သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွါး လားရှိုးသို့ စစ်ဘေးရှောင်ရာချီရောက်ရှိ
ဂျွန်လနောက်ဆုံးအပတ်မှာ ဖြစ်ပွါးခဲ့တဲ့ သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က တိုက်ပွဲတွေကြောင့် ဒေသခံလူထု ရာချီ နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး လားရှိုးမြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေပါတယ်။
“လားရှိုးမြို့အထွက်လမ်း လားရှိုးကနေ ရ မိုင်အကွာ ခေးနင်းနောင်မောန်ကျောင်းတိုက်မှာ စစ်ဘေးရှောင် ၁၄၁ ယောက် ၊ ရပ်ကွက် ၁ မှာရှိတဲ့ ရွှေစေတီ သာသနာ ၂၅၀၀ မှာက ၈၇ ယောက်၊ အောင်ရတနာနမ့်ဆန်ကျောင်းမှာ ရ၅ ယောက် ။ နမ့်ဆန်ကနေ ရောက်လာတယ်။ ရောက်လာတာ ၄ ရက်ရှိပြီ။ နမ့်ဆန်ဘက်မှာ တိုက်ပွဲတွေ မငြိမ်သေးလို့ စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်ကြသေးဘူး။ စားဝတ်နေရေးအတွက် ဘုန်းကြီးကျောင်း ကဘဲထောက်ပံ့ပေးတယ်။ မိုးရွာနေလို့ နေထိုင်ရေးအခက်တွေ့တယ်။ ” လို့ လားရှိုးဒေသခံ စိုင်းဆိုင်က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။
ဓါတ်ပုံ- လားရှိုးသို့တိမ်းရှောင်လာသည့် နမ့်ဆန်မန်လန်းမှ စစ်ဘေးရှောင်များ |
“ဂျွန်လဆန်းပိုင်းကတည်းက အစိုးရတပ်နဲ့ ကျနော်တို့ တအာင်းတပ်မတော် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တယ်။ အစိုးရတပ်ဘက်က လက်နက်ကြီးတွေ အဆက်အပြတ် ပစ်ခတ်တယ်။ ရွာတွေထဲကျတယ်။ ဒေသခံလူထု ကျည်စထိမှန်သေဆုံးတယ်။ ကွတ်ခိုင်မှာရော နမ့်ဆန်မှာရောဘဲ ” လို့ တအာင်းပြန်ကြားရေးဌာနက ပြောပါတယ်။
တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရန်တန့်ပေးဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ ၊ တပ်မတော်ကနေ ဖမ်းဆီးထားတဲ့ လူထုကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့တို့က ဂျွန်လ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
တအာင်းတပ်ဖွဲ့ဟာ နမ့်ဆန်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ အစိုးရတပ်အပြင် RCSS/SSA နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။
Tags: News, War