တပ်မတော်၏ လုပ်ပိုင်ခွင့်များကို မထိန်းချုပ်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်ဟု တောင်ကြီးမြို့ ၈ လေးလုံး အခမ်းအနားတွင် ဦးဆောင်ကျင်းပသူများဝေဖန်



၂၉ နှစ်ပြည့် ၈ လေးလုံး အထိမ်းအမှတ် အခမ်းအနားကို တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ  ၈ လေးလုံး အထိမ်းအမှတ် ကျောက်တိုင်ကွင်းမှာ သျှမ်းပြည် ၈ လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီ (နိုင်ငံရေးအကျဉ်းသားဟောင်း) များမှ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနား ကျင်းပရေးကော်မတီ နာယက အောင်မြေဘုံစံကျောင်းတိုက် ဆရာတော် အရှင်ခေမာနန္ဒ မှ အဖွင့်သြဝါဒ မိန့်ခွန်းပေးပြီး၊ သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်စီးပွါးရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ သျှမ်းပြည်နယ်လွှတ်တော် တိုင်ကြားစာများစိစစ်ရေးကော်မတီဥက္ကဌ (နိုင်ငံရေးအကျဉ်းသားဟောင်း) ဦးစိုင်းမျိုးမြင့်၊ မြို့မိ မြို့ဖ ဆရာဦးမောင်မောင်သန်း၊ ၈ လေးလုံးနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးတင်မောင်တိုး၊ ဦးအောင်အောင်တို့မှ အမှာစကားပြောကြားခဲ့သည်။


၈ လေးလုံးနှစ်ပတ်လည်အခမ်းအနားကို စစ်အစိုးရလက်အောက်မှာကတည်းက ခိုးကြောင်ခိုးဝှက် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ကြောင်း ၈ လေးလုံးနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးကော်မတီ ဦးတင်မောင်တိုး ကပြောသည်။


တဖက်ကလည်း တပ်မတော်၏ လုပ် ပိုင်ခွင့် များကို မထိန်းချုပ်နိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေး မရရှိနိုင်မည်မဟုတ်ကြောင်း၊   ရှေ့ဆက် ပြည်သူလူထုနှင့်အစိုးရကြားတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် နိုင်ငံရေးမျိုးဆက်များမှ ကြားခံ အဖြစ် ပူးပေါင်း ကူညီသွားရန်ရည် ရွယ်ကြောင်း ဦးတင်မောင်တိုးကပြောသည် ။


"အာဏာရှင် ရှိနေရင် တော်လှန်ရေးကရှိနေဦးမှာပဲ ၊ တပ်မတော် ရဲ့ လုပ်ရပ်တွေကို မထိန်းချုပ် နိုင်ရင် ငြိမ်းချမ်းရေးမရနိုင်ဘူး ၊ တပ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ် နိုင်ဖို့ ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ပဲမဖြစ်နိုင်ဘူး ၊ ဒါ့ကြောင့် ၂၀၀၈ ကိုမပြင်ပဲ ငြိမ်းချမ်း ရေးမရနိုင်ဘူးလို့ ကျနော်တို့ ယုံကြည် ပြီးသား" ဟု ၄င်းက လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဝေဖန်သုံးသပ်သည် ။


နိုင်ငံရေး အကျဉ်းသားဟောင်း ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးကလည်း "ငြိမ်းချမ်းရေးကို စားပွဲပေါ်မှာတင် စားရင်း သောက်ရင်း ပြောနေပေမဲ့ တကယ်တမ်း ကျမတို့ သျှမ်းပြည်နယ် မှာ အတိုက်အခိုက် တွေ အပြစ်အခတ်တွေ နဲ့ပြေးလွှားနေရတုန်းပါပဲ ၊  ငြိမ်းချမ်းရပြီးမှ ၂၀၀၈ ကိုပြင်မယ့်ကိစ္စဟာ မဖြစ်နိုင်တဲ့ ကိစ္စ ပါပဲ "ဟု ပြောကြားသွားသည် ။ အဆိုပါ အခမ်းအနားရှိ ဓါတ်ပုံပြခန်းသို့ လာရောက်ကြည့်ရှုသူရာချီခန့်ရှိပါသည် ။


သျှမ်းပြည်နယ် လွှတ်တော် တိုင်ကြားစာများစိစစ်ရေးကော်မတီ ဥက္ကဌ (နိုင်ငံရေးအကျဉ်းသားဟောင်း) ဦးမျိုးမြင့် က  “ဒီမိုကရေစီဘက်တော်သားတွေအားလုံး ကျနော်တို့ တွေအားလုံးပေါ့ နောက်ထပ် စစ်အာဏာရှင်ပေါ်ပေါက် လာမယ်ဆိုရင်လည်း ရင်ဆိုင်ဖို့ ခုခံဖို့ တွန်းလှန်ဖို့ အဆင်သင့်ရှိတယ်၊ အားအင်တွေ မကုန်သေးပါဘူးဆိုတာကို ပြောချင်တယ်၊ ကျနော်မြင်တာကတော့ ကျနော်တို့ နိုင်ငံရေးအင်အားစုဟာ အရှိန်ကမသေသေးဘူး” ဟု  ပြောသည်။


စစ်အာဏာရှင်တွေကို တော်လှန်ပြီး  ကျဆုံးခဲ့သည့် ညီအစ်ကို  ရဲဘော်ရဲဘက် ရဟန်းရှင်လူ အားလုံးကို  မမေ့မလျော့ ဂုဏ်ပြုသည့် အနေနှင့် အခမ်းအနားကို ကျင်းပခြင်း ဖြစ်ရာ ၈ လေးလုံးနေ့ဖြစ်သည့် သြဂတ်စ်လ ၈ ရက်နေ့အား ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးစေလိုကြောင်း သျှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းနိုင် ကပြောသည်။


“၈ လေးလုံးနေ့ဟာ ရုံးပိတ်ရက်တစ်ခုအနေနဲ့ ဖြစ်စေချင်တယ်၊ ဘာလို့လဲဆိုတော့ ဒီတိုက်ပွဲဟာ ပြည်သူ့အရေး ကို တော်လှန်ခြင်းဖြစ်ခဲ့တဲ့အတွက် ကျနော်တို့အခုမှ အစပြောင်းရုံဘဲ ဖြစ်တဲ့အတွက် ဒါကို နောင်လာနောက်သားတွေ အားလုံး သိအောင် နိုင်ငံတော် နေ့ရက် တစ်ခုအနေနဲ့  ပိတ်ပေးစေချင်တယ်၊ လုပ်စေချင်တယ်” ဟု ပြောသည်။


၂၉ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်အခမ်းအနားတွင် ပါတီ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သဝဏ်လွှာ ၆ စောင်ရှိပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates