ဆိုင်ကယ်စီးရွာသားတဦးအားကားတစီးဝင်တိုက် ရွာသားသေ ကားသမားထွက်ပြေး
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်အတွင်း ဆိုင်ကယ်သမားရွာသားအား ကားတစီးကဝင်တိုက်ကာ ဆိုင်ကယ်သမားရွာသားကိုပါဖမ်းခေါ်သွားရာမှ အလောင်းအားလမ်းဘေးခြုံပုတ် တွင်ပစ်ထားသည့် အမှုဖြစ်ပွါးခဲ့ကြောင်းစုံစမ်းသိရှိရသည်။
သီပေါမြို့နယ် နမ့်ပျဲန့်ရွာသား စိုင်းကျော်မြင့်အသက် ၃၃ နှစ်သည် ပြီးခဲ့သည့် ၂၆ ရက် မွန်းလွဲပိုင်းက ၎င်း၏ရွာ နမ့်ပျဲန့်ရွာမှ ကောင်းလန်းရွာအသွားလမ်းတွင် ကားတစီးမှဝင်တိုက်ခြင်းခံရခြင်းဖြစ်ပါသည်။
နေအိမ်မှအမဖြစ်သူက ကားတိုက်ခံရသည့်နေရာသို့အမှီလိုက်သွားသော်လည်း ကားသမားမှာ အမဖြစ်သူအား မခေါ်ဘဲ ဒဏ်ရာအပြင်းအထန်ရရှိသော စိုင်းကျော်မြင့်ကို ဆွဲခေါ်တင်ဆောင်သွားကာ ပျောက်သွားကြောင်း၊ နောက်တရက်မနက်ပိုင်းတွင် လားရှိုး-မန္တလေးလမ်းပေါ်ရှိ ကုန်းဆာရွာအနီး လမ်းဘေးခြုံပုတ်၌ ၎င်း၏အလောင်း အားရွာသားများတွေ့ရှိခဲ့ကြောင်း ဆွေမျိုးတော်စပ်သူ စိုင်းလှကပြောသည်။
“သူဒီဇယ်ဝယ်ဖို့ညနေပိုင်းက ဆိုင်ကယ်နဲ့ထွက်သွားတယ်။ ကားတိုက်ခံရတယ်ဆိုတာ အိမ်ကိုချက်ချင်းဖုန်း ဆက် တယ်။ အိမ်ကလည်း ချက်ချင်းလိုက်သွားတယ်။ ကားသမားက ကျော်မြင့်ကိုကားပေါ်ဆွဲတင်တယ်။ ဆေးရုံခေါ်သွား မယ်တဲ့။ သူ့အမကလိုက်မယ်ပြောတော့ ကားသမားကပေးမလိုက်ဘူး။ ဆေးရုံမှာသွားစောင့် ခိုင်းတာ။ သူ့ဆိုင်ကယ် ကိုတော့အဲ့တိုက်တဲ့နေရာမှာဘဲထားခဲ့တာ။ သူ့အမ သီပေါဆေးရုံမှာသွားရှာလည်းမတွေ့ဘူး။ သီပေါ နာရေးကူညီရေး အဖွဲ့ဆီဖုန်းဆက်ပြီးအကူအညီတောင်းတယ်။ လားရှိုးဆေးရုံအထိသွားကြည့်တယ်။ မရောက်ဘူး။ နောက်နေ့မနက်ပိုင်းမှ သူ့အလောင်းကို မန္တလေး-လားရှိုးကားလမ်းကြီးဘေး ကုန်းဆာရွာနားမှာ ရွာသားတွေ တွေ့လို့လာပြီးသတင်းပေးမှ သွားတွေ့တယ်။” - ဟု စိုင်းလှကဆိုပါသည်။
အဆိုပါကားသမားလင်မယားမှာ မိုင်းရယ်ဘက်မှလာသောကားဖြစ်ကြောင်း၊ လက်ရှိတွင်အဆိုပါကားသမားမှာ ထွက်ပြေးလွှတ်မြောက်နေကြောင်းနှင့် ၎င်းတို့ ၂ ဦးအား တာဝန်ရှိပုဂ္ဂိုလ်များကလိုက်လံရှာဖွေဖမ်းဆီးမှုပြုနေ ကြောင်း ၊ စိုင်းကျော်မြင့်၏ ရုပ်အလောင်းကိုလည်း ၂၇ ရက်နေ့ညနေပိုင်းတွင် မိဘဆွေမျိုးများက သဂြိုဟ်ပေး လိုက်ပြီဖြစ်ကြောင်းမြို့နယ်ကျန်းမာရေးဌာနမှစစ်ဆေးချက်အရ သေဆုံးသူတွင်ဦးခေါင်းခွံကြေမွ၊ ခြေထောက် ကျိုးသည့်ဒဏ်ရာများတွေ့ရကြောင်း ၎င်းအမှုအား လိုက်လံကူညီပေးနေသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်သီပေါမြို့နယ် အလုပ်အမှုဆောင်စိုင်းစိုင်းက သျှမ်းသံတော်ဆင့်အားအတည်ပြုပြောဆိုသည်။
လက်ရှိတွင်သီပေါမြို့နယ်အတွင်းလိုင်စင်မဲ့ကားများအများအပြားတွေ့ရှိသဖြင့် ယာဉ်တိုက်မှုများဖြစ်ပွါးပါက ရှာဖွေဖမ်းဆီးရန်ခက်ခဲမှုရှိကြောင်း သီပေါဒေသခံများကပြောဆိုသည်။
Tags: Crime, News