ဂျက်လေယာဉ်သုံး တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး အာမခံမရှိတော့ဘူးဟု SSPP/SSA ပြော
သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ကျေးသီး နယ်အတွင်း “ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်အား မြန်မာ့တပ်မတော်မှ ဂျက်လေယာဉ် အကြိမ်ကြိမ် အသုံးပြုကာ တိုက်ခိုက်မှုကြောင့် ပြည်ထောင်စုအဆင့် တည်ဆောက်ထားသည့် ငြိမ်းချမ်းရေး အာမခံချက်မရှိတော့ဘူး” ဟု ပြောရေးဆိုခွင့် က ပြောသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် နှင့် ဌာနချုပ် လုံခြုံရေးတပ်စခန်းများအား ယနေ့ နိုဝင် ဘာ ၁၄ ရက်နေ့ တွင် အစိုးရတပ်မတော်မှ ရုရှားလုပ် MIG 29 ဂျက်တိုက် လေယာဉ် ၃ စီးဖြင့် တိုက်ခိုက် နှစ်ကြိမ်တိုက်ခိုက်ကြောင်း ၊ အောက်တိုဘာ ၆ ရက်နေ့မှစ၍ ယနေ့အထိ ရုရှားလုပ် MI 35 ဖြင့် ၅ ကြိမ် တိုက်ခိုက်ကြောင်း ၊ အများအားဖြင့်လူနေရပ်ရွာအား အဓိကထားပစ်ခတ်တိုက်ခိုက်သဖြင့် လူထုကြောက် လှန့်ကြကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းဆု ကပြောသည် ။
“ လူထုကြောက်လှန့်အောင် အစိုးရတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ခြောက်လှန့်တယ် ။ ဒါက ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့ ကျနော်တို့ တပ်မတော် အနေနဲ့ ဒီငြိမ်းချမ်းရေးက အာမခံ မရရှိတော့ဘူး ။ လူထုကို အဓိက ထားပစ်ခတ်ခြောက်လှန့်တယ် ။ အခု စစ်ဘေး ဒုက္ခသည်က ကျနော် တို့ထိန်းချုပ်တဲ့ နယ်မြေအတွင်း လူဦးရေ စာရင်း အရတသောင်းကျော်က နေရပ်ကနေ စွန့်ခွာ နေရပြီ ။ ဒီနေ့လဲ ကျနော်တို့ တပ်စခန်းနဲ့ ဝမ့်ဆော့ရွာကို ပစ်ခတ်တိုက်ခိုက်တယ် ။ ဒုက္ခသည် ထောင် ဂဏန်းက တခြားကို ရှောင်တိမ်းထားလို့ပေါ့ ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၂၀၁၂ ခုနှစ်က သျှမ်းပြည် မြို့တော် တောင်ကြီး၌ နေပြည် တော်အစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆို ထား သည့် သျှမ်း တပ်မတော်ဖြစ်သည် ။
ထို့အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ရေးဆွဲရာတွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ပူးတွဲခဲ့ပါသည် ။ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွင် အားလုံး ပါဝင်ရမည် ၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ မကျန်စေရ - မူ ကို လက်ခံသည့် တိုင်း ရင်းသားလက်နက်ကိုင်တပ်မတော် ၁၃ ခု တွင် SSPP/SSA လည်း ပါဝင်သည် ။ အစိုးရက တိုင်းရင်းသား များ၏ အားလုံး ပါဝင်ရေးမူကို လက်မခံခဲ့ပေ ။
ထို့ကြောင့်အဖွဲ့ ၁၃ ခု က လက်မှတ်ရေးထိုးရန် အဆင်သင့်မရှိသေးဘူးဟု အကြောင်း ပြန်ပြီးနောက် အစိုးရ တပ်မတော်က သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့ အထိ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် ဘက်က ပြောဆိုပါသည် ။
Tags: News, War