TYN မှ သျှမ်းပြည်အမှတ်အသား ချယ်ရီပင်များ လားရှိုးမြို့နယ် မိုင်းယော်တွင် စိုက်ပျိုးမည်



မန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် (Tai Youth Network) မှ ကမကထ ပြုပြီး ပထမအကြိမ် ချယ်ရီပင် ၁၅၀၀ ပင်ကို သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအုပ်စု၌ စိုက်ပျိုးမည်ဖြစ်သည်။


ချယ်ရီပင် ၁၅၀၀ ပင်ကို သျှမ်းလူငယ်ကွန်ရက်က ဂျူလိုင် ၁၆ ရက်နေ့ မနက် ၉ နာရီမှ ညနေ ၄ နာရီထိ စိုက်ပျိုး သွားမည်ဟု သိရသည်။


“ လမ်းမကြီး လမ်းဘေးတစ်လျှောက်ကနေ စပြီး ချယ်ရီပင် တွေအားလုံး စိုက်ပျိုးသွားမယ် မိုင်းယော်အထိပေါ့၊ ပြီးတော့ မိုင်းယော်ဒေသခံတွေရဲ့ အများပိုင်မြေမှာလည်း ဒေသခံတွေ ပေးစိုက်ပျိုးသွားမယ်” ဟု TYN ၏ အလုပ်အမှုဆောင်အဖွဲ့ စိုင်းနော်ဆိုင် ကပြောသည်။


၎င်း ချယ်ရီပင် ၁၅၀၀ ပင်သည် အလှူရှင် စေတနာရှင်တချို့က မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက်  TYN  အား လှူဒါန်းထားသည့်  အပင်များဖြစ်ပြီး စိုက်ပျိုးမည့်နေရာ ဒေသကိုမူ TYN  မှ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


“ချယ်ရီပင်ပေါင်း ၁၅၀၀ ကို စိုက်ဖို့က နေရာအခက်ခဲရှိတယ်၊ နမ့်လန်မြို့နယ်မှာကော၊ တောင်ကြီး သျှမ်းပြည်ဗုဒ္ဓတက္ကသိုလ်မှာကော၊ ပင်လုံမြို့ နန်းကျင်ပူစေတီမှာကော အစီစဉ်တွေဆွဲတယ်။ အဲ့ဒီနေရာတွေ အားလုံးက မြေနေရာ အခက်ခဲရှိတယ်၊ ဒါကြောင့် မိုင်းယော်ကို အဆက်အသွယ်ရတော့ သူတို့မှာက နေရာအလွတ်တွေ ရှိနေတယ်ဆိုလို့ မိုင်းယော်မှာ စိုက်ပျိုး ဖြစ်တာပါ၊ ရည်ရွယ်ချက်ကတော့ TYN လှုပ်ရှားမှု အနေနဲ့ စိုက်ပျိုးတာပါဘဲ ၊ ဘာအထိမ်းအမှတ်အနေနဲ့ စိုက်ပျိုးတာတော့ ဟုတ်ဘူး” ဟု စိုင်းနော်ဆိုင် ကပြောသည်။


ချယ်ရီပင်သည် သျှမ်းတိုင်းရင်းသားအားလုံး၏ ကိုယ်စားပြုသည့် အပင်တစ်ပင်ဖြစ်ပြီး သျှမ်းပြည်တောတောင်သဘာဝ စိမ်းလန်းသာယာရေးအတွက် သျှမ်းလူငယ်ဘက်မှ ကူညီနိုင်သည့် အပိုင်းတွင် ဝင်ရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။




မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက်  Tai Youth Network  သည် သျှမ်းလူငယ်များ တောတောင်သဘာဝကို ချစ်ခင်မြတ်နိုးတတ်စေရန် သျှမ်းပြည်တွင်းရှိ လူငယ်များ စုပေါင်းပြီး နှစ်စဉ် အထိမ်းအမှတ်အနေဖြင့် သျှမ်းပြည်တွင်းရှိ ထင်ရှားသည့် တောင်များကို တက်ရောက်ခဲ့ကြောင်းသိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates