သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် သျှမ်းလူငယ်များ ဒုတိယ အကြိမ် သစ်ပင်စိုက်



နယုန်လပြည့်နေ့ ဒါနကုသိုလ်ပြုသည့်အနေဖြင့် သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် ဒေသခံသျှမ်းလူငယ်များက ရပ်ကွက်(၆) နှင့် ရပ်ကွက်(၄) ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းအရိပ်ရအပင်ပေါင်း ၂၀၀ ကျော်စိုက်ပျိုးခဲ့ကြသည်။


ဂျွန်လ ၉ ရက် ပြီးခဲ့သည့်အပတ်သောကြာနေ့က ခိုလမ်လူငယ်များ ကျွန်းပင်၊ မယ်ဇလီပင်၊ ချယ်ရီပင်၊ ထင်းရှူးပင် စသည့် အပင်ပေါင်း ၂၀၀ ကျော် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo - Mr. Moon On
“လပြည့်နေ့ဆိုရင် တော်တော်များများက အလုပ်နားကြတယ်လေ၊ လူငယ်တွေဆိုရင် အလုပ်မလုပ်ဘဲ သွားလည် ကြတာများတယ်၊ အများအတွက် အကျိုးရှိစေဖို့နဲ့ ကျနော်တို့နယ်ထဲမှာ နေထိုင်တဲ့သူတွေရဲ့ပတ်ဝန်းကျင် ကောင်းကျိုးအတွက်ပါ၊ ဒါကြောင့် ဆရာတော်တွေဆီကို ကျနော်ကပဲ လျှောက်ထားခဲ့ပြီး ရပ်ကွက်ထဲက လူငယ်ခေါင်းဆောင်တွေနဲ့ စုပေါင်းစိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ် ”ဟု သစ်ပင်စိုက်ပျိုးရေးကို ဦးဆောင်ခဲ့သူ စိုင်းမွန်းအွန် က ပြောသည်။


ယခုသစ်ပင်စိုက်ပျိုးခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တုန်းကလည်း ခိုလမ်မြို့နယ် နှင့် လဲချားမြို့နယ် သျှမ်းလူငယ်များက ဦးဆောင်ပြီး ခိုလမ်မြို့နယ်ထဲတွင် ရှိသော နောင်ဖာကန်နှင့် ကောင်းမူဆန်ကျောင်းတို့တွင် ချယ်ရီပင် အပါအဝင် သစ်ပင်ပေါင်း ၁၁၁၁ ပင် စိုက်ပျိုးခဲ့ကြသေးသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates