လားရှိုးမြို့နယ်အတွင်း ရွှေတူးဖော်နေမှုကြောင့် လယ်ယာမြေ ဧကပေါင်း ၁၀၀ ကျော်ပျက်စီးနေမှု အမျိုးသား လွှတ်တော်အမတ် လွှတ်တော်အတွင်းမေးမြန်း



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မုံးပိုင်အုပ်စု ဟိုပိုင်ရွာအတွင်း ကျောက်စိမ်းအားမာန်ကုမ္မဏီမှ ရွှေတူးဖော်နေမှုကြောင့် ဒေသခံတို့၏ လယ်ယာမြေ ဧကပေါင်း ၁၀၀ ကျော်အပြင် စိုက်ပျိုး၍ မရတော့သည့်အတွက် ရွှေမှောင်ခိုတူးဖေါ်နေမှုများ ရပ်တန့်ပေးရန် အမျိုးသားလွှတ်တော်အမတ်က လွှတ်တော်အတွင်း မေးမြန်းသည်ဟုသိရသည်။


လားရှိုးမြို့အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ၊ နမ့်ပေါင်တိုက်နယ်မြောက်ဘက်ရှိ ဟိုပိုင်ရွာတွင် ပုဂ္ဂလိက ကုမဏီတခုက ရွှေနှင့် သတ္တု များကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က တူးဖော်နေခြင်းဖြစ်ကြောင်း လားရှိုးရောက် ဟိုပိုင်ရွာ သားကပြောသည်။


ပြီးခဲ့သည့် သောကြာနေ့ ဂျူလိုင်လ ၂၈ ရက်နေ့က ကျားခေါင်းပါတီ လားရှိုးခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလိုင်းခမ်းက ၄င်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရမှ မည်သို့ဆောင်ရွက်ပေးမည်ကို လွှတ်တော်အစည်း အဝေး တွင် မေးမြန်းခြင်းနှင့်ပတ်သက်ပြီး ဤကဲ့သို့ပြောသည်။


“ ၀န်ကြီးကတော့  ဟိုပိုင်မှာ ရွှေတူးဖော်မရှိဘူးလို့ဖြေကြားပေမယ့်  တကယ်တော့ ရွှေတူးဖော်မှုကရှိနေတုန်းဘဲ။ ရွာသားတွေကဒါကိုအမြန်ရပ်တန့်ပေးစေချင်တယ်။ မဟုတ်ရင် ရွာသားတွေလယ်ယာလုပ်ကိုင်စားသောက်ဖို့မရတော့ဘူး။ ရွှေသတ္တုတူးဖော်မှုကနေလာတဲ့ နှုန်းတွေသဲတွေက လယ်တွေထဲမှာ  ပြည့်နေတယ်လေ။ ” ဟုပြောသည်။


ဟိုပိုင်ရွာအရှေ့မြောက်ဘက်တွင် ကျောက်စိမ်းအားမာန်ကုမဏီမှ ရွှေတူးဖော်ရေးစီမံကိန်းကြောင့် နမ့်ကုန်၊ နမ့်ဟင်ချောင်း များအတွင်း သဲ၊နှုန်းတင်သဖြင့် ချောင်းရေတိမ်ကောခဲ့ရကြောင်း၊ အလားတူ ဟိုပိုင်ရွာဒေသခံ များ၏ လယ်ယာမြေဧက ၁၀၀ ကျော် ပျက်စီးခဲ့ရသည့်အပြင်  ၂၀၁၁ မှ ၂၀၁၆ ခုနှစ် အထိ လုပ်ငန်းခွင်နေရာများ တွင် လက်နက်ကိုင်စောင့်ကြပ်မှု များထားရှိပြီး ရွာသားများအား စစ်ဆေးခြင်း၊ တားမြစ်ခြိမ်း ခြောက်ခြင်း၊ ရွာသားများပိုင် လယ်ယာမြေ များအား ရွှေသတ္တု လုပ်ကွက်တွင် ပါဝင်နေပါသည် ဟု အကြောင်းပြကာ အတင်းအဓမ္မရောင်းချစေ ခြင်း၊ ဈေးနှိမ်၍ဝယ်ယူခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရပါသဖြင့် ကူညီဖြေရှင်း ပေးနိုင်ပါရန် လွှတ်တော် ကိုယ်စားလှယ်ထံ ရွာသားများက တင်ပြတိုင်ကြားလာပါတယ်- အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလိုင်းခမ်းက လွှတ်တော်တွင်တင်ပြခဲ့သည်။


“ဟိုပိုင်ရွာရဲ့ အရှေ့မြောက်ဘက်မှာတူးနေတာ ။ ကျောက်စိမ်းအားမာန်ကုမ္မဏီပေါ့။ ၅ နှစ် ၆ နှစ်ကြာပြီလေ။ ပျက်စီးမှုတွေ လည်းတအားများနေပြီ။ လယ်ယာမြေတွေဧက ၁၀၀ ကျော်တယ်။ သဲတွေနှုန်းတွေဖုံးကုန်တာ ။ ချောင်းရေမြောင်းရေ မစီးနိုင်တော့ဘူး။ နှုန်းတင်ကုန်ပြီလေ၊ရွှေတူးတဲ့နေရာကနေဆင်းလာတဲ့နှုန်းတွေ။ လယ်ယာမြေတွေလည်းတနှစ်ထက် တနှစ်ဆိုးလာတာနဲ့အမျှ ၀မ်းရေးခက်လာတယ်။ဒီအတွက် အစိုးရကဘာမှမပြောဘူးလား။ မေးမြန်းပေးပါလို့ ကျနော်တို့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆီကို တောင်းဆိုရတာပါ” - ဟု ဟိုပိုင်ရွာသား စိုင်းလှ ကပြောသည်။


လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းနှင့်ပတ်သက်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက -  လားရှိုးမြို့နယ်၊ မိုင်းပိုင်ကျေးရွာအုပ်စု၊ ဟိုပိုင်ကျေးရွာမှာ ကျောက်စိမ်းအားမာန်ကုမ္ပဏီ နဲ့ အခြားကုမ္ပဏီများ ကို ရွှေသတ္တုတူးဖော်ထုတ် လုပ်ရန် ခွင့်ပြုမိန့် ထုတ်ပေးထားခြင်း မရှိကြောင်း၊ ဟိုပိုင်ကျေးရွာဒေသဟာ လုံခြုံရေးကန့်သတ် နယ်မြေအဖြစ် ထုတ်ပြန်ထားတဲ့နေရာဒေသမှာ ပါဝင်နေတဲ့အတွက် လုံခြုံရေး အခြေအနေအရ သွားလာရန် အခက်အခဲရှိတဲ့ အတွက် မြေပြင် ကွင်းဆင်းစစ်ဆေးနိုင်ခြင်း မရှိကြောင်း၊  လုံခြုံရေးအခြေအနေအရ ကောင်းမွန်တယ်ဆိုရင် တပ်မတော်သားများ အပါအဝင် သျှမ်းပြည်အစိုးရကနေ  ကော်မတီဖွဲ့ပြီးတော့   အမြန်ဆုံး ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်ပါကြောင်း။ အထူးသဖြင့်   ဆောင်းရာသီ၊ နွေရာသီလောက် ဖြစ်ဖို့များ ကြောင်း ဖြေကြားသွားခဲ့သည်ဟုသိရသည်။


“ခွင့်ပြုချက်မရဘဲ ခိုးတူးနေတာတွေ့ရင် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ က နဲ့ တရားစွဲဆိုသွားမယ် ”- ဟုလည်း ၀န်ကြီးကပြောဆိုသွားသည်။


ထို့အပြင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ပြည်ထောင်စုအစိုးရ၏ ၁၆ ကြိမ်မြောက်အစည်းအဝေးတွင် သတ္တုနှင့်သယံဇာတများ ရေရှည်အကျိုးမျှော်ကိုးပြီး နိုင်ငံသားများအားလုံး သားစဉ်မြေးဆက် ခံစားခွင့်ရရှိရေး အတွက် သတ္တုတူးဖော်ရေးစီမံကိန်းများအားလုံးကို ၂၀၁၆ ခုနှစ် ဂျူလိုင်လ ၂၆ ရက်ကစပြီး ယာယီရပ်ဆိုင်းထားရန် ထုတ်ပြန်ထားကြောင်းနှင့် ထိုသို့ရပ်ဆိုင်းပြီးနောက်ပိုင်း ၂၀၁၆- ၂၀၁၇ ခုနှစ်အတွင်း တာဝန်ရရှိသူများက ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် စစ်ကိုင်းတိုင်း၊ မန်းတလေးတိုင်း၊ ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် တရားမဝင် သတ္တုခိုးတူးမှု ၂၅ ခုကိုဖမ်းဆီးရမိခဲ့ကြောင်းလည်း ၀န်ကြီးကပြောဆိုခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates