ပင်လုံမြို့တွင်မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများအား ရပ်ကွက်လူထုနှင့် အုပ်ချုပ်ရေးမှူးများ လိုက်လံဖမ်းဆီး
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့တွင် ရပ်ကွက်ထဲ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက် ကားသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ပြည်သူလူထုများ ပူးပေါင်းပြီး ဖမ်းဆီးခဲ့သည်။
ဂျူလိုင်လ ၁၂ ရက်နေ့ မနက် (၁၀) နာရီခန့်တွင် ပင်လုံမြို့ ရပ်ကွက် (၄) ရှိ ဒေါ်ပါ့ယွန်းနေအိမ်တွင် အသက် ၃၆ နှစ် အရွယ် မောင်ပိုပိုအား ယာဘဆေးပြား (၁၀) ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ပါသည်။
ဓါတ်ပုံ-မူးယစ်ဆေးနှင့်အတူဖမ်းမိသည့် ပင်လုံက မောင်ပိုပို |
လက်ရှိတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ မောင်ပိုပို ၏ ဖခင် ဦးသန်းရွှေက ဖမ်းဆီးရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များအား အမှုဖွင့် တရားစွဲဆိုဖို့စီစဉ်နေကြောင်း သိရသည်။
“ဒီနေ့မှာတော့ မောင်ပိုပို ရဲ့ အဖေက ကျနော်တို့ကို တရားပြန်စွဲတယ်၊ ကျနော်တို့သွားဖမ်းတုန်းက မောင်ပိုပိုက ကောင်းကောင်းပေးမဖမ်းတော့ ကျနော်တို့ဘက်က နဲနဲရိုက်နှက်မိတာရှိတယ်။ ဒဏ် ရာကြီးကြီးမားမားတော့မရခဲ့ပါဘူး။ ခြိမ်းခြောက်ကန်ကျောက်တာလောက်ဘဲ။ ဒါပေမယ့် သူက မကျေနပ်လို့ အမှုပြန်ဖွင့်ဖို့လုပ်နေတယ်” ဟု ရပ်ကွက်(၄) အုပ်ချုပ်ရေးမှူး ကပြောသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ မောင်ပိုပို သည် ပင်လုံမြို့ ရပ်ကွက် ၁ တွင် နေထိုင်ပြီး ယခု ပင်လုံ အချုပ်ခန်းတွင် ရှိနေကြောင်း သိရသည်။
“ခုတလော ပင်လုံမှာ သူခိုးတွေ အရမ်းများနေတယ် ၊ ခု ရွာသားတွေပြောဆိုချက်အရ သူခိုး ဂိုဏ်း ထဲမှာ မောင်ပိုပို တစ်ယောက်ပါနေတယ်။ နောက်ပြီး ရပ်ကွက်ထဲ ယာဘဆေး ဖြန့်နေတယ် စသဖြင့်ပြောနေသံကြားရပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ မှန်မှန်ကန်ကန် စစ်ဆေးပြီး တာဝန် ယူစေချင်တယ်၊ သူ့ကို ဖမ်းမိဖို့ကလည်း အရမ်းခက်တယ်” ဟု ၄င်းကပြောသည်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ မောင်ပိုပို ကို ပင်လုံမြို့မရဲစခန်းမှ ၁၅/၁၆(ဂ) မူးယစ် ဆေးဝါးသုံးစွဲလက်ဝယ်ထားရှိမှုဖြင့် အမှုဖွင့်ထားကြောင်း ပင်လုံရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။
Tags: Drug, News