သျှမ်းပြည်အလှူရှင်များအဖွဲ့ ရခိုင်ရှိဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးရန် တောင်ကြီးမှ စစ်တွေသို့ ခရီးစတင်



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်း များစုပေါင်းပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော  အကြမ်းဖက် တိုက်ခိုက်မှုမှ ဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးရန်အတွက် တောင်ကြီးမှ စစ်တွေသို့ ခရီးစတင်နေပြီဖြစ်ကြောင်း သိရသည်။


“ရည်ရွယ်ချက်ကတော့ အလှူငွေတွေအားလုံး ဒုက္ခသည်တွေလက်ထဲရောက် အောင်ပို့နိုင် ဖို့ပါ။လောလောဆယ်တော့ သျှမ်းပြည်အလှူရှင်များဆိုတဲ့နာမည်နဲ့ဘဲသွားပါတယ်။” - ဟုလည်း ခရီးစဉ်တွင်လိုက်ပါသူ စိုင်းစိုင်း ကသျှမ်းသံတော်ဆင့်အားပြောပြသည်။


တောင်ကြီးမြို့ပေါ်ရှိ  တရားဥပဒေစိုးမိုးရေးကွန်ရက်၊ သျှမ်းတောင်မော်တော်ယာဉ် အကျိုးဆောင်အသင်း၊ ရခိုင်မိသားစုသာရေးနာရေးအသင်း၊ သျှမ်းပြည်မျိုးဆက်အင်အားစု နှင့် သျှမ်းပြည်နိုင်ငံရေးအဖွဲ့  စုစုပေါင်း ၅ ဖွဲ့ စုပေါင်းပြီး စက်တင်ဘာ ၁၈ ရက်နေ့ ယနေ့ မနက်ပိုင်းက တောင်ကြီးမြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စတင်ထွက်ခွာသွားကြောင်း သိရသည်။


“အဓိကကတော့ တောင်ကြီးမြို့ကို အခြေပြုကောက်ခံတယ်။ နောက် ဟိုပုံးကို တစ်ရက်ခဏသွားတယ်  ကျန်တာကတော့ အဖွဲ့အစည်းအသီးသီးကမိတ်ဆွေတွေ နယ်စုံက  လှူကြပါတယ်၊ လောလောဆယ် စစ်တွေကို ဦးတည်ပြီးသွားမယ် စစ်တွေရောက်မှ ဘူးသီးတောင် မောင်တောဘက်ကို တရားဝင်ခွင့်ပြုချက်နဲ့  ဆက်သွားမှာပါ” ဟု တရားဥပဒေ စိုးမိုးရေကွန်ရက်  ဝင်းနိုင်စိုး ကပြောသည်။


စက်တင်ဘာ ၄ ရက် မှ  ၁၅ ရက်နေ့အထိ အလှူငွေ ကောက်ခံရသည့် ငွေသား ကျပ်သိန်း (၁၅၀) ကျော် နှင့် ထောက်ပံ့ရေး ပစ္စည်း ၁၅ သိန်းကျော် တို့ကို  သွားရောက်ကူညီမည် ဖြစ်ကြောင်း သိရသည်။


“ကျနော်တို့ နိုင်ငံက တိုင်းရင်းသားတွေ ဒုက္ခရောက်နေတာ အဲ့ဒီအတွက် ဝိုင်းဝန်းကူညီ ပေးကြပါလို့ ပြောချင်ပါတယ်” ဟု တရားဥပေဒစိုးမိုးရေးကွန်ရက် ဝင်းနိုင်စိုး ကပြောသည်။


ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်တပ်မတော်ဘက်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ (မိမိကိုယ်ကို ရိုဟင်ဂျာဟုခေါ်ဆိုသည့်) ဘင်္ဂါလီမျိုးနွယ်စု ဒုက္ခသည် ၄ သိန်းကျော် ထွက်ပြေးခိုလှုံနေပါသည်။ ထိုသူများအတွက် ဘင်္ဂလားအစိုးရက နိုင်ငံတကာအဖွဲ့ အစည်းနှင့်ပူးပေါင်းကာ ဒုက္ခသည်စခန်းတည်ဆောက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။


အဆိုပါစစ်ဘေးရှောင်များနှင့်ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ဖိအားပေးရန် နိုင်ငံတကာ တောင်းဆိုမှုများ ထွက်ပေါ်လာပြီး ဘင်္ဂါလီအရေးကို  ကုလသမဂ္ဂ လုံခြုံရေးညီလာခံတွင် ထည့်သွင်းဆွေးနွေးရန် ဗြိတိန် နှင့် ဆွီဒင် တို့က အဆိုပြုခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates