ဒေသခံ ၄၀၀၀ ကျော် ကန့်ကွက်သည့် မိုင်းကိုင်ကျောက်မီးသွေးစီမံကိန်း - လူထုအားထိခိုက်မှုမရှိဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပြော
သျှမ်းပြည်တောင်ပိုင်းမိုင်းကိုင်မြို့နယ်အတွင်း ဒေသခံ လူထု ၄၀၀၀ ကျော် ကန့်ကွက်ထွားသည့် ပုဂ္ဂလိက ကုမ္မဏီများ၏ ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းမှာ နိုင်ငံတော်က အလိုရှိသည့် အတိုင်း စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည့်မြေနေရာဖြစ်သည့်အပြင် ဒေသခံလူထုထောက်ခံမှု၊ သက်ဆိုင်ရာအုပ်ချုပ်ရေး မှူးများ၏ ထောက်ခံချက်များကြောင့် စမ်းသပ်တူးဖော်ခွင့်ပေးခြင်းဖြစ်ကြောင်း ဝန်ကြီးဦးအုန်းဝင်းက ပြည်သူ့လွှတ် တော်တွင်ပြောဆိုလိုက်သည်။
မေလ ၃၁ ရက်က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးတွင် မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်းက မိုင်းကိုင်မြို့တွင် ကျောက်မီးသွေးတူး ဖော်နေမှုနှင့်ပတ်သက်သည့်မေးခွန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကဖြေကြားလိုက်ခြင်းဖြစ်သည်။
ကျနော်မေးသွားတဲ့မေးခွန်းက - ဟိန်းမေတ္တာသတ္တုတူးဖော်ရေး ကုမ္မဏီလီမိတက်ကို အစိုးရက မိုင်းကိုင်မှာ သတ္တုတူးဖော်ထုတ်လုပ်ခွင့်ပြု ထားတယ်။ အဲဒီစီမံကိန်းကြောင့် လက်တွေ့ထိခိုက်မှုရှိမှာက မိုင်းကိုင်မြို့ ဝမ့်ယတ် ခမ်းနားအုပ်စု ဝမ့်လွေဒေသက ကျေးရွာ ၉ ရွာ အိမ်ခြေ ၅၀၀ ကလယ်သမားတွေလေ။ ရေအရင်းအမြစ် ပျက်စီး ဆုံးရှုံးမှာဖြစ်တယ်။ နမ့်တိန်းချောင်းဦးမှာ သတ္တုတူးဖော်မှုဖြစ်တဲ့အတွက် နမ့်တိန်းချောင်းတလျှောက် အမှီပြုနေတဲ့ လဲချား နမ့်ဆန် ကျိုင်းတောင်း လင်းခေး စတဲ့မြို့ခံတွေ ဆိုးကျိုးခံရမယ် ။ အဲတာကြောင့်မိုင်းကိုင်လူထုတွေ သံဃာတော်တွေကနေ ဒါကို ဆန့်ကျင်ကြတယ်။ အစိုးရက ဒါကိုဘယ်လိုလုပ်ပေးဖို့အစီအစဉ်ရှိသလဲ။ နောက်ပြီး တော့ စီမံကိန်းကြောင့် လယ်ယာမြေတွေမြစ်ချောင်းအင်းအိုင်တွေပျက်စီးသွားတာကို ပြန်ပြီးပြုပြင် ဆောင်ရွက် ပေးဖို့အစီအစဉ်ရှိလား - လို့မေးတာပါ။ - ဟု စိုင်းဆိုင်မိုင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။
၎င်းမေးခွန်းအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကဖြေကြားရာတွင် - ကုမ္မဏီ၏ လွယ်လင်ခရိုင်အတွင်း စမ်းသပ် တူးဖော်ခွင့်ပေးရန် တောင်းခံချက်အရ အဆိုပါဒေသရှိ ကျေးရွာ ၉ ရွာမှ ဒေသခံလူထု ၁၅ ဦး၏ ထောက် ခံချက် လက်မှတ်၊ တောင်သူများ၏စိုက်ပျိုးမြေ ၊ သာသနာမြေ၊ သုသာန်မြေတို့နှင့် ကင်းလွှတ်ကြောင်း အုပ်ချုပ်ရေး ပိုင်းဆိုင်ရာများထံမှ ထောက်ခံချက်လက်မှတ်၊ သက်ဆိုင်ရာဌာနများ၏ သစ်တောကြိုးဝိုင်းနှင့်ကင်းလွှတ်သော ထောက်ခံချက်လက်မှတ်များရရှိလာသဖြင့် အဆိုပါကုမ္မဏီအား စမ်းသပ်တူးဖော်ခွင့်ပြုရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ဝန်ကြီးဌာန၏ ဥပဒေ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပါက ကန့်ကွက်ရန်မရှိကြောင်း ဖြေကြားခဲ့သည်။
“ ပျက်စီးသွားတဲ့ချောင်းမြောင်းတွေနဲ့လယ်ယာမြေတွေအတွက်တော့ သစ်ပင်တွေပြန်စိုက်ပျိုးပေး ပါ့မယ် လို့ဝန်ကြီးပြောတယ်။ ဘာမှထိခိုက်မှုမရှိလို့ မကန့်ကွက်ဘူး။ ဒေသခံလူထုနဲ့သံဃာတော်တွေ ကန့်ကွက် ဆန္ဒပြကြလို့၊ ရပ်တန့်ပေးဖို့ စာတင်လာလို့စီမံကိန်းကို ခေတ္တရပ်ဆိုင်းဖို့ ညွှန်ကြားထားတာ။ ဘယ်လိုဆက် လုပ်သင့်သလဲဆိုတာ သျှမ်းပြည်နယ်အစိုးရနဲ့တိုင်ပင်ပြီး လုပ်သင့်တာကိုဆက်လုပ်သွားမယ်-လို့ ဝန်ကြီးက ဖြေကြားခဲ့တယ်” ဟု၎င်းကဆိုသည်။
မိုင်းကိုင်မြို့ ဝမ့်ယတ် ခမ်းနားအုပ်စု ဝမ့်လွယ်ရှို့ရွာအတွင်းကျောက်မီးသွေးတူးဖော်မှု ကို ယခုနှစ် ဖေဖော်ဝါရီလက တကြိမ် ဧပြီလကတကြိမ် ဒေသခံလူထုနှင့်သံဃာတော် ထောင်နှင့်ချီ ကန့်ကွက်ဆန္ဒပြ လက်မှတ်ရေးထိုးကာ တူးဖော်မှုရပ်ဆိုင်းပေးရန်တောင်းဆိုခဲ့ကြသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ဖျက်ဆီးသူများအားလည်း ကျိန်စာတိုက်မှုပြုလုပ်ခဲ့သည်။
ကုမ္မဏီက တလအတွင်း ဒေသတွင်းမှထွက်ခွါပေးမည်ဟုပြောဆိုသော်လည်း ထွက်ခွါပေးခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံဒုတိယအကြိမ်က မြေယာနှင့်သဘာဝ သယံဇာတ ကဏ္ဍတွင် - လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒချမှတ်ရာတွင် ဒေသခံများ၏လိုလားချက်များကိုဦးစားပေး၍ တောင်သူ လယ်သမားများ၏အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဟူ၍လည်းကောင်း၊ စီးပွါးရေး ကဏ္ဍ တွင်မူ ပြည်သူတို့၏ အကျိုးစီးပွါကိုထိခိုက်နစ်နာစေမည့် စီးပွါးရေးလုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ တားဆီး ကာကွယ်ရန် ၊ လူတဦးတယောက်ကဖြစ်စေ အစုအဖွဲ့တခုကဖြစ်စေ စီးပွါးရေး လက်ဝါးကြီးအုပ်ဆောင်ရွက်မှု များမဖြစ်ပေါ်စေရေး ဥပဒေပြဌာန်းပေးရန် အစရှိချက်များ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
Tags: Environment, News



