သျှမ်းပြည်တွင်း မဲရုံပေါင်း သုံးထောင်ကျော်အတွက် အထူးရဲများကို သင်တန်းပို့ချနေ
ရွေးကောက်ပွဲကာလအတွင်း သျှမ်းပြည်နယ် အတွင်းရှိမဲရုံများတွင် လုံခြုံရေးတာဝန် ခန့်အပ်ထားသည့် အထူးရဲများကို အောက်တိုဘာလ (၂၀) ရက်နေ့မှ (၃၀) ရက်နေ့ အထိသင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည် ။
သျှမ်းပြည်နယ် တစ်ခုလုံးအတွင်း မဲရုံပေါင်း (၃၄၃၄) ရုံထားရှိမည်ဖြစ်ပြီး ယင်းမဲရုံများအတွက် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် အထူးရဲ (၃၄၃၄) ဦးကိုခန့်အပ်ထားရှိပြီးဖြစ်ကြောင်း ၊ အထူးရဲများကိုပြစ်မှုအမျိုးအစား နှင့် ပြစ်မှုဆိုင်ရာဥပဒေ ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၊ ရဲလက်စွဲ ၊ လူ့အခွင့် အရေးနှင့် မီဒီယာကျင့်ဝတ်ရဲကျင့်ဝတ် ၊ ပြည်သူလူထုပါဝင်သော ရဲလုပ်ငန်းစနစ် နှင့် လုပ်ငန်းတာဝန် (၁၂) ချက် ၊ ဘာသာရပ် (၁၁) ခုတို့ကို သင်ကြားပို့ချပေးလျှက်ရှိကြောင်း ဆက်လက်သိရှိရသည် ။
“ ကျနော်တို့မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကနေပြီးတော့ သျှမ်းပြည်နယ်တောင်ပိုင်း ၊ သျှမ်းပြည်နယ်မြောက်ပိုင်း ၊ သျှမ်းပြည်နယ်အရှေ့ပိုင်း ၊ သတ်မှတ်ထားတဲ့ရွေးကောက်ပွဲနယ်မြေရှိတယ် ။ အဲဒီစီမံချက်လဲ ကျနော်တို့ဆွဲထားတာရှိတယ် ။ နိုဝင်ဘာ ၈ ရှမ်းပြည်တပြည်လုံးမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အလို ၂ ရက် ကနေစပြီး လိုအပ်တဲ့ စောင့်ရှောက်မှုတွေ စနစ်တကျ ပြင်ဆင်ထားတယ် ။”- တောင်ကြီးခရိုင် ဒုရဲမှူးကြီးစိုင်းဆိုင်ဝမ်းက တောင်ကြီးမြို့တွင်ကျင်းပသော သျှမ်းသံတော်ဆင့်၏ ရွေးကောက်ပွဲနှင့် လုံခြုံရေး ဒီဘိတ်တွင် ပြောကြားသွားသည် ။
ရွေးကောက်ပွဲကာလအတွင်း လုံခြုံ ရေးတာဝန်ထမ်းဆောင်ရန် သျှမ်းပြည်နယ် ၌ခန့်အပ်ထားသော အထူးရဲများ မှန်ကန်မှုမရှိလျှင် ၊ စည်းကမ်းချိုးဖောက်လျှင် အမြဲတမ်းရဲဝန်ထမ်း များကဲ့သို့ အပစ်ပေးအရေးယူ မှုများဆောင် ရွက်မည်ဖြစ်ကြောင်း အောက်တိုဘာလ (၇) ရက်နေ့ကအထူးရဲခန့်အပ်ခြင်း နှင့် ပတ်သက်၍ သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှုး ၊ ရဲမှုးကြီးအောင်အောင်က ပြောကြားခဲ့ဖူးသည် ။
အထူးရဲများကို ရွေးကောက်ပွဲကာလ ဖြစ်သည့် အောက်တိုဘာ လလယ်မှ နိုဝင်ဘာလလယ်အထိတစ်လ ခန့်အပ်မည်ဖြစ်ပြီး ပြည်ထဲရေးဘတ်ဂျက်နှင့် အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးလျှင်အခြေခံလစာအဖြစ် ကျပ် တစ်သိန်း နှစ်သောင်းနှင့် နေ့တွက်စားစရိတ် တစ်နေ့ကျပ်တစ်ထောင် ခံစားခွင့်ရရှိမည်ဖြစ်သည် ။
သျှမ်းပြည်နယ် အထူးရဲတွင်ပါဝင်သူများမှာ သာမန်အရပ်သားများ ၊ အရံမီးသတ်တပ်ဖွဲ့များ ၊ ကြက်ခြေနီ အဖွဲ့များ နှင့် ပြည်သူ့စစ်များ ပါဝင်လျှက်ရှိကြောင်း သိရှိရသည် ။
Tags: General, News