တောင်ကြီးခရိုင်အတွင်း အစိုးရတပ်မတော် တောနင်း RCSS/SSA နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း အစိုးရတပ်မတော် တောနင်းလှုပ်ရှားမှုကြောင့် ဒေသအတွင်း နေထိုင်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ထိပ်တိုက်တွေ့ဆုံကာ ယမန်နေ့က နှစ်ဘက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
၂၀၁၇ ဂျူလိုင်လ ၁၄ ရက် မွန်းလွဲပိုင်းတွင် RCSS/SSA ၏စစ်ကြောင်းတခု နှင့် အစိုးရ တပ်မတော် ခြေလျင်တပ်ရင်း အမှတ် ၂၄၉ စစ်ကြောင်းတကြောင်းတို့ တောင်ကြီးမြို့ မြောက်ဘက် မိုင် ၂၀ ၀န်းကျင်ခန့်ရှိ ဟိုပုံးမြို့ မိုင်းပြင်းတိုက်နယ် ၀မ့်ကောင်ပန်ဟတ် နှင့် ၀မ့်ခိုင်းရွာကြားတွင် ၁၅ မိနစ်ခန့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
Photo: တိုက်ပွဲဖြစ်ပွါးရာဒေသပြမြေပုံ
|
တိုက်ပွဲအတွင်း ၂ ဦး ၂ ဖက်ထိခိုက်မှုအနည်းငယ်ရှိသည်ဟု ဟိုပုံးအခြေစိုက်တပ်မတော် အရာရှိတဦးက ပြောသည်။
သို့သော် RCSS/SSA ပိုင် taifreedom ၀က်ပ်ဆိုက် တွင်မူ အစိုးရစစ်ကြောင်း၏ MA 1 အမျိုးအစား သေနတ် ၅ လက်နှင့် 9 mm ကျည်သုံး ပစ်စတိုလ် ၂ လက် ကို RCSS/SSA မှ သိမ်းဆည်းရမိကြောင်းဖော်ပြထားပြီး အစိုးရစစ်ကြာင်း၏ တပ်ကြပ်ကြီးအပါအဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်သား ၅ ဦး သေဆုံးကြောင်း ရေးသားဖော်ပြထားသည်။
“ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က JMC-S (ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ) နဲ့ဆက်သွယ်ထားတယ်။ ဒါဟာ NCA သဘောတူညီချက်နဲ့ မကိုက်ညီဘူး ။ ပြန်လည်စစ်ဆေးပေးဖို့နဲ့ နောက် နောင်ဒီလိုမဖြစ်ပွါးအောင် ဆောင်ရွက်ပေးသွားဖို့ပေါ့။ ” - ဟု ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း ညနေပိုင်းတွင် အစိုးရတပ်မတော်သည် အင်အား ၁၀၀ ထက်မနည်း တိုက်ပွဲ ဖြစ်ပွါးရာဒေသသို့ ဖြည့်တင်းကာ လှုပ်ရှားဆက်လက်ပြုလုပ်နေသည်ဟု ဒေသခံများပြောပြချက်အရသိရပါသည်။
ပြီးခဲ့သည့် ဂျွန်လ ကလည်း သံလွင်အရှေ့ခြင်း ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ လူ့အခွင့်အရေးအမျိုးမျိုးအား တပ်မတော် မှ ချိုးဖေါက်နေသည်ဟု သျှမ်းလူ့အခွင့်အရေးမဏဋိုင် SHARF က ထုတ်ပြန်ကြေငြာသည်။
Tags: News, War