လဲချားတွင် တပ်သိမ်းမြေ ဧက ၁၀၀ ကျော် ပြန်ပေးရန် စီစဉ်



လဲချားမှာ နယ်မြေအခြေစိုက် စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲက မြေဧက ၁၀၀ ကျော်ကို ဒေသခံတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် အမှတ် ၅၁၅ တပ်ရင်းကနေ တပ်တည်ဆောက်ဖို့ ဆိုပြီး ၁၉၉၀ ပြည့်နှစ်ကျော်ကာလက ဒေသခံတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီထဲကနေမှ မြေဧက ၁၈၄ ဧက ကို ပြန်ပေးဖို့ အတွက် တပ်က တာဝန်ရှိသူတွေနဲ့ လဲချားမြို့က လွှတ်တော်ကိုယ်စားလှယ်တွေအပါဝင် ကျားခေါင်းပါတီ တာဝန်ရှိသူတွေနဲ့ ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံကာ တပ်မတော် တာဝန်ရှိသူတွေက မြေပြန်ပေးမဲ့ အစီစဉ်နဲ့ ပတ်သက်လို့ ပြောပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


“ဒီမြေတွေက ကျနော်တို့ လွှတ်တော်မှာ မေးပြီးကတည်းက ကာကွယ်ရေးက ဒုတိယဝန်ကြီးက ပြန်ပေးမယ်ဆိုပြီး ကျနော်တို့ကို သီးသန့် ခေါ်ပြောပြီးနောက် အခုလို နောက်ဆက်တွဲ အစီစဉ်ပေါ်ပေါက်လာတာပါ။”  လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအောင်က ပြောပါတယ်။


လဲချားမြို့ အနောက်မြောက်ဘက်က ဟိုနားဝမ်ပန် ကျေးရွာအုပ်စုနားက ဒေသခံတွေရဲ့ ရာနဲ့ချီတဲ့ မြေတွေက အသိမ်းခံရခဲ့ပြီးနောက် လွန်ခဲ့တဲ့နှစ်က တပ်တံတိုင်းကာရံဖို့လုပ်စဉ် ဒေသခံတွေ သွားလာနေတဲ့ လမ်းနယ်နိမိတ်တွေပါ ခြံစည်းရိုးနယ်နမိတ်ထဲပါ မလိုဖြစ်နေတဲ့အတွက် ကျားခေါင်းပါတီ ကိုယ်စားလှယ်တွေက လမ်းနယ်ရရှိရေးအတွက် လွှတ်တော်မှာ ပြီးခဲ့တဲ့ ၉ လပိုင်းက တင်ပြခဲ့တာပါ။


အခုလို တပ်က မြေဧက ၁၈၄ ဧက ပြန်ပေးမှာ ဖြစ်တဲ့အတွက် လမ်းနယ်နမိတ်အပြင် ဒေသခံ အချို့အနေနဲ့ သိမ်းဆည်းခံခဲ့ရတဲ့ မြေတွေကို ပြန်လည်ရရှိမယ်လို့ ယုံကြည်မျှော်လင့်နေကြပါတယ်။


 တပ်ရင်း ၅၁၅ အနေနဲ့ မြေပြန်လည်လွှဲအပ်မှု အခမ်းအနားကို ဘယ်နေ့မှာ လုပ်မယ်ဆိုတာ မသိရသေးပေမဲ့ လဲချားမြို့နယ် ကျားခေါင်းပါတီဘက်ကတော့ တပ်က မြေပြန်လွှဲတာနဲ့ ပါတီကနေ ဦးဆောင်ပြီး အခမ်းအနားတစ်ရပ်ကျင်းပမယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။


 လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းသျှမ်းပြည်မှာအ ကြောင်းအမျိုးမျိုးပြမြေသိမ်းမှု ကြောင့် ဒေသခံတွေရဲ့ မြေဧက ၆ သောင်းကနေ ရ သောင်းလောက်အထိ မြေသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates