ပဲခူးတိုင်း(အရှေ့ပိုင်း)မှလဝကဝန်ထမ်းများ၏ဒုက္ခများ
သို့-သျှမ်းသံတော်ဆင့်
ပဲခူးတိုင်း(အရှေ့ပိုင်း)မှ လဝကမြို့နယ်မှူးများရဲ့ ဒုက္ခတွေကို ဒီနေရာကနေတဆင့် တာဝန်ရှိသူလူကြီးတွေ သိစေလိုပါတယ်။ ကျွန်တော်တို့ မြို့နယ်တွေမှာ ဘင်္ဂါလီလူမျိုးတွေကို ထုတ်ပေးခဲ့တဲ့ ကတ်ပြားတွေကို ပြန်လည် စိစစ်ဖို့ ဆောင်ရွက်နေပါ တယ်။ အဲဒီလို ဆောင်ရွက်ရာမှာ သတ်မှတ်ပုံစံတွေမှာ မိဘ၊ ဘိုးဘွား အထောက် အထားတွေ စုံလင်အောင် ရေးသွင်းပြီး တိုင်းရုံးဆီ အပတ်စဉ် တင်ပြရပါတယ်။
ပထမဆုံး တင်ပြတဲ့ အပတ်မှာ အထောက်အထား စုံစုံလင်လင် မတင်တာကြောင့် တိုင်းဦးစီးမှူးက မြို့နယ်မှူး တွေကို တိုင်းရုံးမှာခေါ်ပြီး ဆဲပါတယ်။ ကျနော်တို့က ရုံးလက်ခံတွေ ပျောက်ဆုံးနေပါတာကြောင့် စုံလင်အောင် ရေးဖို့ အခက်အခဲ ရှိတယ်လို့ တိုင်းဦးစီးမှူးထံ တင်ပြပါတယ်။ တိုင်းဦးစီးမှူးက အထောက်အထား ရှာမတွေ့ရင် သံသယ စာရင်းထဲထည့်လို့ ပြောခဲ့ပါတယ်။
တကယ်တမ်း တင်ပြတဲ့အခါ သံသယများ များနေရင် သူ့ကို ရုံးချုပ်က ဆဲလိမ့်မယ်လို့ပြောပြီး သံသယရှိ သူတွေ ကို မတင် ခိုင်းတော့ဘဲ သံသယတင်တဲ့ မြို့နယ်မှူးတွေကို ပဲခူးကိုခေါ်တယ်။ သူကတော့ ရုံးချိန်မှာ အပြင်ထွက် ပြီး ဂေါက်ရိုက်တယ်။ ကျွန်တော်တို့ကတော့ တနေကုန် ထိုင်စောင့်ရတယ်။
ကျနော်တို့နဲ့တွေ့တော့ အထောက်အထား မရှိတဲ့သူတွေကို မြို့နယ်မှူးတွေ အစီအစဉ်နဲ့ ရအောင်လုပ်။ လိုချင် တာက ၁၅ဘဲ။ ၁၀ နဲ့ ၅ ပေါင်းပေါင်း၊ ရ နဲ့ ၈ ဘဲပေါင်းပေါင်း ဘယ်လိုဖြစ်ဖြစ် ဖြစ်အောင်လုပ်လို့ ပြောလာပါ တယ်။ အထောက် အထား ရှာလို့မရရင် ကိုယ့်ဘာသာ အဆင်ပြေသလိုထည့်။ အားလုံးအရည်အချင်း ကိုက်ညီ တဲ့သူတွေဘဲ ဖြစ်အောင် လုပ်ဆိုပြီး လွယ်လွယ်ပြောလွတ်လိုက်ပါတယ်။
သူကပြောတော့တာလွယ်တာ။ မြေပြင်မှာ လုပ်ရတာအဆင်မပြေဘူး။ တချို့တွေဆို ရုံးလက်ခံမှာ ဘာမှမပါ ဘူး။ မြေပြင် မှာလည်း လူရှာလို့မရဘူး။ ကိုယ့်ဟာကိုယ် ရမ်းထည့်ဆိုရအောင်ကလည်း ထည့်ပြီး တချိန်ချိန် ပြဿနာတက်ရင် ကျွန်တော် တို့ဘဲ ခံရမှာ။ တိုင်းဦးစီးမှူးကတော့ သူမသိဘူး။ မြို့နယ်မှူးတွေ တင်ပြတာဘဲဆို ပြီး တာဝန်ယူမှာ မဟုတ်ပါဘူး။
လဝကက ပြဿနာဖြစ်ရင်ချက်ချင်းဖြစ်တာမဟုတ်ဘူး နောက်ကြောင်းပြန်ဖြစ်တာ။ တိုင်းဦးစီးက တပ်ကလာပြီး ဘာမှ လည်းမတတ်ဘူး ပြောလည်းလက်မခံဘူး ကျွန်တော်တို့မှာ ဒုက္ခရောက်နေပါပြီ။ သူများပြည်နယ်တိုင်း တွေမှာလည်း ဒီလိုသံသယတွေရှိတာဘဲ လူတိုင်းအမှားဆိုတာရှိတာဘဲ လူကြီးတွေက မှားနေတာတွေကို ဆက်မမှားအောင် လုပ်တာ လို့ထင်ပါတယ်။ လက်တွေ့မှာကတော့ မရသင့်တဲ့သူကို မဖော်ထုတ်တဲ့အပြင် ဆက်ပြီးလိမ်ခိုင်းနေသလိုဖြစ်နေပါတယ်။
ရှေ့ကလုပ်သွားတဲ့သူတွေကို ပြဿနာရှာချင်လို့မဟုတ်ပေမယ့် မရသင့်တဲ့သူကိုပေးမိရင်တော့ အားလုံးမှာ တာဝန်ရှိ သွားပါပြီ။ သူက တပ်ကလာတော့ ဒါတွေမသိပါဘူး သူရာထူးတည်မြဲရေး၊ လူကြီးတွေ အဆဲမခံရရေးကိုဘဲ ခေါင်းထဲ ထည့်တယ်။ ၀န်ထမ်းတွေရဲ့ ဒုက္ခကိုတော့ နားမလည်တဲ့တိုင်းဦးစီးမှူးကို ဝိုင်းထိန်းသိမ်းပေးဖို့ အကူအညီတောင်းခံ အပ်ပါတယ်။
ဝန်ထမ်းများ
Tags: Letter to Editor