သမိုင်းဝင် မိုးနဲမြို့ ကဆုန်လပြည့်နေ့ စက်တော်ရေထွက်ဦး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် ရိုးရာ မိုးခေါ်ပွဲကျင်းပ



သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်၌ စော်ဘွားခေတ်ကတည်းက ယနေ့ထက်တိုင်မပြတ် ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်နေ့ စက်တော်ရေထွက်ဦး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် ရိုးရာ မိုးခေါ်ပွဲ ကို ယခုနှစ်လည်းကျင်းပခဲ့သည်။

Photo credit to : Sai Mg Gyi
အဆိုပါ စက်တော်ရေထွက်ဦး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် ရိုးရာ မိုးခေါ်ပွဲကျင်းပရခြင်းမှာ မိုးနဲဒေသခံများ စိုက်ပျိုးသီးနှံ အထွက်ကောင်းစေရန်၊ရာသီ ဥတု မှန်ပြီး မိုးကောင်းရန်၊ သဘာဝ သယံဇာတ ကို ပြန်လည်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ချက်ကြောင်း မိုးနဲမြို့ဒေသခံ စိုင်းမောင်ကြီး ကပြောသည်။


“စက်တော်ရေထွက်ဦးပွဲက စော်ဘွားခေတ်ကတည်း ကျင်းပလာတာ ထုံးတမ်းစဉ်လာဖြစ်လာ ခဲ့တယ်၊ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီရေထွက်က မိုးနဲ ဒေသခံတွေ မှီခိုအားထားနေရလို့ အရမ်းအရေးကြီးတာဖြစ်တယ်၊ ကဆုန် လပြည့်နေ့ ရောက်ပြီဆိုရင် စော်ဘွားခေတ်တုန်းက စော်ဘွားတွေ နှစ်တိုင်းလာပြီး မိုးတောင်းရေတောင်း ကြတယ်၊ ဆုတောင်းပွဲတွေ လုပ်ကြတယ်” ဟု ၄င်းကပြောသည်။


စက်တော်ရေထွက်ဦး သည် မိုးနဲဒေသခံများ တောင်သူ လယ်သမားများ အထူးမှီခိုအားထားရသည့် ရေထွက်ဦး ဖြစ်ပြီး ရာသီဥတုမှန်ရန် မိုးကောင်းစေရန် စသည့် ရည်ရွယ်ချက်နှင့် ဆုတာင်းပွဲ လုပ်ရခြင်းဖြစ်ကြောင်း စက်တော်ရေထွက်ဦးကို သံယာတော်များက သာသနာနယ်မြေအဖြစ် သတ်မှတ်ချင်ကြောင်း မိုးနဲမြို့နယ် လွှတ်တော်အမတ် စိုင်းမွန်းလိန် ကပြောသည်။


“ပြီးခဲ့တဲ့ သုံးလေးနှစ်တုန်းက သူများကျောက်မီးသွေး လာတူးမယ်ကြားေ တာ့ သံယာတော်တွေက ဒီစက်တော် ရေထွက်ဦးကို သာသနာနယ်မြေအဖြစ် သတ်မှတ်ချင်တာပေါ့၊ ပြီးတော့ မိုးနဲဒေသခံတွေ အနားယူ တရားအားထုတ်လို့ ရအောင်၊အဲ့ဒီရည်ရွယ်ချက်တွေလည်းပါလို့ ဒီဆုတောင်းပွဲကို လုပ်ရခြင်းဖြစ်တယ်” ဟု ၄င်းကပြောသည်။


မိုးနဲစက်တော်ရေထွက်ဦး ၏ ပတ်ဝန်းကျင်တွင် ကျောက်မီးသွေးထွက်ရှိပြီး လွန်ခဲ့သော ၄ နှစ်ခန့်က ကုမ္ပဏီဘက်မှ လာရောက်တူးဖော်မည် ဖြစ်ကြောင်း သိရသည်။


“စက်တော်ရေထွက်ဦးမှာက ကျောက်မီးသွေးတွေ ထွက်တယ် ပြီးခဲ့တဲ့ ၃ နှစ် ၄ နှစ် တုန်းက ကုမ္ပဏီ ဘက် ကနေ ကျောက်မီးသွေးလာတူးမယ်၊ ကုမ္ပဏီတွေလာပြီး ကျတော်တို့ သဘာဝ ပတ်ဝန်းကျင်ကို လာရောက် ဖျက်ဆီးမှာကြောက်တယ်၊ စက်တော်ရေထွက်ဦးမှာ သူများ လာဖျက်စီးမှာကြောက်လို့ ဒါကြောင့် ဆုတောင်းပွဲ ကြီးကြီးကျယ်ကျယ် လုပ်တာပါ ” ဟု မိုးနဲဒေသခံ စိုင်းမောင်ကြီး ကပြောသည်။


မိုးနဲစက်တော်ရေထွက်ဦး ဆုတောင်းပွဲကို တောင်သူလယ်သမားများအတွက် ရေရရှိရေး နှင့် ဗုဒ္ဓမြတ်စွာဘုရား၏ မွေးနေ့ အနေဖြင့် တွဲလုပ်ရခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့ ကဆုန်လပြည့်နေ့မှာ ပြုလုပ်ပြီး၊ မိုးနဲမြို့၏ မြောက်ဘက် ၉ မိုင်ခန့် အကွာတွင်ရှိပြီး ဒေသခံများ ရပ်နီးမှ ပြည်သူများ သောင်းဂဏန်းခန့် လာရောက် ဆုတောင်းကြကြောင်းသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates