ထိုင်းနိုင်ငံတွင် အခက်ကြုံနေသည့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရေး SSPP/SSA လက်တွဲကူညီမည်ဟုဆို



ထိုင်းအစိုးရ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာဥပဒေသစ်ကြောင့် နေရပ်ပြန်ကြမည့် သျှမ်းပြည်သား ရွှေ့ပြောင်းအလုပ်သမား များ ဘေးကင်းလုံခြုံစွာဖြင့် အခက်အခဲမရှိ နေရပ်ပြန်နိုင်ရေး အတွက် လက်တွဲ ကူညီမည့် ကော်မတီတရပ်ဖွဲ့စည်းထားကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်က ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။


SSPP/SSA ပြောရေးဆိုခွင့် စိုင်းဘုန်းဟန် က - “အားမငယ်ပါနဲ့။ အိမ်ကိုအရောက်ပို့ဖို့ကျနော်တို့ တာဝန် ယူပါ တယ်။ သျှမ်းလူမျိုးတင်မဟုတ်ပါဘူး။ သျှမ်းပြည်သား မည်သည့်လူမျိုးမဆို ကျနော်တို့ကူညီပို့ ဆောင်ပေးပါမယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။


ဂျူလိုင်လ ၈ ရက်နေ့ရက်စွဲဖြင့်အဆိုပါကြေငြာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး SSPP/SSA အနေဖြင့် ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက် သျှမ်းလူထုညီညွတ်ရေးအဖွဲ့နှင့်ပူးပေါင်းလက်တွဲကာ နေရပ်ပြန်ရန်မည့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနယ်စပ် တာချီလိတ်- မယ်ဆိုင်အထိ တထောက်၊ နယ်စပ်မှ နေရပ်အထိတထောက် အလှည့်ကျပို့ဆောင်ပေးမည်ဖြစ်ကြောင်း တာချီလိတ်ရှိ  SSPP/SSA တာဝန်ခံ စိုင်းမောင်မြက ပြောသည်။


“ဒီလာမယ့် ၁၇ ရက်နေ့မှာ ဘန်ကောက်ကနေ နောက်တသုတ်ပို့လာမယ်။ အခု ပြန်ချင်တဲ့သူတွေကို သူတို့စုထားတယ်။ ၁၀၀ ထက်မနည်းလို့တော့သတင်းရထားပါတယ်။ မယ်ဆိုင်အထိ ပို့လာပြီး ကျနော် တို့က မယ်ဆိုင်ကနေ နေရပ်အထိ ပို့ဆောင်ပေးဖို့တာဝန်ယူပါမယ်။  နေရပ်ရောက်ရင်ဘာ ဆက်လုပ် ကိုင်စားသောက်သွားမလဲဆိုတာကတော့ နောက်တကဏ်ဏ္ဍပေါ့နော်။” - ဟု စိုင်းမောင်မြကပြောသည်။


ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နှင့် ချွန်းပူးရီးမြို့နယ်တို့တွင် အလုပ်လုပ်နေသော ရွှေ့ပြောင်း အလုပ် သမားများအား  ထိုင်းအာဏာပိုင်များစတင်စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ကတည်းက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား သောင်းချီနေရပ်ပြန်သကဲ့သို့ သျှမ်းပြည်သား ရွှေ့ပြောင်း အလုပ်သမားများလည်း သျှမ်းလူထုညီညွတ်ရေးအဖွဲ့နှင့် သျှမ်းတိုင်းရင်းသားကိုယ်စားပြု သျှမ်းနိုင်ငံရေးပါတီများ လက်ခံကူညီ ပေးနေခြင်းဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates