သျှမ်းလူမျိုးများကို တဘက်စောင်းနင်းပြီးတခြားလူမျိုးများကို မုန်းတီးခြင်း ၊ တခြားလူမျိုးများနှင့် မဟာမိတ်ပြုပြီး မိမိအမျိုးသားရေးကို လစ်လျူရှူခြင်း ပြုလုပ်မည်မဟုတ်ဟု SSPP/SSA ပြော



သျှမ်းပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် လှုပ်ရှားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ ၊ သျှမ်းပြည် တပ်မတော်အနေဖြင့် မိမိလူမျိုးကိုတဘက်စောင်းနင်းပြီး အခြားလူုမျိုးများကို မုန်းတီးခြင်း ၊ တခြားလူမျိုး အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုပြီး မိမိလူမျိုး အမျိုးသားရေးကိုလစ်လျူရှူခြင်း ပြုလုပ်မည်မဟုတ်ကြောင်း SSPP/SSA မှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။


ဧပြီ ၃၀ ရက်နေ့က လားရှိုးမြို့ ဂေါက်ကလပ်တွင်ကျင်းပသည့် သျှမ်းနှင့် တအာင်းလူမျိုးများ ငြိမ်းချမ်းစွာ အတူယှာဉ်တွဲနေထိုင်ရေး ဖိုရမ်သို့ ပေးပို့သည့် SSA မြောက်ပိုင်း၏ သဝဏ်လွှာတွင် ယင်းကဲ့သို့ ဖော်ပြ ထားခြင်းဖြစ်သည်။


အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်မှူးကြီး ကျော်လှ လက်မှတ်ဖြင့် ရေးထိုး ထားသည့် သဝဏ်လွှာတွင် သျှမ်း အမျိုးသားအချင်းချင်းအကြား စည်းလုံးညီညွတ်ရေးနှင့် သျှမ်းပြည်အတွင်းရှိ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်ရေးတို့အတွက် အဓိက မူဝါဒအဖြစ် ချမှတ်ကာဆောင် ရွက်နေကြောင်း ဖော်ပြထားပြီး TNLA တအာင်းပလောင်နှင့် RCSS/SSA သျှမ်းတပ်မတော်တောင်ပိုင်းတို့အကြား ပြဿနာများကိုလည်း အထူး စိုးရိမ်မိကြောင်း ဖော်ပြထားသည်။


နှစ်အဖွဲ့အကြား ပဋိပက္ခပိုမဖြစ်စေရန်နှင့် နှစ်ဘက်လူမျိုးများအကြား အမုန်း ပွားမှု မရှိစေရန်အပါအဝင် ကြားဝင်ညှိနှိုင်းမှုများ ၊ ကြေငြာချက်ထုတ်ပြန်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။


ပြည်ထောင်စုအရေးအတွက်လည်း အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ UNFC တပ်ပေါင်းစုတွင် ပါဝင်နေဆဲဖြစ်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းခြင်းမှာ လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းနည်းထက် လူထုထိခိုက်မှု ပိုမိုသက်သာစေသည့်အတွက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။


သျှမ်းလူထု ၊ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်အဖွဲ့များအကြား သျှမ်းလူမျိုးတစ်မျိုးလုံး၏ အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာစေရန် နှင့် ညီညွတ်မှုများ ရှိလာစေရန် တိုက်တွန်းကြောင်းလည်း ဖော်ပြထားပြီး အခြေနေအရပ်ရပ်ပြောင်းလဲမှုများ ရှိလာသော်လည်း အေးအတူ ပူအမျှနေထိုင်သွားရန် ဆန္ဒပြုကြောင်းလည်း ဖော်ပြထားသည်။


လားရှိုးတွင်း ပြုလုပ်ခဲ့သည့် သျှမ်းနှင့် တအာင်းလူမျိုးများအကြား အေးအတူပူအမျှ လက်တွဲနေထိုင်ရေး ဖိုရမ်သို့ နိုင်ငံရေးပါတီများ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates