ကျားခေါင်းပါတီ လူထုတွေ့ဆုံပွဲ နမ့်ခမ်းဒေသခံ ထောင်ချီတက်ရောက်
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီက ရုံးဖွင့်ပွဲနှင့် လူထုတွေ့ဆုံပွဲကျင်းပရာ ဒေသခံထောင်ချီ တက်ရောက်နားထောင် အားပေးခဲ့ကြောင်း သိရှိရသည် ။
“ ဒီလိုထောင်ချီတက်ရောက်တာဟာ လူထုက ကျားခေါင်းပါတီကို သဘောပေါက် နားလည်လာတာကြောင့်ပါ ။ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာတာကြောင့် ကျားခေါင်းပါတီက ရွေးကောက်ပွဲဝင်မယ် ။ အဲဒီအတွက် စည်းရုံးရေးတွေဆင်းတယ် ။ တဖက်ကလည်း ကျားခေါင်းပါတီရဲ့အကြောင်းကို Social Media တွေမှာ ဖတ်ရ ၊ ကြည့်ရတော့ လူထုက သဘောပေါက်လာကြတယ် ” ဟု SNLD လားရှိုးခရိုင် အမျိုးသားလွှတ်တော်အမတ် လောင်း စိုင်းဝမ်းလျဲန်းခမ်းက ပြောပါ သည် ။
အောက်တိုဘာလ ၂၁ ရက်၌ ကျားခေါင်းပါတီ SNLD က နမ့်ခမ်းမြို့တွင် ရုံးဖွင့်ပွဲနှင့်လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ ရာ ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးကိုယ်တိုင် တက်ရောက်ခဲ့သည် ။ ရုံးဖွင့်ပွဲအပြီး နမ့်ခမ်းမြို့လယ်ရှိ ပန်ပွဲကွင်း၌ လူထုနှင့် တွေ့ဆုံရာ နမ့်ခမ်းသျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များ ၊ နမ့်ခမ်းလူငယ်နှင့်ဒေသခံ ၂၀၀၀ ကျော် တက် ရောက်ခဲ့သည် ။
“ လူထုတွေ့ဆုံပွဲမှာတော့ ခွန်ထွန်းဦးက တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးတာ ဘာကြောင့် မပါဝင်တာလဲ ဆိုတဲ့အကြောင်း ရှင်းပြတယ် ။ အဖွဲ့တိုင်းပါဝင်လက်မှတ်ထိုးမှ ပါဝင်မယ်လို့ ကျားခေါင်းပါတီမှာ ပေါ်လစီရှိတယ် ။ အခုက အားလုံး ပါဝင်လက်မှတ်မထိုးဘူး ။ နောက် တိုက်ပွဲတွေလည်း မရပ်သေးဘူး။ ဆက်ဖြစ် နေသေးတယ် ။ ဒါကြောင့် မပါဝင်တာလို့ ရှင်းပြတယ် ”… လို့ စိုင်းဝမ်းလျဲန်းခမ်းက ပြောပါသည် ။
နမ့်ခမ်းကျားခေါင်းပါတီ အကြီးအကဲကလည်း လူထုထောင်ချီတက်ရောက်မည်ဟု မထင်မှတ်ကြောင်း ၊ ယခုကဲ့သို့ လာရောက်ကြိုဆိုသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ၊ ရှေ့ဆက်လည်း မကြောက် ၊ မရှက်ဘဲ ရဲရဲဝံ့ဝံ့ ကြိုဆို ၊ နှုတ်ဆက် ၊ ပြောဆိုစေလိုကြောင်း ဆို၏ ။
“ ပြည်သူတွေကတော့ ကျားခေါင်းကို လက်ခံကြပါတယ် ။ ခွန်ထွန်းဦး ဆင်းလာတော့ လူထုက ၀မ်းမြောက် ၀မ်းသာနဲ့ ကြိုဆိုကြပါတယ် ။ သိန္နီ ၊ ကျောက်မဲ … ဘယ်နေရာမဆို အားလုံးအတူတူပါဘဲ ။ ကောလ ဟာလတွေကို ယုံနေရင်တော့ မထူးဘူး ။ တကယ်တမ်း လာကြည့်မှ သိရတယ် ” လို့ စိုင်းဝမ်းလျဲန်းခမ်း က ပြောပါသည် ။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်သည် ကျားခေါင်းပါတီထက် ကျားဖြူပါတီအား ပိုမိုထောက်ခံသည့်မြို့ တမြို့ဖြစ်သည်ဟု လူသိများပါသည် ။
Tags: News, politic