သီပေါမြို့နယ် နမ့်မ အုပ်စုတွင်ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် သစ်ပင်သစ်တောများတည်တံ့ရေး ဆုတောင်းခြင်းအခမ်းအနား သံဃာတော်နှင့်လူငယ်ထုတို့ဦးဆောင်ပြုလုပ်



သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ၀မ့်လုံအုပ်စုအတွင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှု အနေဖြင့် သစ်ပင်သစ်တော ထာဝရ ရှင်သန်ရေးအတွက် ဆုတောင်းပွဲတရပ်ကို ပြုလုပ်ခဲ့ကြသည်။


ဒေသတွင်းလူထုနှင့် ရပ်မိရပ်ဖများ ဘုန်းတော်ကြီးများ ယုံကြည်ကိုး ကွယ်မှုအရ သစ်ပင်သစ်တော တည်တံ့ရေးအတွက် ဆုတောင်းမှုတခုကို ဂျွန်လ ၂၃ ရက်နေ့က ဟိုနားဖှရွာ နမ့်မအုပ်စု သီပေါမြို့နယ်တွင် ပြုလုပ်ခဲ့ရာ ရပ်နီးရပ်ဝေးမှ လူထုအပါအဝင် အင်အား ၆၀၀ ခန့် တက်ရောက် ခဲ့ကြသည်။


TYN လူငယ်ခေါင်းဆောင် စိုင်းနော်ဆိုင်က - “ကျနော်တို့ သီပေါမြို့ နမ့်မ အုပ်စုမှာ ငွေရည်ပုလဲကုမ္မဏီကနေ လှိုဏ်ခေါင်းဖောက် ကျောက်မီးသွေး တူးဖော်နေမှုကြောင့် လယ်ယာမြေတွေအက်ကွဲကုန်တယ်။ ဒီဟာတွေကို သင်္ခန်းစာယူပြီး ရှေ့ဆက်ကျောက်မီးသွေးမတူးဖို့နဲ့ သစ်ပင်သစ်တောတွေ ခုတ်ဖြတ်ဖျက်ဆီးနေတာတွေရပ်တန့်ဖို့အတွက် ရည်ရွယ်ပါတယ်။ ဒါကြောင့်သစ်ပင်သစ်တောတွေ ကြာရှည်တည်တံ့စွာရှိနေဖို့အတွက် ဇာတာဆက်တယ် ပရိတ်ရွတ်ပေးတယ် ဆုတောင်းပေးတယ်။ ကျောက်မီးသွေးတူးဖော်နေတာကိုဆန့်ကျင်ကန့်ကွက်ကြတယ် ။ အခု ဟိုနားဖှဆိုတဲ့နေရာက ဒေသခံတွေအတွက် ပိုတောင်အရေးပါတယ်။ ကုမ္မဏီမလာခင်ကတည်းက ဒီနားတဝိုက်မှာ ရွာသားတွေထင်းတောင် မခုတ်ရက်ဘူး။ ဆိုးကျိုးထိခိုက်မှုများမယ်လေ” - ဟု ပြောဆိုသည်။


ငွေရည်ပုလဲကုမ္မဏီသည် ၂၀၀၄ ခုနှစ် က နမ့်မအုပ်စု နားကွန်ရွာ၊ ၂၀၀၅ ခုနှစ်က နမ့်မအုပ်စု ပိန်းဆိုင်းရွာတို့တွင် ကျောက်မီးသွေးများစတင် တူးဖော် ခဲ့သည်။ ကျောက်မီးသွေးစီမံကိန်းကြောင့် ဒေသခံများဆိုးကျိုး များကြုံတွေ့ ရသဖြင့် တူးဖော်မှုရပ်တန့်ရန် ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ကြသော်လည်း ကုမ္မဏီမှရပ်တန့်ခြင်းမရှိသည့်အပြင် ယခုတွင် နမ့်မအုပ်စု နမ့်မချောင်းဦးအနီးရှိ ဟိုနားဖှအရပ်တွင် ကျောက်မီးသွေး တူးဖော်ရန်အလိုရှိနေပါသည်။


နမ့်မချောင်းဦးတွင်ကျောက်မီးသွေးတူးဖော် ပါက နမ့်မအုပ်စုတခုလုံးအပြင် သီပေါမြို့နယ်တခုလုံးပါ ဆိုးကျိုးခံစားရမည်ဖြစ်သဖြင့် အဆိုပါစီမံကိန်းအား ဒေသခံများက ကန့်ကွက်ဆန့်ကျင်နေကြပါသည်။


“လက်ရှိမှာက ပိန်းဆိုင်းမှာရော နားကွန်ရွာမှာရော ကျောက်မီးသွေး တူးဖော်မှုကြောင့် အိုင်သေကြီး ထွန်းနေတာ။ အနက်ကြီးဘဲ။ အဆိပ်ရည်ေ တွ စိမ်းနေတာဘဲ။ တိရိစ္ဆာန်တွေအတွက်လည်း အန္တရာယ် ရှိတယ်။ လူတွေအတွက်လည်း စိုးရိမ်ရတယ်။ အိုင်ကအမြင့်ပိုင်းမှာရှိတယ်။ အချိန် မရွေး မြေပြိုနိုင်တယ်။ မြေပြိုရင် အဆိပ်ရည်တွေက လယ်ယာမြေတွေ ချောင်းရေတွေထဲစီးဝင်မယ်။ လူတွေသေကြမယ် ။ အခု လည်း အဲဒီ စီမံကိန်းကြီးတွေကြောင့် မသန့်စင်တဲ့လေကိုရှူနေရလို့ဒေသခံတွေ ရောဂါထူပြောတယ်။ အရင်တွေတုန်းကမဖြစ်စဖူးရောဂါတွေဖြစ်ကြတယ်။ လူစဉ်မမှီတာတွေရှိလာတယ်။”- ဟုလည်း နမ့်မဒေသခံ စိုင်းနွံကပြောသည်။


နမ့်မအုပ်စုအတွင်းသစ်ပင်သစ်တောကြာရှည်တည်တံ့ရေး ဆုတောင်းပွဲသို့ ရပ်နီးရပ်ဝေးမှသံဃာတော်များ၊ လူငယ်ထုနှင့် လယ်သမားများ တက်ရောက် ကြပြီး ဆုတောင်းပွဲအပြီး ညနေပိုင်းတွင် သစ်မာအမျိုးအစား အပင် ၁၀၀ ကျော်စိုက်ပျိုးခဲ့ကြကြောင်းလည်း လှုပ်ရှားမှုတွင်ပါဝင် သည့်လူငယ်များ ကပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates