လဲချားဗုံးကွဲမှု ကလေး နှစ်ယောက်သေဆုံး လက်လုပ်ဒိုင်းနမိုက်မိုင်းဖြစ်နိုင်
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် လဲချားမြို့နယ်တွင် အားပြင်းသည့် ဗုံးကွဲမှု တခုဖြစ်ပွားရာ ကလေး နှစ်ယောက် ပွဲချင်းပြီး သေဆုံး သည်ဟု သိရသည် ။
နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီ ခွဲ ခန့်က လဲချားမြို့ အရှေ့ဘက် မတ်လန်း ကျေးရွာ နေ အဖ ဦးညီညီ အမိ ဒေါ်နန်းကြိုင် တို့၏ သမီး အသက် ၁၃ နှစ်အရွယ် မရွှေရင်ဦး နှင့် အသက် ၈ နှစ် အရွယ် မစမ်းစမ်းဦး တို့ညီအမ ဘက်ထရီအိုးသဏ္ဌန်ရှိ အရာဝတ္ထု ပစ္စည်းတခု ကောက်ယူလာကာ ဆော့ကစားရင်းပေါက်ကွဲရာမှ နှစ်ဦးစလုံးနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သိရသည် ။
“ ရဲအရာရှိဘက်ကတော့ ဒါလက်လုပ် ဒိုင်းနမိုက် မိုင်းအမျိုးအစားဘဲလို့ ပြောတယ် ။ အသေးစိတ်ကိုတော့ ဆက်လက် စစ်ဆေးနေ တဲ့ ။ သေဆုံးသွားတဲ့ ကလေး ၂ ယောက် လုံး အလောင်းကိုလဲ မနေ့ကတည်း က အဲဒီ့အနားမှာဘဲ မီးသင်္ဂြိုလ်လိုက်တယ် ” - ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ ရွေးကောက် ပွဲ အနိုင်ရအမတ် လဲချားမြို့ ကျားခေါင်းပါတီ ဥက္ကဌ စိုင်းမွန်းက ပြောသည် ။
အဆိုပါညီအမမှာ ပြင်းထန်သောမိုင်းပေါက်ကွဲမှုကြောင့် တစစီပြတ်ထွက် သေဆုံးခဲ့ရ ကြောင်းလည်း သိရသည် ။
ဦးညီညီ နှင့် ဒေါ်နန်းကြိုင် တို့သည် မိသားစု ဝမ်းရေးအတွက် မတ်လန်းတံတား အထက်ပိုင်း နမ့်တိန်းချောင်းဘေးတွင် တဲထိုးကာ သဲစုပ်ရောင်းကြသည်ဟု ဆိုသည် ။
လဲချားမြို့တွင် အောက်တိုဘာ ၁၈ ရက်ကလည်း သျှမ်းအမျိုးသား သမိုင်းပညာရှင် ဒေါက်တာစိုင်းဆန်အိုက် ၊ ကာတွန်း နှင့် စာရေးဆရာ ဒေါက်တာစိုင်းစံဖေ ၊ စာပေ ပညာ ရှင် ဆရာကြီး စိုင်းဖှ နှင့် ဆရာစိုင်းဖုန်းခေါင် တို့ စာပေဟောပြောပွဲ ပြုလုပ်စဉ်ကလည်း ထိုကဲ့သို့ ပေါက်ကွဲမှုများဖြစ်ပွား ခဲ့ပါသေးသည် ။ သို့သော် ထိုစဉ်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ သေဆုံးသူ မရှိပေ ။
Tags: Crime, News