ရှမ်းလူငယ် ၄ ဦး ဂျော့ဒဗျူဘုရှ်အင်စတီကျုက ခေါင်းဆောင်မှုသင်တန်းတက်ရောက်ပြီးစီး သမ္မတဟောင်းဘုရှ်ကိုယ်တိုင် သင်တန်းဆင်းလက်မှတ်ချီးမြှင့်



 ဂျော့ဒဗျူဘုရှ်အင်စတီကျုကျောင်းက ၂၀၁၇ ခေါင်းဆောင်မှုသင်တန်း တက်ရောက်အောင်မြင်သွားတဲ့  သျှမ်းပြည်နယ်ကိုယ်စားပြု သျှမ်းလူငယ် ၃ ဦးနဲ့ ကချင်ပြည်နယ်က သျှမ်းလူမျိုးစုကိုယ်စားပြုလူငယ် ၁ ဦးကို အမေရိကန်သမ္မတဟောင်း မစ်စတာ ဂျော့ခ်ျ ဒဗလျူဘုရှ် နဲ့ ဇနီးလော်ရာဘုရှ်တို့ကနေ သင်တန်းဆင်းလက်မှတ် ပေးအပ် ခဲ့ပါတယ်။


ဂျွန်လ ၂၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ တက္ကဆတ်ပြည်နယ်၊ ဒါးလပ်စ်မြို့ ဂျော့ဒဗျူဘုရှ် အင်စတီကျုမှာ သင်တန်းဆင်းပွဲပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ငံတိုင်းရင်းသားလူငယ်တွေကို  အနာဂတ်ခေါင်းဆောင်ကောင်းဖြစ်ဖို့အရည်အချင်းမြင့်တင်ရေး သင်တန်းပေးဖို့ရည်ရွယ်ချက်နဲ့ ဂျော့ဒဗျူဘုရှ်အင်စတီကျူ့ကနေ ခေါ်ယူရာမှာ တိုင်းရင်းသားလူငယ် အယောက်  ၁၀၀ လျှောက်လွှာတင်ခဲ့ကြပြီး အယောက် ၂၀ သင်တန်းတက်ရောက်လေ့လာဖို့ ရွေးချယ်ခံရပါတယ်။


အဲဒီအနက် သျှမ်းတိုင်းရင်းသားကိုယ်စားလှယ်အဖြစ်-  နိုင်ငံရေးပိုင်းမှာ သျှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ် လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလိုင်းခမ်း၊ ပညာရေးပိုင်းမှာ သျှမ်းပြည်အမျိုးသားလူငယ်များကျောင်းက စိုင်းဆိုင်မောဝ် ၊ လူမှုရေးအပိုင်းမှာ နန်းခမ်းယိင်းနောင့် နဲ့ လူ့အခွင့်အရေးအပိုင်းမှာ ကချင်ပြည်နယ် သျှမ်းတိုင်းရင်းသားများကိုယ်စားပြု မဆုမွန်အောင် တို့က မိမိအရပ်ဒေသမှာပြန်လည်အသုံးချနိုင်အောင်လို့ တက်ရောက်လေ့လာခဲ့ကြပါတယ်။


“ ခေါင်းစဉ်ကြီး ၁၁ ခုကို လေ့လာသင်ယူခဲ့ရတယ်။ နိုင်ငံရေး၊ ဒီမိုကရေစီ ၊ စစ်တပ်နဲ့လူထုဆက်ဆံရေး၊  ဆွေးနွေးညှိနှိုင်းမှုအစရှိခေါင်းစဉ်တွေပါတယ်။ ဒီထဲကနေ ကျနော်တို့ပြည်နယ် အတွက်ပြန်ပြီးအသုံးချနိုင်တာအများကြီးရှိပါတယ်။ အရမ်းကိုတန်ဖိုးရှိတယ်လို့ပြောလိုပါတယ်”- လို့ စိုင်းဝမ်းလျန်းခမ်းကပြောပါတယ်။


ခေါင်းစဉ်ကြီး ၁၁ ခုကို အချိန် နာရီပေါင်း ၂၀၀ လောက်လေ့လာခဲ့ရပြီး သင်တန်းနာမည်ကိုလည်း Liberty and leadership forum လို့အမည်ပေးထားပါတယ်။


ကချင်ပြည်နယ်က သျှမ်းလူမျိုးစုကိုယ်စားပြု မဆုမွန်အောင်ကတော့ - “အထူးသဖြင့်ကချင်ပြည်နယ်သျှမ်းမျိုးနွယ်စုကိုယ်စားပြုတက်ရတော့ဂုဏ်ယူတယ်။ ကချင်ပြည်နယ်မှာ သျှမ်းလူမျိုးစုအခွင့်အရေးအရမ်းနည်းပါးတယ်။ဒီဟာအတွက်ကိုယ်စားပြုပြီး သင်တန်းလေ့လာတက်ရောက်လဲ့ရလို့ ၀မ်းလဲသာပါတယ်။ ” -လို့ပြောပါတယ်။


ဂျော့ဒဗျူဘုရှ် အင်စတီကျူ့ကို ၂၀၁၅ ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့ပြီး ဒီသင်တန်းဟာ ၃ ကြိမ်မြောက်သင်တန်းဖြစ်ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates