ်ရှိသည်။ သို့သော် ယခု ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ အကြိမ် ၂၀၁၇ ဖေဖေါ်ဝါရီ တွင် ကျင်းပနိုင်ခြင်းမရှိမရှိဘဲ ယခု (မေ ၂၄ - ၂၉ ရက် နေ့ အထိ)မှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates