မယ့်ဟောင်ဆောင် - ဟိုမိန်း နယ်စပ်ဈေးဖွင့် အာဆီယံကွန်မြူနတီအတွက်ဟု ထိုင်းခရိုင်မှူးပြော



တလ သုံးကြိမ်ခင်းမည့် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ နှင့် ထိုင်းနိုင်ငံမယ် ဟောင်ဆောင်မြို့အကြား နှစ်နိုင်ငံဒေသထွက်ကုန်များ ဖလှယ်ရောင်းချရန် တလတ်နတ် ခေါ် အလှည့်ကျဈေး ဖွင့်ပွဲ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

nang_na-lue-moon  မယ့်ဟောင့်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နရ်ုမွန်း ပန်ဝါ့တ်

“ မယ့်ဟောင့်ဆောင်ခရိုင် ဟွေ့ဖင့် ရွာမှာပါ။ ဒီလ ၁၈ ရက်နေ့က ဖွင့်ပွဲလုပ်တာ။  ရွာနဲ့ တစ်ကီလိုမီတာ အကွာမှာရှိတဲ့ လောင့်ဟိုင့်ဈေးမှာ လုပ်တယ်လေ။ ကတ်နတ် (တလတ်နတ်)လို့ခေါ်တဲ့ ရက်ချိန်းဈေး ပေါ့။ ထိုင်းနိုင်ငံ အနောက်ဖက်ခြမ်းမှာရှိတဲ့ ဒုတိယ နယ်စပ်ဈေးဖြစ်အောင်လုပ်သွားမယ်။ အာဆီယံ ကွန်မြူနတီ အတွက် ပြင်ဆင်ထားတဲ့သဘောလို့  ဖွင့်ပွဲတုန်းက ခရိုင်အုပ်ချုပ်ရေးမှူးက ပြောတာ” - ဟု ဖွင့်ပွဲသို့ သျှမ်းသီချင်း ထိုင်းသီချင်းများသွားရောက်ဖျော်ဖြေခဲ့သည့် အဆိုတော်စိုင်းလွမ့်ဝန်းက သျှမ်း သံတော်ဆင့်အားက ပြောပြသည်။

အဆိုပါ နှစ်နိုင်ငံ နယ်စပ်ဈေးကြီးအား တလလျင် ၃ ကြိမ်ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်စည် များ လွတ်လပ်စွာရောင်းချနိုင်သည့်နေရာဖြစ်လာနိုင်ကြောင်း မယ့်ဟောင့်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်နရ်ုမွန်း ပန်ဝါ့တ် က ပြောသည်ဟုဆိုပါသည်။

“လာမယ့်နိုဝင်ဘာလ ၁ ရက်၊ ၈ ရက်နဲ့ ၁၅ ရက် ၃ ကြိမ်ထပ်ဖွင့်မယ်လို့ သူတို့ကြေငြာထားတယ်။ ဖွင့်ပွဲ တုန်းကဆိုရင် သျှမ်းပြည်ဘက်က ဟိုမိန်းမြို့နယ်၊ လင်းခေး၊ မိုင်းပန်၊ မိုးနဲမြို့နယ်က ကုန်သည်တွေ လာကြတယ်။ ရောင်းကြဝယ်ကြနဲ့ စည်ကားနေတာဘဲ။ ဒီလိုမျိုး ဈေးက ပိတ်ထားကြတာ ကြာပြီလေ။ ခုမှပြန်ဖွင့်တယ်ဆိုတော့ ကုန်သည်တွေက ဝမ်းသာကြတယ်” ဟု မယ်ဟောင်ဆောင်ရောက် လင်းခေး ဒေသခံတဦးက ပြောပါသည်။

အဆိုပါဈေးဖွင့်ပွဲသို့ ထိုင်းနိုင်ငံ ဌာနဆိုင်ရာအာဏာပိုင်များအပြင် မြန်မာနိုင်ငံဘက်မှ အာဏာပိုင်တချို့ နှင့် ဟိုမိန်းပြည်သူ့စစ်ဘက်မှ SSS အဖွဲ့ခေါင်းဆောင် စိုင်းနု၏လက်ထောက် နှင့် အဖွဲ့တို့တက်ရောက် ခဲ့သည်ဟုဆိုပါသည်။

ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်းမိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ရှိ ဘီဖီဝမ်း နယ် စပ် အမှတ် ၁ ဂိတ် အနီးဈေးနှင့် သျှမ်းပြည်တောင်ပိုင်း ဟိုမိန်း - မယ့်ဟောင့်ဆောင် (တပတ်တခါဈေး တွေအပြင်) နှစ်နိုင်ငံကြားနယ်စပ်ဂိတ်အားလည်း တရားဝင်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိနေကြောင်း ထိုင်းအာဏာ ပိုင်နှင့် နီးစပ်သူ သျှမ်းကုန်သည်တဦးကပြောပြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates