ပြန်ပေးဆွဲမှု ဖြေရှင်းပေးရန် ရပခတိုင်းရုံးသို့ ရလလဖ တောင်းဆို
သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဒေသခံပြည်သူတစ်ဦးပြန်ပေးဆွဲ ၊ ငွေတောင်းခြိမ်းခြောက်ခံရမှုများ အတွက် ဖြေရှင်းပေးရန် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ရလလဖ ဗဟိုကော်မတီ မှ မေလ (၃) ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ထံ တင်ပြတောင်း ဆိုထားကြောင်းသိရသည် ။
ဆီဆိုင်မြို့နယ် ၊ နောင်ကျောကျေးရွာအုပ်စု ၊ စလောင်းတောင်ရွာနေ ဒေသခံ ဦးစောထောရီ အား ဌာနေပြည်သူ့ စစ် (PNA) ၏ ထီဗွာရေဖြူစခန်းမှ ဗိုလ်ကြီးအဆင့်ရှိသူ ခွန်တသီး ဦးဆောင်သော ရဲဘော် (၁၀) ဦး က ဧပြီလ (၂၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဦးစောထောရီ၏ ဇနီးဖြစ်သူအား ငွေကျပ်နှစ်သိန်း ငါးသောင်း တိတိ ဖြင့် လာရောက်လဲလှယ်စေကြောင်း ရပခတိုင်းမှူးထံတင်ပြသည့် ရလလဖ ၏စာတွင်ပါရှိသည်ဟု အကြီးအကဲတဦးက ပြောပြသည် ။
“ သူတို့မှာအရင်ကဘာအကြောင်းတွေရှိခဲ့လဲတော့မသိဘူး ။ ဒါပေမယ့် ပြည်သူလူထုအပေါ်အခုလို ပြန်ပေးဆွဲငွေတောင်းတဲ့ခေတ်မဟုတ်တော့ဘူးဆိုတာ သိစေချင်ပါတယ် ။” ဟုဆိုပါသည် ။
ဦးစောထောရီ၏ ဇနီးက ငွေကျပ် နှစ်သိန်းငါးသောင်းပေးဆောင်ခဲ့သဖြင့်လက်ရှိတွင် ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်းလည်း ဆိုပါသည် ။
ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနေပြည်သူ့စစ် PNA မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သော ဦးဇော်ပျံက “ အဲ့ကိစ္စကကျနော်မသိရ သေးဘူး။ ခရီးသွားနေတာ မနေ့ကမှပြန်ရောက်တာ ။ ဒီကိစ္စကို သေချာစုံစမ်းရဦးမယ် ” ဟု ပြောကြားခဲ့သည် ။
နိုင်ငံတော်၏အရံအင်အားများဖြစ်သော လက်နက်ကိုင်ဌာနေပြည်သူ့စစ်များ၏ ပြည်သူအပေါ်လက်နက်ဖြင့် အနိုင်ကျင့် ရမ်းကားဗိုလ်ကျနေသည့် ကိစ္စများသည် ဒေသခံလူထုများ၏ အသက်အန္တရယ်အတွက် စိုးရိမ် ၊ ထိတ်လန့် ၊ ကြောက်ရွံ့မှုများဖြစ်ပေါ်လျှက်ရှိခြင်းကြောင့် အလားတူကိစ္စရပ်များထပ်မံမဖြစ်ပွားစေရန် ယခုကိစ္စရပ်အားဖြေရှင်း ပေးပါရန် (ရလလဖ) ဗဟိုကော်မတီ မှတောင်းဆိုထားကြောင်းသိသည် ။
Tags: Human Right, News