မူစယ် - နမ့်ခမ်းကြား ပေါက်ကွဲမှုတခုဖြစ်ပွား ဒေသခံတဦးသေဆုံး



သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ် - နမ့်ခမ်းကြား ရှိ စယ်လန့်အုပ်စုတွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားကာ ဒေသခံရွာသားတဦးထိမှန်သေဆုံးသည်ဟု သိရှိရသည်။


၂၀၁၇ စက်တင်ဘာလ ၆ ရက် နံနက် ၆ နာရီအချိန်ခန့်တွင် မူစယ်မြို့ အနောက်ဘက်ခြမ်း နမ့်ခမ်းအသွားလမ်း မူစယ်မြို့နယ် စယ်လန့်အုပ်စုဝင် မန့်ကန်ရွာတွင်  ပေါက်ကွဲမှုတခု ဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှုကြောင့် ဒေသခံရွာသား စိုင်းယီ ဆိုသူ ထိမှန်သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကာ မူစယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွား သည်ဟုဆိုသည်။


“မန့်ကန်(လွယ်)ရွာလယ်ဇရပ်နား သစ်ပင်ကြီးအောက်က သစ်ကိုင်းခြောက်တွေပုံထားတဲ့ နေရာမှာ မိုင်း ပေါက်ကွဲခဲ့တာ။  ဇရပ်နားက အသုဘအိမ်မှာလာကူတဲ့ အသက် ၄၀ ကျော် နမ့်စန့်ရွာသား စိုင်းယီ က သစ်ကိုင်းခြောက် တွေကိုသွားရှင်းလင်းရာမှာ မိုင်းထိမှန်လို့ ဆေးရုံအပို့လမ်းမှာသေဆုံးသွားတာ။ နေအိမ်တွေ ဘာတွေတော့ပျက်စီးမှုမရှိပါဘူး ” - ဟု သေဆုံးသူနှင့်နီးစပ်သည့် ရွာသား စိုင်းအောင်က ပြောပါသည်။


ပေါက်ကွဲမှုဖြစ်ပွါးသည့်နေရာ တာဝန်ရှိပုဂ္ဂိုလ်များလာရောက်စစ်ဆေးရာတွင်  လက်လုပ်မိုင်းအမျိုးအစား မှန်းသိရပြီး၊ ထပ်မံစစ်ဆေးရာတွင် မန့်ကန်ရွာနှင့် နမ့်ကတ်ရွာကြား၌မပေါက်ကွဲသေးသော အလားတူ လက်လုပ်မိုင်း ၂ လုံးထပ်မံ တွေ့ရှိ ကြောင်း၊ လက်သည်ကိုမူမသိရသေးကြောင်း အုပ်စုအုပ်ချုပ် ရေးမှူးကလည်း သျှမ်းသံတော်ဆင့်အား ပြောပါသည်။


ပေါက်ကွဲမှုဖြစ်ပွါးသည့်ရွာတွင် အစိုးရတပ်မတော်စစ်ကြောင်းများမကြာခဏ   ဖြတ်သန်းသွားလာလှုပ်ရှား လေ့ရှိကြောင်း၊ ရွာသူရွာသားအများစုလည်း ၁၉၉၂ ခု က နေရပ်ပြောင်းရွှေ့အခြေချ နေထိုင်သည့် ပလောင်(တအာင်း) တိုင်းရင်းသားအများစုဖြစ်ကြောင်း ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates