သီပေါမြို့နှင့် မိုင်းကိုင်မြို့ကြား TYN သျှမ်းလူငယ် စုပေါင်းသစ်ပင်စိုက်



သစ်ပင်စိုက်ပျိုးကြပုံ (နမ့်လန် TYN) သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ နှင့် မိုင်းကိုင်မြို့ကြား သီပေါမြို့နယ်အတွင်း နမ့်လန်တိုက်နယ် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် TYN တို့ စုပေါင်း သစ်ပင်စိုက်ပျိုးကြသည်။


သြဂတ်စ်လ ၂၆ ရက် နံနက် ၈ နာရီမှ ၃ နာရီထိ နမ့်လန်တိုက်နယ်ရှိ လွယ်တိန်း ဘုန်းကြီးကျောင်း တောင်စောင်းတစ်ဝိုက်တွင် ကျွန်းပင် နှင့် အခြားအပင်များ  တစ်ထောင်ကျော် စိုက်ပျိုးကြောင်း သိရသည်။


“ဘာကြောင့် စိုက်လဲဆိုတော့ အခု သစ်ပင်ကြီးတွေ သိပ်မရှိတော့ဘူး၊ သဘာဝ ဘေးအန္တရယ် လည်း မကြာခဏကြုံတွေ့နေရတယ်၊ ဒီလိုကြုံတွေ့နေရတာက သစ်ပင်တွေ မရှိတော့လို့  ဒါကြောင့် တတ်နိုင်သလောက် သစ်ပင်တွေ ပြန်စိုက်ကြတာပါ” ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် TYN ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်နော်ဆိုင် ကပြောသည်။


သစ်ပင်စိုက်ပျိုး ရခြင်းသည် လူငယ်များ တောတောင်ရေမြေ သဘာဝကို မြတ်နိုးတန်ဖိုးထား တတ်ပြီး သဘာဝ ပတ်ဝန်းကျင်သည် လူသားတို့အတွက် အကျိုးပြုပုံကို လူငယ်များ နားလည် စေချင်ကြောင်း ၄င်းကပြောသည်။


“နမ့်လန်မှာရှိတဲ့ TYN လူငယ်အဖွဲ့တွေ ဦးဆောင်ပြီးစိုက်တာပါ၊ စိုက်ပျိုးတဲ့ အပင်တွေကတော့ သစ်တောဦးစီးဌာနကနေ ရလာတာရှိသလို ဝယ်လာတာတွေလည်းရှိတယ်၊  ကျွန်းသစ် အပင်ပေါင်း ၃၀၀ ကျော် နဲ့ မယ်ဇလီ ၁၀၀ ကျော်က သစ်တောဆီကနေ ရလာတယ်” ဟု စိုင်းနော်ဆိုင် ကပြောသည်။


နမ့်လန်တိုက်နယ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက်မှ ဦးဆောင်ပြီး နမ့်လန်လူငယ်များ၊ မန်လီလူငယ်များ၊ နားမွန်းလူငယ်များ၊ ကုန်းသာလူငယ်များ စုပေါင်းပြီး လူအင်အား ၁၅၀ ကျော် နှင့် စိုက်ပျိုးကြသည်။


နမ့်လန်လူငယ်များ စိုက်ကြသည့် အပင်များမှာ ကျွန်းပင်၊ မယ်ဇလီပင်၊ သရက်ပင်၊ ချယ်ရီပင် ၊ ခရေပင်၊ ရေပိတုန်းပင်၊ ရေမနေပင်၊ စိန်ပန်း ၊ ထောပတ်ပင်၊ ညောင်ပင်၊ စွယ်တော်ပင်၊ ပိတောက်ပင် နှင့် အင်ကြင်းပင် စုစုပေါင်း  အပင်ပေါင်း တစ်ထောင်ကျော်ရှိကြောင်း  သိရသည်။


ဓါတ်ပုံ- နမ့်လန်တိုက်နယ် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် TYN တို့ စုပေါင်း




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates