ချင်းမိုင်မြို့၌ ကျင်းပမည့် သျှမ်း CSSU အစည်းအဝေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးပိတ်ပင်



ဂျူလိုင် ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည့် သျှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးကပိတ် ပင်လိုက်သည်ဟု သိရသည်။


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ခင်ဇော် က ထိုင်းအာဏာပိုင်များအား  CSSU   အစည်းအဝေး အား အကြောင်းရင်း ၂ ချက် ဖြင့် တားမြစ်ပိတ်ပင်ပေးရန်တောင်းဆိုလိုက်သည်ဟု ဆိုသည်။


“အဓိက ကတော့ ဒီအစည်းအဝေးက တရားမဝင်သေးတဲ့ အဖွဲ့အစည်းတွေပါတယ်။ နောက်တခု မြန်မာ့အရေး ရှုပ်ထွေးအောင် ပြုလုပ်ဖို့ကြံရွယ်တဲ့ နိုင်ငံခြားသားတချို့ပါတယ်- စတဲ့ အကြောင်း ရင်းတွေ ကြောင့် ပိတ်ပင်တာတဲ့။ ဒီတော့ မနက်ဖြန် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစည်းအဝေး က ပုံစံတမျိုးတဖုံပြောင်းသွားနိုင်တယ်” – ဟု ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သည့် ပုဂ္ဂိုလ်တဦး က ပြောသည်။


ထို့အတူ ထိုင်းလုံခြုံရေးအရာရှိတဦးကလည်း - “ ဒါ နိုင်ငံရေးနဲ့ ဆိုင်တော့ ကျနော်တို့လဲ မတတ်နိုင်ဘူး။ ဟိုက တားမြစ်ခိုင်းတော့ ကျနော်တို့လဲ ခွင့်မပြုနိုင်ဘူး။ ဒီကိစ္စက ကျနော်တို့လဲ နားမလည်ဘူး။ အပစ်ခတ်စာချုပ် NCA လုံးဝ မလုပ်သေးတဲ့ UNFC လို အဖွဲ့တော့ မပိတ်ပင်ဘူး။ တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးတဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်လုပ်တဲ့ အစည်းအဝေးကျတော့ မလုပ်စေချင်ဘူးဆိုတော့ ” - ဟု သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောဆိုသည်။


အဆိုပါ အစည်းအဝေးသို့ အပစ်ရပ် NCA စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် သျှမ်းပြည် တပ် မတော် SSPP/SSA ကိုယ်စားလှယ် နှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခြင်းခံရသည့် စဝ်ဟန် ယောင်ဟွေ (ဦးဟန်ယောင်ဟွေ့) ပါဝင်တက်ရောက်မည်ဆိုသည့် အချက်ကြောင့်  ဖြစ်နိုင်သည်ဟု ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။


သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU သည် တောင်ပိုင်း၊ မြောက်ပိုင်းအခြေစိုက်သျှမ်းလက်နက် ကိုင်တပ်ဖွဲ့များ၊ သျှမ်းအမျိုးသားကိုယ်စားပြုနိုင်ငံရေးပါတီများ၊ သျှမ်းလူမှုအသင်းအဖွဲ့များ ပါဝင်ဖွဲ့ စည်းထားသည်။ လက်ရှိ ၂၀၁၇-၂၀၁၈ ဥက္ကဌ ရာထားအား တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်ထမ်းဆောင်ထားသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates