မြန်မာနိုင်ငံသား ပြည်သူ့စစ်ခေါင်းဆောင်အားဖမ်းရန် ထိုင်းမူးယစ်နှိမ်နင်းရဲတပ်ဖွဲ့ကဆုငွေဘတ် ၂ သန်းထိတိုး
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေးအား မူးယစ်ဆေးဝါးမှုဖြင့် ထိုင်းမူးယစ် နှိမ်နှင်းရေးတပ်ဖွဲ့မှ ဘတ်ငွေ ၂ သန်းတိုးကာ ဖမ်းဝရမ်း ထုတ်ထားကြောင်း ထိုင်း ASTV သတင်းက ဖော်ပြထားသည်။
ဦးယီ့ဆေး
ဦးယီ့ဆေးအဖွဲ့ဝင်၏ အဆက်များဟု သတင်းရထားသော ထိုင်းယာဉ်ထိန်းရဲတဦးအား ဖမ်းမိပြီးနောက် ယီ့ဆေးအား ဘတ်ငွေ ၁ သန်းမှ ၂ သန်းအထိတိုးမြင့်ကာ ဖမ်းမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုပါသည်။
ယာဉ်ထိန်းရဲ မာနတ် ဆေဖိုး (အသက် ၄၂ နှစ်) အား ထိုင်းနိုင်ငံအတွင်း ယာဘအပြားပေါင်း ၁ သန်း ၂ သိန်းကျော်နှင့် အိုက်စ် ၅ ကီလိုဂရမ် သယ်ဆောင်မှု၌ပါဝင်သူတဦးအဖြစ် ယခုလ ၂၅ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းမြို့နယ် မူးယစ်နှိမ်နင်းရဲ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည်။
အဆိုပါယာဉ်ထိန်းရဲ၏ထွက်ဆိုချက်ကြောင့် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု သယ်ယူပို့ဆောင်မှု၌ သတင်းရထားသူ ထိုင်းနိုင်ငံသား ၉ ဦးကိုလည်း ထပ်မံဖမ်းမိန့်ထုတ်လိုက်ကြောင်း ထိုင်းရုပ်မြင်သံကြားသတင်းများ၌လည်းဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်းဝင်၍ ဦးယီ့ဆေးအား လိုက်လံဖမ်းဆီးရန် ထိုင်းအစိုးရ၏ မူးယစ်ဌာနက မြန်မာအာဏာပိုင်များထံ ခွင့်ပန်စာ ပေးပို့ထားသည်ဟုလည်း အဆိုပါ ASTV သတင်းက ဖော်ပြထား၏။
ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ်လည်းဖြစ် မူးယစ်ဆေးနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သော ဗိုလ်ချုပ်ကြီး ချလိန် ယူဘမ်း ရုန်းက ဧပြီလ ၂၀ ရက်နေ့ က အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာ စိုင်းနော်ခမ်းအား ဘတ်ငွေ ၂ သန်းဖြင့် လည်းကောင်း၊ ကလိုထူးဘော DKBA ခေါင်းဆောင် ဗိုလ်ချုပ် နှုတ်ခမ်းမွှေးနှင့် တာချီလိတ်မြို့ နမ့်ပုံ ပြည်သူ့စစ်ခေါင်း ဆောင် ဦးယီဆေးအား ဘတ်ငွေ တသန်းစီ ဖြင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။
Tags: Drug, News