နှစ်ဘက် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးရန် KIO နှင့်အစိုးရ သဘောတူ



ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jin Cheng) ဟော်တည်၌ ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ နှစ်ဘက်တွေ့ဆုံဆွေးနွေးပြီးနောက် အမြန်ဆုံး နိုင်ငံရေး ဆက်လက် ဆွေးနွေးသွားရန် သဘောတူညီခဲ့သည် ။

kio-gov                                     KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

နှစ်ဘက်ကိုယ်စားလှယ်များ နံနက် ၉ နာရီမှ နေ့လည် ၁၁ ခွဲခန့်အထိ ပထမပိုင်းတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီခွဲခန့်မှ မွန်းလွဲ ၂ နာရီခန့်အထိ နောက်တစ်ကြိမ် တွေ့ဆုံကာ ဆွေးနွေးပွဲရုပ်သိမ်းလိုက်ပြီး နှစ်ဘက် ကိုယ်စားလှယ်များက နိုင်ငံရေး ဆွေးနွေးရန်သဘောတူညီမှုရရှိကြောင်း သတင်းထောက်များကို ပြောကြားခြင်း ဖြစ်သည် ။

“နိုင်ငံရေးဆွေးနွေးဖို့အတွက် အခိုင်အမာပဲ ဦးအောင်မင်းအနေနဲ့ သဘောတူလိုက်ပါတယ်။ နောက်တွေ့တဲ့အခါ အမြန်ဆုံး တွေ့နိုင်ဖို့လည်း ကျနော်တို့ကြိုးစားသွားမယ် ” ဟု KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးဂျီးနောင်က ပြောသည် ။

အစိုးရကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းကလည်း “နိုင်ငံရေးဆွေးဆွေးပွဲဆက်လုပ်ဖို့ သဘောတူညီချက်က အဓိ က အချက်ပါပဲ။ ကျနော်တို့တောင်းဆိုတာတော့ ပြည်တွင်းမှာလုပ်မယ် တစ်လအတွင်းမှာလုပ်မယ် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တာနဲ့ စစ်ရေးအရှိန်ကလည်း လျှော့သွားမှာပေါ့။ မတွေ့ရင်သာ နားလည်မှုလွဲပြီး ဒီလိုဖြစ်တာကိုး။ မကြာမကြာ တွေ့ပြီ ဆိုရင်တော့ အလိုလိုလျှော့သွားမှာပေါ့ ” ဟု ဆိုသည် ။

ယခင်ဆွေးနွေးပွဲများတွင် KIO ဘက်မှ အစိုးရဘက်သို့ တင်ပြထားသော ပြဿနာဖြစ်ပွားနိုင်သည့် ဒေသများ၌ နှစ်ဘက် တပ်များ ရုပ်သိမ်းရေးကိစ္စအား ယနေ့ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးမည်ဟု ခန့်မှန်း ပြောဆိုမှုရှိ သော်လည်း ယနေ့ဆွေး နွေးပွဲတွင် စစ်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးနိုင်ခြင်း မရှိပေ ။

အစိုးရဘက်မှ ဦးအောင်မင်းဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးခန့်ပါအဖွဲ့နှင့်   ကေအိုင်အို အဆင့်မြင့်ဗဟိုကော်မတီဝင် ဦးဆွန် လွတ်ဂမ် ဦးဆောင်သည့် ရ ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် အရေးပါသည့် နှစ်ဘက် စစ်ဘက်ခေါင်းဆောင်များ တက်ရောက်ခြင်း မရှိသည့် အပေါ် ဦးဂျီးနောင်က ယခုလို ပြောသည် ။

“ပထမတော့ အစိုးရဘက်က ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးတက်မယ်လို့ ပြောတယ်။ ကျနော်တို့ဘက်က ဗိုလ်ချုပ် ဂွမ်မော်လာ
မတက်နိုင်တဲ့ အတွက် ကစထမှူးလည်းလာမတက်ဘူး။ သျှမ်းပြည် (မြောက်ပိုင်း) မှာ ရှိတဲ့ ကျနော်တို့ရဲ့ တပ်ရင်း ၉ ကို မနေ့ကနေ ဒီကနေ့အထိ သျှမ်းပြည်မှာရှိတဲ့ အစိုးရတပ်တွေကတိုက်နေပါတယ်။ ဒါကြောင့် သူဒီ အစည်း အဝေးကို လာမတက်နိုင်တာပါ ” ဟု ဆိုသည် ။

နိုင်ငံရေးပြဿနာမဖြေရှင်းပဲ  ယာယီ အပစ်အခတ်ရပ်ထားခြင်းမှာ နှစ်ဘက်တပ်များ အင်အားတိုးချဲ့ပြင်ဆင်မှုရရန် အချိန် ယူရုံမျှသာ ဖြစ်ပြီး နိုင်ငံရေးအရ အကျိုးမရှိကြောင်း KIO ကိုယ်စားလှယ် ဦးဂျီးနောင်က သုံးသပ်ပြောဆိုသည် ။

လက်ရှိအခြေအနေတွင်လည်း KIO ဋ္ဌာနချုပ်လိုင်ဇာအနီးတွင် အစိုးရနှင့်ကေအိုင်အိုတပ်များ လက်နက်ကြီးများဖြင့် အပြန် အလှန်ပစ်ခတ်နေကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates