တရုတ်ဘက်ခြမ်းနေဒေသခံရွာသားတဦးအား တရုတ်ရဲဖမ်းဆီးရိုက်နှက်ရာမှသေဆုံးမှုအပေါ် တရားမျှတစွာ ဆောင်ရွက်ပေးဖို့ ရွာသားများဆန္ဒပြတောင်းဆို
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တဘက်ခြမ်း ရွှေလီမြို့နယ် နောင်တောဝ်အုပ်စုအတွင်းနေ ဒေသခံ သျှမ်းအမျိုး သားတဦးအား တရုတ်ရဲများ ဖမ်းဆီးစစ်ဆေးရိုက်နှက်ရာမှ သေဆုံးသွားသည့်အပေါ် ၂ ဦး ၂ ဘက် ဆွေးနွေး ညှိနှိုင်းမှုမရသေးသဖြင့် အလောင်းအား သင်္ဂြိုလ်နိုင်ခြင်းမရှိသေးဘဲ တရားမျှတစွာ ဖြေရှင်းပေးဖို့ ရွာသူရွားများ စုပေါင်းကာ တရုတ် အာဏာပိုင်များထံ ဆန္ဒပြတောင်းဆိုနေကြသည်။
ရွှေလီမြို့နယ် နောင်တောဝ်အုပ်စု ဂျယ်မိုင်ရွာသား စိုင်းမောင်ညွန့် ဆိုသူအား တရုတ်ရဲများက ဩဂတ်စ်လ ၁၇ ရက်နေ့က ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးသွားခဲ့မှုအပေါ် တရားမျှတစွာစီရင်ပေးရန် ရွှေလီမြို့ အာဏာပိုင်များအား ဂျယ်မိုင်ရွာသားများက တောင်းဆိုလိုက်သည်။
“စိုင်းမောင်ညွန့်က ရွှေလီမြို့နယ်ထဲက ဂျယ်မိုင်ရွာသူနဲ့ အိမ်ထောင်ပြုထားသူဖြစ်တယ်။ ၁၇ ရက်နေ့တုန်းက ဂျယ်မိုင်ရွာထဲက အလှူတခုသွားပြီးအပြန်လမ်းမှာ တရုတ်ရဲတွေကသူ့ကိုမမေးဘဲဖမ်းဆီးပြီး ရဲကားပေါ်တင်လိုက် တယ်။ သူက ဂျယ်မိုင်ရွာသားဖြစ်ကြောင်းပြောတာကို ရဲတွေကသူ့ကိုပြန်မလွှတ်ဘူး။ ၂၂ ရက်နေ့ရဲတွေအကြောင်း ကြားမှ သူ့မိသားစုသွားကြည့်မှ ရိုက်နှက်မှုဒဏ်ရာတွေနဲ့ သူသေနေတဲ့အလောင်းဘဲ တွေ့ရတာ။ အဲဒီအတွက် တရားမျှတမှု ရှိအောင် တာဝန်ယူစစ်ဆေးပေးဖို့ ဂျယ်မိုင်ရွာအကြီးအကဲတွေနဲ့ရွာသားတွေက ဆန္ဒပြတောင်းဆို တာဖြစ်တယ် ” - ဟု ရွှေလီဒေသခံ စိုင်းမောဝ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။
ဂျယ်မိုင်ရွာသား ၁၀၀ ကျော်သည် ဩဂတ်စ်လ ၂၅ ရက်နေ့က နောင်တောဝ်ရဲစခန်းရှေ့တွင်သွား ပထမအကြိမ် သွား ရောက်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်၏။ သို့သော် ယနေ့ ဩဂတ်စ်လ ၂၉ ရက်နေ့တိုင် တရုတ်အာဏာပိုင်များဘက်မှ တုန့်ပြန်စီစဉ်ပေးခြင်းမရှိသဖြင့် စိုင်းမောင်ညွန့်၏ အလောင်းလည်း သဂြိုဟ်ခြင်းမပြုဘဲ အမှုမှန်ပေါ်ပေါက်ဖို့ရန် ဆန္ဒဖေါ်ထုတ်သည့်အနေဖြင့် အလောင်း ဆက်လက်ထားရှိ သွားမည်ဖြစ်သည်ဟု ဂျယ်မိုင်ရွာအကြီးအကဲ ဦးလုံးယီ့ကပြောသည်။
“ ဘာကြောင့်သူ့ကိုဖမ်းသလဲ။ ဘာကြောင့် သေတဲ့အထိ သူ့ကိုရိုက်နှက်သလဲဆိုတာကို ဂျယ်မိုင်ရွာသားတွေ ကိုလာပြီး ရှင်းပြဖို့ ပြီးခဲ့တဲ့အပတ် စနေနေ့ ဩဂတ်စ်လ ၂၅ ရက်နေ့က နောင်တောဝ်းရဲတပ်ဖွဲ့ကို ကျနော်တို့ သွားပြီးတောင်းဆိုတယ်။ ဒါပေမယ့်ရဲက ဘာမှမတုန့်ပြန်ဘူး။ ဂရုမစိုက်ဘူး။ ကျနော်တို့ဒီဒေသ သျှမ်းထုံးစံက သေဆုံးသွားတဲ့အိမ်ထောင်ဦးစီးအတွက် ၇ ရက်အသုဘအခမ်းအနားပြုပေးရတယ်။ အဲတာကိုတရက် ယွမ်ငွေ ၅၀၀၀ လောက်ကျမယ်။ အဲဒီအတွက် ၇ ရက်စာ ရဲစခန်းဘက်ကလျော်ကြေးပေးဖို့ ပေါ့။ ဒါကြောင့်ကျနော် တို့ဩဂတ်စ် ၂၉-၃၀ မှာလည်း နောင်တောဝ်ရဲတွေကိုထပ်ပြီး သွားပြီးဆန္ဒပြတောင်းဆိုရတာဖြစ်တယ်။ အဲတာကို မဖြစ်နိုင်ဘူးလို့ရဲကပြောတယ်။ ဒါကြောင့် တရားမျှတစွာမဖြေရှင်းပေးရင်ကျနော်တို့ထပ်ပြီး သွားပြီးဆန္ဒပြဦးမယ် ”- ဟု လုံးယီ့က ပြောသည်။
ရွှေလီမြို့နယ် နောင်တောဝ်အုပ်စုအတွင်းရှိ ဂျယ်မိုင်ရွာသည် သျှမ်းလူမျိုးများနေထိုင်သည့် အိမ်ခြေ ၁၀၀ ခန့် ရှိပါသည်။ တရုတ်အာဏာပိုင်များ ယခုကျူးလွန်မှုကို တာဝန်ယူဖြေရှင်းပေးရန်နှင့် နောက်နောင်တွင် ယခုကဲ့သို့ ရွာသားများအပေါ် လူ့အခွင့်အရေးကျူးလွန်မှုမပြုနိုင်အောင် ရည်ရွယ်ပြီး ရွာသားများ ညီညွတ်မှုပြသည့်အနေဖြင့် စုပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းလည်း ဂျယ်မိုင်ရွာအကြီးအကဲကပြောသည်။
စိုင်းမောင်ညွန့်အသက် ၅၃ နှစ်သည် ကချင်-သျှမ်းနယ်စပ် မံစီမြို့နယ် ထွန့်လွယ်ဟိုဆေအုပ်စု မန့်မွန်းရွာ ဇာတိဖြစ်ပြီး နမ့်ခမ်းမြို့နှင့်မျက်နှာချင်းဆိုင် တရုတ်နိုင်ငံ ရွှေလီမြို့နယ် နောင်တောဝ်အုပ်စုသူ ပါ့ခမ်းပင်းနှင့် အိမ်ထောင်ပြုပါသည်။ ၎င်းတို့တွင် သမီး ၂ ဦးထွန်းကားခဲ့ပါသည်။
ဩဂတ်စ်လဆန်းပိုင်းကစပြီး တရုတ်နိုင်ငံ ရွှေလီဘက်ခြမ်းသို့သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ နိုင်ငံသား အလုပ်သမားများအား တရုတ်ရဲများ ဆက်တိုက်စစ်ဆေးဖမ်းဆီးရာမှ နယ်စပ်ဒေသနေဒေသခံများ ကိုပါမကျန် ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်ပါသည်။
Tags: Human Right, News