ခိုကိုးရာမဲ့ကလေးများအတွက် ပညာရေးထောက်ပံ့ပေးသည့်ပရဟိတကျောင်း တောင်ကြီးတွင်ဖွင့်လှစ်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ သျှမ်းပြည်နယ်အတွင်းရှိ ခိုကိုးရာမဲ့ ကလေးငယ်များနှင့် ကျောင်းသား/သူများအား ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ လွိုင်လုံပညာဗောဓိပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို တောင်ကြီးမြို့ ဝေဋုဝန်ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဆရာတော် ဘဒ္ဒန္တသီရိဓမ္မ ဘိပါလ မှ ဦးစီးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ပရဟိတကျောင်းကို ဖွင့်ရတဲ့ရည်ရွယ်ချက်က တောင်ကြီးမြို့ထဲမှာ ကြည့်ရမယ်ဆိုရင် ပရဟိတက ပရိယတ္တိ သံယာတော်တွေစာသင်တဲ့နေရာဆိုလည်း ရှိနေပြီ၊ ပဋိပတ္တိ တရားကျင့်တဲ့နေရာဆိုလည်း တစ်ဆောင်ရှိပြီ ဒါတွေက ဘုန်းဘုန်းတို့ရှိပြီးသား၊ ဒါပေမယ့် အနာဂတ် လူငယ်ခေါင်းဆောင်တွေ ထူထောင်ဖို့က မရှိသေးဘူး။ ကလေးတွေရဲ့ အနာဂတ်ကို ထူထောင်ဖို့ ကျေးလက်တွေမှာနေပြီး ပညာသင်ဖို့ အခွင့်အလမ်းမရှိတဲ့ ကလေးတွေ ပညာသင်နိုင်အောင်ဆိုပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်”ဟု ဆရာတော် ဘဒ္ဒန္တသီရိဓမ္မဘိပါလ ကမိန့်တော်မူသည်။
လွိုင်လုံပညာဗောဓိပရဟိတ ဘုန်းတော်ကြီး ပညာသင်ကျောင်းဆိုသည့် နာမည်သည်လည်း ဆရာတော် အရှင်သုခမိန်တ စဝ်ဆုခမ်း ပေးထားကြောင်း ဆရာတော်က မိန့်တော်မူသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဝေယျာဝိစ္စအဖြစ် ဝင်ရောက်ကူညီသူ နန်းနွံက “ကျမတို့မြင်တာတော့ ယနေ့ကလေးတွေဟာ နောင်အနာဂတ်မှာ နိုင်ငံခေါင်းဆောင်တွေဖြစ်မယ်လို့မြင်ပြီး အများကြီး အကျိုးကျေးဇူးရှိတယ် အရမ်းလည်းဝမ်းသာပါတယ်” ဟု ပြောသည်။
၂၀၁၆ ခုနှစ်ထဲတွင် ကျောင်းသား/သူအယောက် ၅၀ အောက် စတင်လက်ခံမည်ဖြစ်ပြီး အခြေခံပညာအလယ်တန်း (အဋ္ဌမတန်း) အထိ လက်ခံမည်ဖြစ်ပြီး ကျန်သည့် အတန်းငယ်များလည်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လုံပရဟိတဘုန်းတော်ကြီး ပညာသင်ကျောင်းကို မေလ ၆ ရက်နေ့တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ ပန်းတင်ကျေးရွာအုပ်စု ၌ ဖွင့်လှစ်ခဲ့ပါသည်။
Tags: Education, News