မူးယစ်ဆေးစွဲလူနာများကုသရေး နှင့် ပြန်လည် ထူထောင်ရေးစခန်း တီးမားစခန်းကိုလုံခြုံရေးအရ လားရှိုးကိုပြောင်းရွှေ့မည်



သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ် မူးယစ်ဆေးစွဲလူနာများကုသရေး နှင့် ပြန်လည် ထူထောင်ရေးစခန်း တီးမားစခန်းကိုလုံခြုံရေးအရ လားရှိုးကိုပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် မူး/စိတ်/တား အစည်းအဝေးမှသိရသည်။


သြဂတ်စ် ၄ ရက်နေ့ကသျှမ်းပြည်နယ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ မှ မူးယစ်ဆေးစွဲကုသရေးဌာနဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစီမံ ချက် အကောင်အထည်ဖော်ရေး နှင့် တားဆီးကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။


“တီးမားထူထောင်ရေးစခန်းက ကွတ်ခိုင်မှာရှိတယ်၊ အဲ့ဒါကိုလုံခြုံရေးအရ တီးမားမှာဆက်မထားဘဲနဲ့ လားရှိုးကိုပြောင်းဖို့လုပ်မယ်။ ဖယ်ခုံကတော့ လုံခြုံရေးအနေအထားကောအားလုံးကောင်းတဲ့အတွက် ဖယ်ခုံကိုဖွင့်လှစ်ဖို့ လျာပြီး ပြန်လည်ပြီးသတ်မှတ်ထားတာပေါ့” ဟုသျှမ်းပြည်နယ် ဆေးဖြတ်စခန်း ရုံးတာဝန်ခံဒုရဲမှူးကြီးခင်အောင်ကပြောသည်။


သျှမ်းပြည်နယ်အတွင်းမူးယစ်ဆေးဝါးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေးစခန်း  ၂ ခုရှိပြီးကွတ်ခိုင်မြို့နယ်မှာရှိသည့် တီးမားစခန်း နှင့် ဖယ်ခုံမြို့နယ်မှာရှိသည့် ရွှေပြည်အေးစခန်း  ဖြစ်သည်။


ဖယ်ခုံရှိပြန်လည်ထူထောင်ရေးစခန်းရွှေပြည်အေးစခန်းကို စည်းဝေးဆုံးဖြတ်ချက်မှာ ရွှေပြည်အေးကို နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် လွိုင်ကော်မြို့နယ် ပြောင်းရွှေ့မည်ကိုမပြောင်းရွှေ့ဘဲ ရွှေပြည်အေးစခန်းထဲမှာဘဲဆက်လက်ထားရှိရန် သျှမ်းပြည်နယ် မူး/စိတ်/တားအနေနဲ့ ဆွေးနွေးကြကြောင်းအမှတ်(၂) မူးယစ်တပ်ဖွဲ့ခွဲမှူး  ဒုရဲမှူးကြီးစောလေးဝါးကပြောသည်။


“ဖယ်ခုံ ပြန်လည်ထူထောင်ရေးစခန်းကို ကျနော်တို့ ပြန်လည်ပြီး update မြင့်တင်မယ်၊ နောက်တစ်ခုက ဒီတီးမားကိုလားရှိုးကိုပြောင်းလဲဖွင့်လှစ်ပြီးတော့ အမြန်ဆုံးအကောင်အထည် ဖော်ဖို့၊ နောက်တစ်ခုက ဒီအစည်းဝေးဆုံးဖြတ်ချက်ကအစိုးရဘတ်ဂျတ်ကိုအမြန်ဆုံးချမယ် ပြည်ထောင်စုအနေအထားနဲ့လည်း ဒါကိုတွန်းအားပေးပြီးတော့ ဒါကိုအမြန်ဆုံးအကောင်အထည်ဖော်ဖို့ အနေအထားလုပ်နေတယ်” ဟု သျှမ်းပြည်နယ် ဆေးဖြတ်စခန်းရုံးတာဝန်ခံ ဒုရဲမှူးကြီးခင်အောင် ကပြောသည်။


မူးယစ်ဆေးဝါးစွဲလူငယ်များကို ပြန်လည်ထူထောင်ရေးအတွက် လက်ရှိအနေအထားမှာမူးယစ်ဆေးဝါး နှင့် ပတ်သက်ပြီးလူငယ်များကျေးကျွန်ဖြစ်နေရခြင်း ၄င်းတို့ ဘဝကို ပြန်လည်ကောင်းမွန်ရန်အတွက် ပြန်လည်ထူထောင်ရေးစခန်းကိုလုပ်ရခြင်းဖြစ်ပြီးလူမှုဘဝ ပြန်လည်ဝင်ဆံ့နိုင်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates