သျှမ်းပြည်အလှူရှင်များအဖွဲ့ ရခိုင်ရှိဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးရန် တောင်ကြီးမှ စစ်တွေသို့ ခရီးစတင်



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်း များစုပေါင်းပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော  အကြမ်းဖက် တိုက်ခိုက်မှုမှ ဒုက္ခသည်များကို ကူညီထောက်ပံ့မှုပေးရန်အတွက် တောင်ကြီးမှ စစ်တွေသို့ ခရီးစတင်နေပြီဖြစ်ကြောင်း သိရသည်။


“ရည်ရွယ်ချက်ကတော့ အလှူငွေတွေအားလုံး ဒုက္ခသည်တွေလက်ထဲရောက် အောင်ပို့နိုင် ဖို့ပါ။လောလောဆယ်တော့ သျှမ်းပြည်အလှူရှင်များဆိုတဲ့နာမည်နဲ့ဘဲသွားပါတယ်။” - ဟုလည်း ခရီးစဉ်တွင်လိုက်ပါသူ စိုင်းစိုင်း ကသျှမ်းသံတော်ဆင့်အားပြောပြသည်။


တောင်ကြီးမြို့ပေါ်ရှိ  တရားဥပဒေစိုးမိုးရေးကွန်ရက်၊ သျှမ်းတောင်မော်တော်ယာဉ် အကျိုးဆောင်အသင်း၊ ရခိုင်မိသားစုသာရေးနာရေးအသင်း၊ သျှမ်းပြည်မျိုးဆက်အင်အားစု နှင့် သျှမ်းပြည်နိုင်ငံရေးအဖွဲ့  စုစုပေါင်း ၅ ဖွဲ့ စုပေါင်းပြီး စက်တင်ဘာ ၁၈ ရက်နေ့ ယနေ့ မနက်ပိုင်းက တောင်ကြီးမြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ စတင်ထွက်ခွာသွားကြောင်း သိရသည်။


“အဓိကကတော့ တောင်ကြီးမြို့ကို အခြေပြုကောက်ခံတယ်။ နောက် ဟိုပုံးကို တစ်ရက်ခဏသွားတယ်  ကျန်တာကတော့ အဖွဲ့အစည်းအသီးသီးကမိတ်ဆွေတွေ နယ်စုံက  လှူကြပါတယ်၊ လောလောဆယ် စစ်တွေကို ဦးတည်ပြီးသွားမယ် စစ်တွေရောက်မှ ဘူးသီးတောင် မောင်တောဘက်ကို တရားဝင်ခွင့်ပြုချက်နဲ့  ဆက်သွားမှာပါ” ဟု တရားဥပဒေ စိုးမိုးရေကွန်ရက်  ဝင်းနိုင်စိုး ကပြောသည်။


စက်တင်ဘာ ၄ ရက် မှ  ၁၅ ရက်နေ့အထိ အလှူငွေ ကောက်ခံရသည့် ငွေသား ကျပ်သိန်း (၁၅၀) ကျော် နှင့် ထောက်ပံ့ရေး ပစ္စည်း ၁၅ သိန်းကျော် တို့ကို  သွားရောက်ကူညီမည် ဖြစ်ကြောင်း သိရသည်။


“ကျနော်တို့ နိုင်ငံက တိုင်းရင်းသားတွေ ဒုက္ခရောက်နေတာ အဲ့ဒီအတွက် ဝိုင်းဝန်းကူညီ ပေးကြပါလို့ ပြောချင်ပါတယ်” ဟု တရားဥပေဒစိုးမိုးရေးကွန်ရက် ဝင်းနိုင်စိုး ကပြောသည်။


ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်တပ်မတော်ဘက်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ (မိမိကိုယ်ကို ရိုဟင်ဂျာဟုခေါ်ဆိုသည့်) ဘင်္ဂါလီမျိုးနွယ်စု ဒုက္ခသည် ၄ သိန်းကျော် ထွက်ပြေးခိုလှုံနေပါသည်။ ထိုသူများအတွက် ဘင်္ဂလားအစိုးရက နိုင်ငံတကာအဖွဲ့ အစည်းနှင့်ပူးပေါင်းကာ ဒုက္ခသည်စခန်းတည်ဆောက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။


အဆိုပါစစ်ဘေးရှောင်များနှင့်ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ဖိအားပေးရန် နိုင်ငံတကာ တောင်းဆိုမှုများ ထွက်ပေါ်လာပြီး ဘင်္ဂါလီအရေးကို  ကုလသမဂ္ဂ လုံခြုံရေးညီလာခံတွင် ထည့်သွင်းဆွေးနွေးရန် ဗြိတိန် နှင့် ဆွီဒင် တို့က အဆိုပြုခဲ့သည်။


ဆက်ဖတ်ရန်


ဆောင်ဟန်လီမိန်းတိုင်း သျှမ်းသီချင်းပိုင်ရှင် စိုင်းငိတ်ခမ်း ကွယ်လွန်



သျှမ်းပြည်မြောက်ပိုင်း လားရှိုးသား သျှမ်းအဆိုတော် စိုင်းငိတ်ခမ်း သွေးတိုးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။


အသက် ၄၄ နှစ်အရွယ် စိုင်းငိတ်ခမ်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့က လားရှိုးမြို့တွင်ကွယ်လွန်ခြင်းဖြစ်ပါသည်။


“အရမ်းကိုနှမျောမိပါတယ်။ ချက်ချင်းကြီးဆိုတော့ နှမျောပါတယ်။ မိသားစု ၀င်တွေနဲ့ထပ်တူ ၀မ်းနည်းကြေကွဲမိပါတယ်။ သူဟာ စိတ်ရင်းကောင်း သူဖြစ်တယ်။ကိုယ်ကျင့်တရားကောင်းတယ်။ ပရဟိတလုပ်ငန်းဆိုရင်လည်း အားကြိုးမာန်တက်လုပ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေအပေါ် ဘယ်တုန်းကမှ ခိုက်ရန်စကားများတာတွေမဖြစ်ဖူး ဘူး။သူဟာသဘော ထားကြီးသူတယောက်ဖြစ်ပါတယ်။” - ဟု လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သည့် မူစယ်မြို့သား စိုင်းခွန်စိုင်းကပြောသည်။


စိုင်းငိတ်ခမ်းသည် လားရှိုးမြို့နေ ဦးလုံးဆန်အေ ပါ့ခမ်းလျန်တို့၏သားဖြစ်ပြီး မွေးချင်း ရ ယောက်ရှိပါသည်။ မူစယ်မြို့သူ နန်းအေ့ခမ်းနှင့် အိမ်ထောင်ပြုပြီး သမီး နန်းဟွမ်ဆိုင်ဟိန်းနှင့် သား စိုင်းနော်ခမ်းတို့ ၂ ဦးထွန်းကားခဲ့သည်။ လားရှိုးမြို့ ရပ်ကွက် ၆ တွင်နေထိုင်လျှက်ရှိပါသည်။


“သူက သီချင်းအယ်လဘမ် ၃ ခု ထွက်ပါတယ်။ သီချင်းအပုဒ်ရေ ၃၀ နီးနီး ထွက်ပါတယ်။ နန်းမိုမိုခမ်းအေးတို့နဲ့က အယ်လဘမ် ၂ ခု။ သူ့တကိုယ်ေ တာ် က ၁ ခုပေါ့။ သူတေးဂီတလောကထဲကို ၁၉၈၀ ခုနှစ်ကျော်လောက် ကတည်းက ၀င်လာပါတယ်။ ပွဲလမ်းသဘင်တွေမှာသီချင်းသွား ဆိုပေးပါတယ်။”- ဟု စိုင်းခွန်စိုင်းကပြောသည်။


စိုင်းငိတ်ခမ်းသည် ဆောင်ဟန်လီမိန်းတိုင်း သီချင်းဖြင့် သျှမ်းလူထု လူငယ်ကြားနာမည်ကြီးခဲ့ပါသည်။


ဆက်ဖတ်ရန်


၂၀၁၇ ‘စဝ်သုစန္ဒီခေါင်းဆောင်ဆု’ ရှင် အား စက်တင်ဘာလအတွင်း ဖေါင်ပိတ် ရွေးချယ်မည်



အများအကျိုးသယ်ပိုးသူ သျှမ်းလူငယ်များအား တနှစ်တယောက် ရွေးချယ်ကာ  ပေးအပ်ချီးမြင့်သည့် ‘စဝ်သုစန္ဒီခေါင်းဆောင်ဆု’ အတွက် လျှောက်ထားနိုင်ကြောင်း ဆုရှင်ရွေးချယ် ရေးကော်မတီက ယနေ့ ထုတ်ပြန်လိုက်သည်။


၂၀၁၇ နှစ်ကုန်ပိုင်းတွင် ပေးအပ်ချီးမြင့်မည့် ‘စဝ်သုစန္ဒီခေါင်းဆောင်ဆု’ ရှင်အတွက် ကိုယ်ကျိုးစွန့်သူ လူငယ်များအနေဖြင့် စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားကာ အမြန်ဆုံးလျှောက်လွှာတင်ကြရန် ဆုချီးမြင့်ရေးကော်မတီ မှ တိုက်တွန်းသည်။


“အများအကျိုးအတွက် ကိုယ်ကျိုးစွန့်တဲ့ သျှမ်းလူငယ်တွေကို ဒီဆုက အသိအမှတ်ပြုတဲ့အတွက် စိတ် ဓါတ် ပိုင်းဆိုင်ရာမှာ အရမ်းခွန်အားဖြစ်စေပါတယ်။ တင်လျှောက်ဖို့ အ ချိန်အရမ်းကပ် လာနေလို့ အမြန်ဆုံး တင်လျှောက်စေချင်တယ်။ ဒါကတပိုင်းပေါ့။ နောက်တခုကျတော့လဲ ကျနော်တို့တွေက ဘာဘဲဖြစ်နေဖြစ်နေ ကျနော်တို့မျှော်လင့်ရာပန်းတိုင်ဆီကို အရောက်လျှောက်လှမ်းရမှာဘဲ။ ဒေသအကျိုး အများအကျိုးဆက်လက်ထမ်းဆောင်သွားကြရမှာဘဲ” - ဟု ၂၀၁၆ ခုက  ‘စဝ်သုစန္ဒီခေါင်း ဆောင်ဆု’ ရှင် စိုင်းဆု က ပြောသည်။


အဆိုပါ  ‘စဝ်သုစန္ဒီခေါင်းဆောင်ဆု’ ရှင်အား ယခင်နှစ်များက ဂုဏ်ပြုလွှာ နှင့်အတူ ဆုငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယခုနှစ်တွင်မူ ဒေါ်လာ ၄၀၀၀ တိုး၍ ချီးမြှင့်သွားမည်ဟု လည်း သိရပါသည်။


သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီမှ ချီးမြင့်သော Sao Thusandi Leadership Award စဝ်ဆုစန္ဒီခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်မှစ၍ အများအကျိုး သယ်ပိုးသူ အသက် ၃၅ နှစ်အောက် ကိုယ်ကျိုးစွန့် သျှမ်းလူငယ်များအား တနှစ်တဦးရွေးချယ်ကာ ဆုချီးမြင့်လာခဲ့သည် မှာ ယခုနှစ်တိုင် ဖြစ်ပါသည်။


ဆက်ဖတ်ရန်


မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး အထိန်းအမှတ်အဖြစ် လားရှိုးမြို့နယ်အတွင်း သျှမ်းလူငယ်ဘောလုံးအသင်း ၂၀ ကျော် ပြိုင်ပွဲကျင်းပမည်



ဒသတွင်းလူငယ်များ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရေးအတွက်ရည်ရွယ်ကာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း သျှမ်းလူငယ်ဘောလုံးအသင်းအဖွဲ့ ၂၀ ကျော် ကျေးရွာအုပ်စုများအဆင့် ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်းသိရသည်။


လူငယ်များဘော်လုံးပြိုင်ပွဲကျင်းပရေးကော်မတီမှ ပထမအကြိမ် အဖြစ်ယှဉ်ပြိုင်ကျမည့် ကျေးရွာအုပ်စုအလိုက် ဘော်လုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ လားရှိုးမြို့ ၁၂ ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်း ဘောလုံး ကွင်းတွင်ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။


“ဟုတ်ပါတယ်။ လားရှိုးမြို့နယ်ထဲက ကျေးရွာအုပ်စုလိုက် ဘော်လုံးအသင်းတွေ ပြိုင်ကြမယ်။ စာရင်းလာပေးတာလဲ ၄-၅ အုပ်စုရှိပြီ။ ၂၅ ရက်နေ့မှ ပြိုင်ပွဲကျင်းပမယ်ဆိုတော့ လေ့ကျင့်ချိန် ရက် ၂၀ လောက်ရှိနေတယ်လေ။ ဆုကလည်း ကျင်းပရေးကော်မတီကဘဲ ပေးမှာပါ။ ပြိုင်ပွဲ ၀င်ဖို့ မြို့တွင်း ရပ်ကွက် နဲ့ ဆို အသင်းပေါင်း ၂၀ လောက်ရှိမယ် ”- ဟု ဦးဆောင်ကော်မတီအဖွဲ့မှ့လူငယ် နန်းဖူးစာ ကသျှမ်းသံတော်ဆင့်အားပြောပြသည်။


ပြိုင်ပွဲကျင်းပရေးကော်မတီကိုပြီးခဲ့သည့် ၄ ရက်နေ့က နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်း၊ သျှမ်းလူငယ်မှ ကိုယ်စားလှယ်များကတွေ့ဆုံကာစုပေါင်း ဖွဲ့စည်းခဲ့သည်။


လားရှိုးမြို့TYO လူငယ်အဖွဲ့ခေါင်းဆောင်တဦးဖြစ်သော စိုင်းဟန်က - “ခုတော့အုပ်စုအဆင့်ပြိုင်မှာပါ။ အဲဒီကရ လာတဲ့အတော်ဆုံးအဖွဲ့ကို ခရိုင်အဆင့် ၊ မြောက်ပိုင်းကိုယ်စားပြုအဆင့် သျှမ်းပြည်နယ်အဆင့်ဆိုပြီး တဆင့်ပြီးတဆင့် ပြိုင်ပွဲတွေလုပ်နိုင်အောင်ကြိုးစားသွားပါမယ်။ ” - ဟု သျှမ်းသံတော်ဆင့်အားပြောသည်။


လက်ရှိပြိုင်ပွဲတွင် လားရှိုးမြို့နယ်အတွင်း စဉ့်အိုင်အုပ်စု၊ နောင်မွန်အုပ်စု၊ အီနိုင်းအုပ်စု၊ မိုင်းယန်းအုပ်စု၊မောက်တောင်းအုပ်စု၊ ပုန်းထွန်အုပ်စု၊ နမ့်ပေါင်အုပ်စု၊ ဟိုပိတ်အုပ်စု၊ မိုင်းယော်အုပ်စု၊ ဟန်နားအုပ်စု၊ ၀မ့်ပျန့်အုပ်စု၊ မိန်းတင်အုပ်စု၊ နမ့်ပူအုပ်စု တို့မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။


ဒေသတွင်းလူငယ်များ မူးယစ်ဆေးဝါးနှင့်ကင်းဝေးစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ကျန်းမာသန်စွမ်းစေရန်၊ အားကစားစိတ်ဓါတ်ရှင်သန်စေရန်၊ ထူးချွန်စေရန်၊ ရိုင်းပင်းကူညီတတ်စေရန်၊ ဒေသရပ်ရွာအကျိုးဝိုင်းဝန်းသယ်ပိုးတတ်စေရန် ရည်ရွယ်ကြောင်းသိရပါသည်။


လားရှိုးမြို့ ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီတွင် ဥက္ကဌအဖြစ် စိုင်းထွန်းတင်၊ဒုဥက္ကဌအဖြစ် စိုင်းဝန်းနောင်၊ စိုင်းမြင့်သိန်း၊ စိုင်းနီတွတ်တို့ဖြစ်ပြီး အလုပ်အမှုဆောင်စုစုပေါင်း ၃၀ ဦးရှိကြောင်းသိရပါသည်။


ဆက်ဖတ်ရန်


အသိမ်းခံရလယ်ယာမြေများပြန်လည်ရရှိရေး သျှမ်းပြည်နယ်လွှတ်တော်တိုင်ကြားစာ စီစစ်ရေးကော်မတီနှင့် တောင်သူလယ်သမားများ တောင်ကြီးမြို့တွင်တွေ့ဆုံ



သျှမ်းပြည်နယ်လွှတ်တော်တိုင်ကြားစာ စီစစ်ရေးကော်မတီနှင့် တောင်သူလယ်သမား၊ ပြည်သူလူထုများတွေ့ဆုံ ကာ အသိမ်းခံရ လယ်ယာမြေများ စုပေါင်း တောင်းဆိုသွားကြမည့်အကြောင်းဆွေးနွေးခဲ့သည်ဟုသိရသည်။


  သြဂတ်စ်လ ၂၉  ရက်နေ့က တောင်ကြီးမြို့ ၊ အောင်မြေဘုံစံ ကျောင်းတိုက်တွင် တွေ့ဆုံပွဲ ကျင်းပခဲ့ပြီး သျှမ်းပြည် နယ်တောင်ပိုင်းရှိ မြို့နယ်ပေါင်း  ရ   မြို့ နယ်မှ  မြေယာသိမ်းဆည်းခံ တောင်သူပေါင်း  ၁၅၀  ခန့်တက်ရောက် ခဲ့သည်ဟုသိရသည် ။


အဆိုပါတွေ့ဆုံပွဲကို သျှမ်းပြည်နိုင်ငံရေးအဖွဲ့မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ၄င်းအဖွဲ့မှ ဦးတင်မောင်တိုးက " အဓိက ကတော့ ပြည်နယ်အစိုးရပဲ ၊  ပြည်နယ်အစိုးရအနေနဲ့ တောင်သူတွေကို တကယ်စေတနာထားပြီး ဖြေရှင်းပေး မယ်ဆိုရင် ပြီးသွားနိုင်တဲ့အမှုတွေက အများကြီးပဲ ၊ ဒါပေမဲ့ အချိန်မပေးဘူး ကွင်းမဆင်းဘူး ဖြစ်နေတယ် ။  အစိုးရကိုလည်း ကျနော်တို့က လယ်ယာမြေကိစ္စကို ဦးစားပေးဖြေရှင်းစေချင်တယ် ။ အဲ့ဒီအတွက်နဲ့ ကျနော် တို့ လွှတ်တော်ကိုအကူအညီတောင်းတယ်။ လွှတ်တော်က ရေးရာကော်မတီနှစ်ခုက လည်းသူတို့ကူညီမယ်။ တောင်သူတွေနဲ့တွေ့ပေး ပါမယ်ဆိုပြီးတော့ ကျနော်တို့ ဒီပွဲလေးကို စီစဉ်ပေးဖြစ်တာပါ " ဟု ပြောသည် ။


ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO က သိမ်းဆည်းထားသော တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စုနှင့် ဖာမွန်းကျေးရွာ ရှိရွာပေါင်း  ၈  ရွာ မှစိုက်ပျိုးမြေ ဧကပေါင်း ၁၇၀၀ ခန့်အား မူလပိုင်ရှင်များထံလွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရန် တောင်းဆို တင်ပြသွားမည်ဟု မြေယာသိမ်းဆည်းခံရသည့် ၊ တောင်ကြီးမြို့နယ် ညိုမီးကျေးရွာမှကိုမောင်အေးကပြောသည် ။


ဆက်လက်၍ ၄င်းက " လက်ရှိအခြေ အနေကတော့ သူတို့ရောင်းစားထား တာတော် တော်များနေပြီ။ နစ်နာ ကြေးလဲမရဘူး ၊ ခုလဲ ကုမ္ပဏီတစ်ခုကို ဧက တစ်ရာကျော်ရောင်း လိုက်ပြီလို့ကျ နော်တို့သိထားတယ် ၊ ကျနော့်သိမ်းဆည်းခံရတဲ့မြေဧက ၄၀ ကျော်ပါ တယ် ၊ တကယ့် နစ်နာတဲ့ မူလပိုင်ရှင်တွေဆီ မြေတွေပြန်ရ စေချင်ပါတယ်  " ဆိုသည် ။


တောင်ကြီး ၊ ညောင်ရွှေ ၊ ဟိုပုံး ၊ ပင်းတယ ၊ ရွာငံ ၊  ကလော ၊ ဆီဆိုင် စသည့် (၇) မြို့နယ်မှ တင်ပြလာ သောမြေယာအမှုပေါင်း (၄၀) ကျော်ခန့်ရှိပြီး အဆိုပါများအား  အများဆုံးသိမ်းဆည်းသည့် အဖွဲ့အစည်းမှာ တပ်မတော်  ၊ ဒုတိယအများဆုံးမှာ ကုမ္ပဏီ ၊တတိယ အဆင့် ဌာနဆိုင်ရာ နှင့် ဌာနေ ပြည်သူ့စစ်အဖွဲ့ အစည်းများဖြစ် သည်ဟု ဦးတင်မောင်တိုး ကပြောသည် ။


အဆိုပါတွေ့ဆုံပွဲတွင် သျှမ်းပြည်နယ်လွှတ်တော်မှ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ မှ ဦးစိုင်းလုံ (နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) နှင့် ဦးစိုင်းမျိုးမြင့်(မိုးနဲမြို့နယ်  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ) တို့က တက်ရောက်ခဲ့ ပြီး တောင်သူများ တင်ပြလာသောအချက်အလက်များ မှတ်တမ်းတင်ကောက်ယူသွားသည်ဟု သိရသည် ။


ဆက်ဖတ်ရန်


အမျိုးသမီးများလိုအပ်ချက်အတွက်ချိတ်ဆက်ဖြေရှင်းနိုင်ဖို့ သျှမ်း/တောင် အမျိုးသမီးကွန်ရက် ပထမအကြိမ် တွေ့ဆုံဆွေးနွေး



အမျိုးသမီးများအားလုံး၏ လိုအပ်ချက်အသီးသီးကို အဖွဲ့အစည်းအချင်းချင်း ချိတ်ဆက်ပြီး ကူညီဖြေရှင်းနိုင် ရန်အတွက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌  သျှမ်း/တောင် အမျိုးသမီးကွန်ရက်မှ ပြုလုပ်ခဲ့ကြောင်းသိရသည်။


သြဂတ်စ် ၂၅ ရက်နေ့တွင်ပြုလုပ်သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ အမျိုးသမီး အရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းပေါင်း  ၂၅ ဖွဲ့ တက်ရောက်ခဲ့ကြပါသည်။


ဒေသအသီးသီးရှိ  အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျား/မ ရေးရာ ခွဲခြားဆက်ဆံမှုကို ဖြစ်တည်စေသည့် ဓလေ့ထုံးစံများနှင့် အမြင်သဘောထားများပပျောက် စေရန် ဆောင်ရွက်ခြင်း ၊ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်များမရှိစေရန် ဆောင်ရွက်ခြင်း စသည်တို့ကို လုပ် ဆောင်သင့်ကြောင်း၊ ယနေ့ခေတ်အမျိုးသမီးများသည် မီးဖိုချောင်တွင်သာ အချိန်ကုန်ဆုံး နေရသည့် ခေတ် မဟုတ်တော့ကြောင်း သျှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (အမျိုးသမီးရေးရာ ကော်မတီဥက္ကဌ) ဒေါက်တာ အောင်သန်းမောင် ကပြောသည်။


“အရင်က အမျိုးသမီးတွေ အိမ်တွင်းမှာပဲနေတယ်၊ အိမ်တွင်းကိစ္စတွေပဲဆောင်ရွက်တယ် ခုခေတ်မှာ လူမှု ရေးနယ်ပယ်မှာကော စီးပွားရေးနယ်ပယ်မှာကော  သူတို့မှာရှိတဲ့ အရည်အချင်းတွေကို  ဦးဆောင် နိုင်တယ် ဆိုတာ ပြသဖို့အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက် အသီးသီးကို ဒီမှာ ရှိတဲ့ ကွန်ရက်အားလုံးချိတ်ဆက်ပြီးတော့မှ ကူညီဖြေရှင်းသွားဖို့ ဆောင်ရွက်နေပါတယ် ” ဟု (Morning Star) မသန်စွမ်းအဖွဲ့အစည်း  မှ ဆရာမ ဒေါ်သန်းနွယ်အောင် ကပြောသည်။


အမျိုးသမီးများသည် အမျိုးသားများနှင့်  တန်းတူရည်တူ အခွင့်အရေးရှိပြီး တန်းတူလုပ်ကိုင်နိုင်ခြင်းနှင့် တန်းတူညီမျှမှုအားလုံးရရှိရန် အခွင့်အရေးရှိရန်အတွက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သျှမ်း/ တောင် အမျိုး သမီးအဖွဲ့ ညှိနှိုင်းရေးတာဝန်ခံ  ဒေါ်မျိုးနွယ်စီ ကပြောသည်။


“ဒါပေမယ့် ခုလောလောဆယ် အမျိုးသမီးစွမ်းဆောင်ရည် မြင့်တင်ပေးဖို့ကဏ္ဍ၊ ခေါင်းဆောင်မှုပိုင်းမှာ ပါဝင်နိုင်ဖို့ အခန်းကဏ္ဍတွေမှာ ကျမတို့ အဓိကထားပြီးလုပ်ဆောင်မယ်။ ဒါပေမယ့်  ကြားထဲမှာ အမျိုး သမီးအကြမ်းဖက်မှုတွေရှိမယ်။ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီမယ်။ အမျိုးသမီးတွေအများဆုံး ခံစားရ တာက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လည်းရှိတယ်” ဟု ဒေါ်မျိုးနွယ်စီ ကပြောသည်။


သျှမ်းတောင်အမျိုးသမီးများ ကွန်ရက် အဖွဲ့ကို ၂၀၁၄ တွင် စတင်ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က အဖွဲ့ အစည်း ၁၀ ခု ပါဝင်ပါသည်။  ယခုချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အဖွဲ့အစည်း ၂၅ ဖွဲ့ နှင့် မိတ်ဖက်နယ် အဖွဲ့ (၁၅) ဖွဲ့ စုစုပေါင်း သျှမ်း/တောင် အမျိုးသမီးများကွန်ရက်သည် အဖွဲ့အစည်းပေါင်း ၄၀ ပါဝင်ပါသည်။


ဆက်ဖတ်ရန်


တောင်ကြီး သျှမ်းစာပေယဉ်ကျေးမှုမှ ၁၀ တန်းအောင်ထူးချွန်ကျောင်းသား ၃၀ ကျော်အား ဂုဏ်ပြုချီးမြှင့်



၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်အောင်မြင်ခဲ့သော သျှမ်းတိုင်းရင်းသား ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲတရပ်ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းစာပေယဉ်ကျေးမှု အသင်းမှပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


သြဂတ်စ် ၁၂ ရက်နေ့က သျှမ်းစာပေယဉ်ကျေးမှုခန်းမ၌ ကျင်းပသော အဆိုပါ  ဂုဏ်ပြုပွဲအခမ်းအနားတွင် တောင်ကြီးမြို့ရှိ သျှမ်းလူမှုအသင်းအဖွဲ့ အသီးသီးမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က ထူးချွန်အောင်မြင်ခဲ့သော သျှမ်းတိုင်းရင်းသား ကျောင်းသား/သူ ၅၆ ဦးရှိကြောင်း သိရသည်။


၆ ဘာသာ ဂုဏ်ထူးရှင် နန်းဝိုဖောင်ဟွမ် က “ဒီလိုအောင်သွားတော့ ပျော်လည်းအရမ်းပျော်တယ်၊ ဆေးကျောင်းတက်မယ်  ဆရာဝန်ဖြစ်ချင်တယ် မိဘကလည်း ဆရာဝန်ဖြစ်စေချင်တယ် ကျမကိုယ်တိုင် လည်း ဆရာဝန်ဖြစ်ချင်တယ်၊ ဘာလို့လဲဆိုတော့  ကျမ ငယ်ငယ်ကတည်းက ကျမမြင်ဖူး တွေ့ဖူးတာက  ကျမတို့ မျိုးရိုးထဲမှာ  ဖျားနာတာတွေရှိရင် တစ်ချို့လည်း ပြန်ကုလို့ ကောင်းတာ ရှိသလို တစ်ချို့လည်း  ကုမရဘဲ သေဆုံးသွားတာလည်း ရှိတယ် အဲ့လိုတွေ့တော့ စိတ်မကောင်းဘူး ကြီးလာရင် ဆရာဝန်လုပ်ပြီး လူတကာကို ကုပေးချင်တယ်၊ ဘာအလုပ်မဆို  ကြိုးစားပြီး ဖြစ်အောင်လုပ်ရင်  အောင်မြင်မှာဘဲ လို့ပြောချင်ပါတယ်” ဟု ပြောသည်။


အဆိုပါအခမ်းအနားသို့ သျှမ်းလူမှုအသင်းအဖွဲ့အသီးသီး နှင့် ကျောင်းသား မိဘများကျောင်းသား/သူ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ပါသည်။


တောင်ကြီး သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ လုံးစိုင်းတင် က  “ကျနော်တို့ ကလေးတွေ အရင်ကထက် ပိုမိုချစ်ခင်ရင်းနှီးမှု ရှိလာအောင် ကိုယ့်လူမျိုး  စာပေအတွက် ရှေ့ဆက် လက်တွဲဆောင်ရွက်သွားဖို့ ကျနော်တို့ ရည်ရွယ်ပြီး ဒီဂုဏ်ပြုပွဲကို လုပ်ခဲ့တာပါ ” ပြောသည်။


၂၀၁၆-၂၀၁၇  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သော သျှမ်းတိုင်းရင်းသား ကျောင်းသား/သူများမှာ ၆ ဘာသာ ဂုဏ်ထူးရှင် (၂ ) ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် (၂ ) ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် (၃ ) ဦး ၊ ၃ ဘာသာဂုဏ်ထူးရှင် ( ၅ ) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်(၇) ဦး ၊ ၁ ဘာသာဂုဏ်ထူးရှင် (၆) ဦး နှင့် ရိုးရိုးအောင်မြင်သော ကျောင်းသား/သူ (၃၁ ) ဦး  တို့ကို ဂုဏ်ပြုချီးမြှင့် ခဲ့ပါသည်။


သျှမ်းပြည်နယ်အတွင်းရှိ ၂၀၁၆-၂၀၁၇  ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း ၄၆၀၀၀ ကျော်ရှိပြီး  အောင်မြင်သူ ၁၅၀၀၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။


ဆက်ဖတ်ရန်


မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် တတိယအကြိမ်ညီလာခံအတွက် ပဲခူးတိုင်း ဒေသကြီးအတွင်းကျင်းပမည်



သျှမ်းလူငယ်ကွန်ရက် TYN က ပဲခူးတိုင်းဒေသကြီးရှိ သျှမ်းများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် တတိယအကြိမ် ညီလာခံအတွက်ဆွေးနွေးပြင်ဆင်ကြကြောင်းသိရသည်။


ဂျူလိုင်လ ၂၇ ရက် ညနေ ၃ နာရီက သျှမ်းလူငယ်ကွန်ရက်မှလူငယ်ခေါင်းဆောင် ၆ ဦး ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်  အတွင်းရှိဒေသခံသျှမ်းများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် တောင်ငူ၊ ဖြူး၊ ကျောက်ကြီး၊ ကျောက်တံခါး ၄ မြို့နယ်ရှိ သျှမ်းများနှင့်ထပ်မံတွေ့ဆုံကာ ညီလာခံကျင်းပရေးအတွက် ရှင်းလင်းပြသခဲ့သည်။

သျှမ်းလူငယ်ကွန်ရက် TYN က ပဲခူးတိုင်းဒေသကြီးရှိ သျှမ်းများနှင့်တွေ့ဆုံ
TYN လူငယ်ခေါင်းဆောင်တဦးဖြစ်သည့် စိုင်းလွယ်ခမ်းပန်က - လာမယ့်တတိယအကြိမ် ညီလာခံ အတွက်ကြို တင်တွေ့ဆုံဆွေးနွေးစီစဉ်တာ။  အခုလိုလာရောက်တွေ့ဆုံဖို့အတွက် ဒုတိယအကြိမ်ညီလာခံက တည်းကစီစဉ် ထားပြီးသား။ တတိယအကြိမ်ညီလာခံကိုလည်း ကျောက်တံခါးမြို့ သပြေတန်းမှာလုပ်ဖို့ ဆွေးနွေးကြတယ်” - ဟုပြောဆိုသည်။


၂၈ ရက်နေ့တွင်မူ တောကျွဲအင်းမြို့သို့သွားရောက်ကာ သျှမ်းဒေသခံများနှင့်တွေ့ဆုံခဲ့ကြသေးသည်။ ယခုကျင်းပမည့်ညီလာခံသည် ဒေသတွင်းလူငယ်အချင်းချင်းလက်တွဲဆောင်ရွက်သွားနိုင်ရန် ၊ အတွေ့ အကြုံဗဟုသုတ များဖလှယ်နိုင်ရန်နှင့် လူငယ်ထုအရေးလက်တွဲဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်သည်ဟုပြောသည်။


ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် ညီလာခံကို ၂၀၁၃ ခုနှစ်ကလည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၁၅ ခုနှစ်ကလည်းကောင်း မန္တလေးမြို့တွင်ကျင်းပခဲ့ပြီး ယခုတတိယအကြိမ်ကို ပဲခူးတိုင်းတွင်သွားရောက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။


ဆက်ဖတ်ရန်


ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် လူမှုအဖွဲ့အစည်းများ နှင့် ဋ္ဌာနဆိုင်ရာများ တောင်ကြီးမြို့တွင်တွေ့ဆုံ



WIN-Peace နှင့် သျှမ်းပြည် တောင်အမျိုးသမီးများအဖွဲ့ ကွန်ရက်တို့ ပူးပေါင်း၍ အစိုးရအဖွဲ့များ ၊ အရပ်ဖက်လူမှု အဖွဲ့ အစည်းများ၊ ဋ္ဌာနဆိုင်ရာများအကြား ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး အလုပ်ရုံဆွေးနွေးပွဲ ကို တောင်ကြီးမြို့ Classic ခန်းမ တွင်  ယမန်နေ့က ကျင်းပခဲ့သည်။


သျှမ်းပြည်နယ်တွင် ဒေသတွင်းဆိုင်ရာ လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌အစိုးရ ၊ ဌာနဆိုင်ရာ များနှင့်  အရပ်ဖက်လူမှုအဖွဲ့အစည်းများကြား ပူးပေါင်းချိတ်ဆက်မှု အားနည်းနေသည်ဟု WIN-Peace ဒါရိုက်တာ ဒေါ်ချယ်ရီအုန်းကဝေဖန်သုံးသပ်သည်။


"တိုင်းဒေသကြီးတွေထက်ပြည်နယ်တွေမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရဌာနဆိုင်ရာအဖွဲ့ အစည်းတွေ ကြားယုံကြည်မှုအားနည်းနေသေးတယ်။ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ  ခက်ခဲနေတာ ၊ အေးစက်နေသေးတာတွေ့ရပါတယ်။ တစ်ချို့သောဌာနဆိုင်ရ များ ကလဲ ဖိတ်ကြားလို့သာ တာဝန်ရှိလို့လာသွား တာရှိသလို တကယ် နားထောင်သွားပြီးတော့ ပူးပေါင်း လုပ်ဆောင်သွားတာလဲရှိပါတယ်" - ဟု ၄င်းက ဆက်လက်ပြောသည်။


အရပ်ဖက်လူမှုအဖွဲ့အစည်း များ၏ အဓိကအားနည်းချက်မှာ မိမိအဖွဲ့အစည်း လုပ်ဆောင်နေသော လုပ်ငန်းစဉ်များအား အစိုးရ ယန္တရား တစ်ခုလုံးသိရှိနိုင်စေရန် တင်ပြသည့်အပိုင်းတွင် လိုအပ်ချက်များရှိနေသေးသည်ဟု ပြောသည် ။


"အစိုးရဖက်ကလည်း ကျနော်တို့ CSO တွေတင်ပြလာတဲ့အပေါ် အရေးယူဆောင်ရွက်ပေးဖို့လိုအပ်ပါတယ် "ဟုဆက်ပြောသည်။
သျှမ်းပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်း ကွန်ရက် ဥက္ကဋ္ဌ  နန်းမိုမိုသီတာကလည်း "အဓိကကတော့ အစိုးရနဲ CSO တွေကြား အပြန်အလှန် ယုံကြည်မှု ၊ အပြန်အလှန် လေးစားမှုရှိဖို့ လိုအပ်တယ်"ဟုဆိုသည် ။


၂၀၁၆ ခုနှစ် မတ်လအတွင်းကျင်းပခဲ့သော သျှမ်းပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်း များအလုပ်ရုံဆွေးနွေးပွဲ တွင်အစိုးရဌာန ဆိုင်များ နှင့် CSO များကြားအပြန်အလှန်ဆွေးနွေးမှုများ ရှိခဲ့သဖြင့် အချင်းချင်း နားလည်မှု တိုးတက်မှု ရှိခဲ့ကြောင်း ဒေါ်နန်းမိုမိုသီတာကပြောသည် ။


ဆက်ဖတ်ရန်


သျှမ်းစာပေပညာရှင် ဝုန်းဝမ်းဆေးတိုက်ပိုင်ရှင် လုံးတန်းကေး ကွယ်လွန်



တာင်ကြီးမြို့ ဝုန်းဝမ်းဆေးတိုက်ပိုင်ရှင် သျှမ်းစာပေပညာရှင် လုံးတန်းကေး အသက် ၉၄ နှစ် သည် မေလ ၉ ရက်နေ့ မနက် ၉ နာရီက သက်ကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းသိရသည်။


တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ ၀ုန်းဝမ်းဆေးတိုက်နေအိမ်တွင်သာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိရုပ်အလောင်း အား မီးသဂြိုဟ်မည့်နေ့ကို သားသမီးမြေးမြစ်က ဆွေးနွေးနေဆဲဖြစ်ကြောင်း ဆိုပါသည်။


သျှမ်းစာပေပညာဆုရှင်များရှင်   ဆရာလုံးတန်းကေးသည် သက်ကြီးရောဂါဖြင့် အိပ်ရာတွင်လဲလျောင်း နေရသည်မှာ ၂၀၁၂ ကတည်းကဖြစ်ပါသည်။


သျှမ်းစာပေနှင့်ယဉ်ကျေးမှုကိုမြတ်နိုးသော လုံးတန်းကေးမှာ တောင်ကြီးမြို့ မြို့မဈေးတိုက်တွင် သျှမ်းရိုးရာ ၀တ်စုံများ၊ သျှမ်းရိုးရာအသုံးအဆောင်များအပြင် သျှမ်းစာအုပ်စာပေများကိုရောင်း ချခဲ့ပါသည်။ ၁၉၅၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လုံးတန်းကေးကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့ သည့် သျှမ်းဝေါဟာရစာအုပ်များ သျှမ်းကဗျာ လင်္ကာ ၊ သျှမ်းရာဇဝင် ဇာတ်တော် စာအုပ်များ ရာချီရှိရာ  သျှမ်း-ဗမာ စကားပြော စာအုပ်မှာ ထင်ရှား လျှက်ရှိသည်။


ဆရာလုံးတန်းကေးသည်  ၁၉၅၄ ခုနှစ်က ရန်ကုန် တကသိုလ်များအသင်းမှ ဦးဆောင်ကာ သီပေါမြို့တွင် ကျင်းပသည့် ယဉ်ကျေးမှုနှင့် ဗဟုသုတပိုင်းဆိုင်ရာ ဖလှယ်ခြင်းစာပေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုရရှိခဲ့သည်။


လုံးတန်းကေးအား ၁၉၂၄ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟိုနောင် ရပ်ကွက်တွင် ဖခင် လုံးစိုင်းယွက်ငင်း မိခင်ပါ့ဆွယ့်ဆိုင် တို့မှ မွေးဖွားပါသည်။ ငယ်အမည်မှာ စိုင်းယီဖြစ်ပြီး ဘုန်းတော်ကြီးပညာရေး လေ့လာဆည်းပူးခဲ့သည်။


နန်းဆွယ့်ဆိုင်ခေါင်နှင့်အိမ်ထောင်ပြုကာ သားသမီး ရ ဦး ထွန်းကားခဲ့သည်။ ဇနီးဖြစ်သူ နန်းဆွယ့်ဆိုင်ခေါင် ခေါ် နိုင်းတန်းကေးမှာ လွန်ခဲ့သော ၂ နှစ် ၃ နှစ်က ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါသည်။


လုံးတန်းကေးသည် ၁၉၈၇ မှ ၁၉၉၂ အထိ အဘိဓမ္မာတောင်သာအဖွဲ့တွင်ပါဝင်ခဲ့ပြီး ထိုနောက်ပိုင်း အစိုးရမှ ဖွဲ့စည်းသော တိုင်းရင်းဆေးဝါး သမားတော်ကြီးများအသင်းတွင်ပါဝင်ခဲ့သည်။ ၁၉၉၉ တွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှ ဖိတ်ကြားမှုဖြင့် တိုကျိုတက္ကသိုလ်တွင် သျှမ်းစာပေသင်တန်း ၃ လ သွားရောက် ပို့ချ ခဲ့ဖူးသည်။


သက္ကရာဇ် ၂၀၀၀ ပြည့်တွင် ရန်ကုန်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက လုံးတန်းကေးအား ရက္ခိတ ဂေါဝိဒ ကဝိ သျှမ်းစာပေပညာရှင်ဆုချီးမြှင့်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင်မူ မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေး မှုအသင်းက လုံးတန်းကေးအား စဝ်ဆေခန်ဖှဆု ချီးမြှင့်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင်မူ ပင်လုံမြို့ ပရိယတ္တိ သဒ္ဒမ္မပါလ စာသင်တိုက် ရွှေရတုပွဲတွင်လည်း ဆရာလုံးတန်းကေးအား သျှမ်းစာပေပညာရှင်ဆု ထပ်မံချီးမြှင့် ခဲ့ပါသည်။




ဆက်ဖတ်ရန်


သဘာဝပတ်ဝန်းကျင်မြတ်နိုးထိန်းသိမ်းရေးအထိမ်းအမှတ် TYN မှဦးဆောင်သည့် သျှမ်းလူငယ်များ ၇ ကြိမ်မြောက် တောင်တက် အလံစိုက်ထူလှုပ်ရှားမှုပြု



နှစ် ရ၀ ပြည့် သျှမ်းအမျိုးသားနေ့အထိမ်းအမှတ် အနေဖြင့် မြန်မာနိုင်ငံ လုံးဆိုင် ရာ သျှမ်းလူငယ်ကွန်ရက် TYN မှဦးဆောင်သည့် ဒေသအသီးသီးမှ သျှမ်း လူငယ်များအင်အား တစ်ထောင်နီးပါးမှာ သျှမ်းပြည်တောင် ပိုင်း မိုင်းရှူးမြို့နယ် ရှိ လွိုင်ဆောင်ထောက်တောင်တက် သျှမ်းအမျိုးသားအလံ စိုက်ထူသည့် လှုပ်ရှား မှု တခုပြုခဲ့ သည်ဟု သိရသည်။

ဓါတ်ပုံ- Tai Youth Network
မိုင်းရှူးမြို့နယ်အတွင်း အမြင့်ပေ ၆၀၀၀ ကျော်ရှိ လွိုင်ဆောင်ထောက်တောင် ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က လူငယ်အင်အား ရ၀၀ ခန့်က တက်ရောက်ကာ သျှမ်းပြည်အလံတော်ကိုစိုက် ထူခဲ့ကြခြင်းဖြစ်သည်။


ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင်မူ စာပေဟောပြောပွဲ ကိုပါပူးတွဲကျင်းပ ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင် ရာ သျှမ်းလူငယ်ကွန်ရက် TYN ၏ အတိုင်ပင်ခံလည်းဖြစ် ၂၀၁၆ ခုနှစ် ဆုစန္ဒီ လူငယ်ခေါင်းဆောင် ဆုရှင် လည်းဖြစ်သည့် စိုင်းဆု က ပြောသည်။


“ အဓိက ရည်ရွယ်ချက်ကတော့ သျှမ်းလူငယ်တွေ သဘာဝ ပတ်ဝန်းကျင် ကို လေ့လာစေချင်တယ်၊ မိုင်းရှူးရတနာမြေ မှာနေထိုင်တဲ့ လူနေမှု ဘဝက ဘယ်လိုအခြေနေတွေရှိလဲဆိုတာ လေ့လာစေချင် တယ်၊ အဓိက အရေးကြီးဆုံးက နှစ် ရ၀ ပြည့် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် သျှမ်းအမျိုးသားအလံ ကို တောင်ပေါ်မှာ သွားစိုက်ထူတယ်” ဟု ၄င်းကပြောသည်။


မိုင်းရှူး လွိုင်ဆောင်ထောက်တောင်တက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သျှမ်းစာပေပညာရှင်များ က မိုင်းရှူးရတနာမြေ လွိုင်ဆောင်ထောက် သမိုင်းကြောင်းများ၊နိုင်ငံရေး ၊ လူမျိုးရေး၊ပညာရေး နှင့် လူငယ်အကြောင်း များ ဟောပြောသွားကြောင်း တောင်တက်အဖွဲ့တွင် ပါဝင်သော သျှမ်းလူငယ် အမျိုးသမီး အေးကူ ကပြောသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန် ရက် သည် သျှမ်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် နှစ်စဉ်နှစ်တိုင်း သျှမ်းပြည်တွင်းရှိ သမိုင်းဝင် တောင်များ ကို တက်ရောက်ပြီး တောတောင် သဘာဝ သယံဇာတများကို လူငယ်များ ထိန်းသိမ်းတတ်စေရန် နှင့် မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်တတ်စေရန် စသည့်တို့ ရည်ရွယ်ချက်များ ပါဝင်သည်။


“သျှမ်းပြည်ထဲက တောတောင်သဘာဝ ရေမြေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ကောင်းကျိုး တွေရရှိမယ်လို့မျှော်လင့်တယ်။ ဒါကြောင့် နောက် နှစ်ေ တွမှာပြုလုပ်မယ့် တောင်တက်လှုပ်ရှားမှုတွေမှာ လည်း အကြောင်း အမျိုးမျိုးကြောင့် တောင်တက်ခွင့်မရှိတဲ့ လူငယ်တွေ ကို တောင်တက်ခွင့်ရှိလာအောင် ဖေးမကူညီစေချင်တယ်။ အခုလို အရမ်းကိုအဖိုး တန်တဲ့ သျှမ်းပြည်ရဲ့ သဘာဝ ကိုလေ့လာခွင့်ရဖို့ဆိုတာ လွယ်တဲ့အခွင့်အရေးမဟုတ်ပါဘူး။ ပူးပေါင်းလက်တွဲလာကြစေ ချင်ပါတယ် ” - ဟု သီပေါလူငယ် နန်းလောဝ်ဆိုင် က ပြောသည်။


ဖေဖော်ဝါရီလ ၁၅ ရက် တောင်ပေါ်မှအဆင်း လူငယ်များသည် သဘာဝ ပတ် ၀န်းကျင်မြတ်နိုး ထိန်းသိမ်းရေးလှုံ့ဆော်သည့် ဗီနိုင်းများ ဆိုင်းဘုတ် များကိုင်ေ ဆာင်ကာ မိုင်းရှူးမြို့နယ်အတွင်း စီတန်း လှည့်လည် ခဲ့ကြသေး သည်ဟုလည်း သိရသည်။


၁၉၄၇ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ မတိုင်မီ ၅ ရက်အလိုတွင် သျှမ်းေ စ်ာဘွား ကိုယ်စားလှယ် ရ ဦး ၊ လူထု ကိုယ်စားလှယ် ရ ဦးတို့စုပေါင်း၍ သျှမ်းပြည်ကောင်စီဖွဲ့စည်းနိုင် သည့်နေ့ ကို ဂုဏ်ပြုသည့် အနေဖြင့် သျှမ်းပြည် အမျိုးသားနေ့ဟု သတ်မှတ်ထားခြင်း ဖြစ်သည် ။


ယခုနှစ် သျှမ်းလူငယ်ကွန်ယက်မှ ဦးဆောင်သည့် လူငယ်များတောင်တက်ခြင်း လှုပ်ရှားမှုမှာ ရ ကြိမ်မြောက်တောင်တက်ခြင်းလှုပ်ရှားမှုဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်က ထိုသို့တောင်တက်လှုပ်ရှားမှု စတင်ခဲ့ကြခြင်းဖြစ်ပြီး မိုင်းရယ်မြို့ရှိ လွယ်လိန်းတောင် ၊ သီပေါမြို့ရှိ လွယ်ခေးတောင်၊ သိန္နီမြို့နယ် လွယ်ဆာမ်ဆစ်ေ တာင်၊ မိုင်းကိုင်မြို့နယ် လွယ်စန့်တောင်၊ မူစယ်မြို့တဖက်ကမ်း စယ်လန့်ရှိ လွယ်တေးမိန်းတောင်နှင့် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ လွယ်ဝိလာသ တောင် တို့ကိုတက်ရောက် ခဲ့ကြပါသည်။


ဆက်ဖတ်ရန်


နမ္မတူရောက် စစ်ဘေးရှောင်များအား တောင်ကြီးအခြေစိုက် WAT သျှမ်းလူငယ်အဖွဲ့ မှ ကူညီထောက်ပံ့မှုနှင့်အတူ လက်မှုအတတ်ပညာ သွားရောက်သင်ကြားပေး



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်လူထုအတွက် တောင်ကြီးအခြေစိုက် We are Tai သျှမ်းလူငယ်အဖွဲ့ မှ ကူညီထောက်ပံ့မှုနှင့်အတူ လက်မှုအ တတ်ပညာ သွားရောက်သင်ကြားပေးသည်ဟုသိရှိရသည် ။

Photo Credit to N.K4
“တဖက်တလှမ်းက အထောက်အကူပြုနိုင်အောင်၊ စစ်ဘေးစစ်ဒဏ်ကြောင့် ပူပန်သောက ရောက်နေ တဲ့ခံစားချက်တွေကို ကုစား နိုင်အောင်လို့ ကလေးတွေ ပျော်အောင်လုပ်ပေးတယ်။ အရွယ်ရောက် တဲ့ သူတွေအတွက်၊ အမျိုးသမီးတွေအတွက် အိမ်တွင်းမှုလုပ်ငန်းလေးတွေ၊ အင်္ကျီ၊ တဘက်၊ ဇာထိုးပန်းထိုးလေးတွေ၊ အသုံးအဆောင်ပစ္စည်းလေး တွေဖြစ်ကြတဲ့ ဆံထိုးတို့ အကျီကြယ်သီးတို့  အဲတာကို အဲဒါတွေ လာရောက်ပို့ချပေးတာ” - ဟု We are Tai အဖွဲ့ခေါင်းဆောင် နန်းကေဆီ က ပြောသည် ။


စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများကို We Are Tai အဖွဲ့က ဖေဖော်ဝါရီလဆန်းအတွင်းကသွားရောက်ကူညီထောက်ပံ့မှုပေးခဲ့ခြင်းဖြစ်သည် ။


နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၆ ခုရှိကြောင်း၊ ကချင် ၊ လီဆူး၊ သျှမ်း၊ ပလောင် စသဖြင့် စခန်းများကိုယ်စီ၌နေထိုင်ကြောင်း၊ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် တနင်္ဂနွေ ဝတ်ပြုဆုတောင်းခြင်း၊ အချင်းချင်းတွေ့ဆုံအမြင်ဖလှယ်ကခြင်းများ ရှိနေကြောင်း၊ သျှမ်းလူမျိုးစစ်ဘေးရှောင်များက ဝိဟန်မုံဆာ (ရွှေမြင်သာကျောင်းတိုက်) ၌ နေထိုင်ကြကြောင်း၊ စစ်ဘေးရှောင်များအားလုံး ၁၀၀၀ ကျော် ရှိနေသေးကြောင်း သိရှိရသည် ။


“ မန်တုံမြို့နယ်ဘက် ကျေးရွာ ၄-၅ ရွာက ရွာသားတွေက လုံးဝ မပြန်ရဲကြဘူး။ အခု လောလော ဆယ်တော့ စခန်းကော်မတီကနေဘဲ သူတို့တွေကိုစားသောက်ဖို့ ရိက္ခာတွေ ထုတ်ပေးထားတယ်။ ဆန်ဆီအတွက်တော့ ရှိတယ်။ တခြားအသုံးအဆောင်တွေဝယ်ခြမ်းဖို့တော့ အခက်ဖြစ်တယ်။ နောက် ရှေ့ဆက်ဘယ်လိုလုပ်ကိုင်စားသောက်ကြမလဲဆိုတာ စိုးရိမ်စိတ်တွေရှိနေကြတယ်။ ဘယ်တော့ နေရပ်ပြန်မလဲဆိုတာ မသိကြဘူးလေ၊  သူတို့ရွာတွေထဲမှာလည်း စစ်တပ်ဘက် က ခံတုတ်ကျင်းတွေ ဘာတွေလာတူးပြီးစခန်းအဖြစ်လာချထားတော့ မပြန်ရဲကြသေးဘူးတဲ့၊ ဒီစစ်အမြန်ဆုံး ပြီးဆုံးရင်ကောင်းမယ်” - ဟု နန်းကေဆီက ဆက်ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူစယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ် အတွင်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်ကြသည့် တအာင်း TNLA၊ ကချင် KIA၊ ကိုးကန့် MNDAA၊ ရခိုင်AA လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်၊ တအာင်း(ပလောင်) TNLA နှင့် RCSS/SSA သျှမ်းလက်နက်ကိုင်တပ် တို့ ကြား တိုက်ပွဲများကြောင့် ဒေသခံ သောင်း ဂဏန်းစစ်ဘေးသင့် နေကြ ခြင်းဖြစ်သည် ။


ဆက်ဖတ်ရန်


၂၀၁၆ ဆုစန္ဒီဆုရှင်အဖြစ် ပင်လုံလူငယ်ခေါင်းဆောင်အား ရွေးချယ်



သီပေါစော်ဘွား မဟာဒေဝီ စဝ်ဆုစန္ဒီမှ ချီးမြှင့်မည့် Sao Thusandi Leadership Award  နဝမကြိမ်မြောက် ဆုစန္ဒီသျှမ်းလူငယ် စွမ်းဆောင်ရည်ဆု ၂၀၁၆ ကို သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှ သျှမ်းလူငယ် ခေါင်းဆောင် စိုင်းဆု အား ဆုချီးမြင့်ရေးကော်မတီမှ ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရ သည် ။


ကိုယ်ကျိုးစွန့်ပြီး ၄- ၅ နှစ်တာကာလ အတွင်း လူငယ်အရေး၊ ဒီမိုကရေစီလှုပ်ရှားမှုအရေး၊ သျှမ်းလူငယ် အချင်း ချင်းကြား ဆက်သွယ်လှုပ်ရှားမှု၊ စည်းလုံးညီညွတ်မှုများရှိလာအောင် ကြိုးစားဆောင်ရွက်ခဲ့မှုအပေါ် ဂုဏ်ပြု သည့် အနေဖြင့် ရွေးချယ်ကာ ဆုချီးမြင့်ခြင်းဖြစ်သည်ဟု  ဆုချီးမြင့်ရေးကော်မတီက အကြောင်းကြား စာပေးပို့လာကြောင်း သျှမ်းလူငယ် စိုင်းဆု ကပြောသည် ။


“ ဝမ်းသာပါတယ်။ ပြီးတော့ ဒီဆုကလည်း ဒေသတွင်းလူငယ်တွေနဲ့ သျှမ်းပြည်ကလူငယ်တွေ အထူးသဖြင့် ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး အရေးကိစ္စတွေမှာ နောက်ပြီးတော့ ယဉ်ကျေးမှု ကိစ္စတွေမှာ လှုပ်ရှားတဲ့ လူငယ်တွေကို အားပေးချီးမြှောက်ဖို့အတွက် ရည်ရွယ်ပြီးတော့ ပေးတဲ့ဆု လို့ ပြောဆိုလာတဲ့အတွက် ကျနော်တို့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အပေါ် အများကြီး ဂုဏ်ယူဝမ်းသာပါတယ်” ဟု စိုင်းဆုကပြောသည် ။


ပြီးခဲ့သော ဂျူလိုင်လ နောက်ဆုံးပတ်က ပင်လုံမြို့တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်း ညီလာခံ အတွက် ကြိုတင်ပြင်ဆင်မှု၊ နေရာထိုင်ခင်း အဆင်ပြေချောမွေ့မှုအတွက် ဒေသခံ သျှမ်းလူငယ် အနေဖြင့်  စိုင်းဆုမှ တာဝန်ယူ လှုပ်ရှားဆောင်ရွက်ခဲ့မှုများလည်းပါဝင်ကြောင်း အကြောင်းကြားစာအရ သိရသည် ။


 ဆုစန္ဒီဆု ချီးမြှင့်ရန်အတွက် နိုင်ဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလတွင် အခမ်းအနား ကျင်းပပြုလုပ်သွား  မည်ဖြစ်ကြောင်း၊သို့သော် နေရာနှင့်ရက်အတိအကျမူ မသိရသေးကြောင်း စိုင်းဆုကပြောသည် ။


“  ဒီဆုရဖို့လည်း ကျနော့်ကို အဘက်ဘက်က ပံ့ပိုးမှုတွေပေးတဲ့  သူငယ်ချင်း အပေါင်းအသင်းတွေ နောက်ပြီး TYN တစ်ဖွဲ့လုံး က ဦးဆောင်ကော်မတီ  ဟောင်းတွေ၊ အတူတကွ လှုပ်ရှားခဲ့ကြတဲ့  သူငယ်ချင်း တွေအပေါ် အကြောင်းကြားမယ်။  သူတို့နဲ့ တိုင်ပင်ပြီးတော့ ဘယ်နေရာ ဘယ်နေ့ရက်မှာ အဆင်ပြေမလဲ၊ ဘယ်လိုမျိုးလုပ်သင့်လဲ ဆိုတာ နည်းနည်းအချိန်ယူတိုင်ပင်ဆွေးနွေးချင်တယ်။ ဒါကြောင့် လောလောဆယ်တော့ နေရာနဲ့ ရက်မဆုံးဖြတ်ရသေးဘူးလို့ဘဲ ပြောရမှာပေါ့နော်” ဟု ၄င်းကပြောသည် ။


ဆက်လက်ပြီး အနာဂတ် သျှမ်းပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်းကောင်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွင်လည်းကောင်း အတူတကွ ဆက်လက်လှုပ်ဆောင်သွားရန် ရည်မှန်းထားပြီး ဆု ရရှိပြီး နောက်ပိုင်းတွင်လည်း ပိုမိုကြိုးစားသွားရမည်ဖြစ်ကြောင်း ပြောသည်။


 သျှမ်းစာရေး ဆရာ ဟိန်းကာယန်းက “ စိုင်းဆုအတွက် အရမ်းဂုဏ်ယူဝမ်းသာပါတယ်၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတာကောင်းပါတယ်၊ ဒါဟာ အနာဂတ်မှာ လူငယ်တွေ ကျနော်တို့ရဲ့ လူ့အသိုင်းအဝိုင်းအတွက်၊ လူမျိုးအတွက်၊ အမျိုးသားရေးအတွက် ၊တိုင်းပြည်အတွက် ကျရာကဏ္ဍကနေ စွမ်းစွမ်းတမံ တက်တက်ကြွကြွ လုပ်ဆောင်သူကို တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ အဲ့ကြောင့်မလို့ စိုင်းဆုလိုမျိုး လူငယ်တွေ အများကြီး ပေါ်ပေါက်ပါစေလို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည် ။


သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီမှ ချီးမြင့်သော Sao Thusandi Leadership Award စဝ်ဆုစန္ဒီခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်မှစ၍ အများအကျိုး သယ်ပိုးသူများအား တနှစ်လျှင်တဦးရွေးချယ်ကာ ဆုလက်မှတ်နှင့် အတူ အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြင့်ခဲ့သည်။


၂၀၀၈ ခုနှစ်တွင် သျှမ်းရွှေ့ ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူ စိုင်းဖူးမိန်းကိုလည်းကောင်း ၊ ၂၀၀၉ ခုနှစ်တွင် လယ်သမားအရေးလှုပ် ရှားသူ စိုင်းဆဲန်ဖန်းကိုလည်းကောင်း ၊ ၂၀၁၀ ခုနှစ်တွင် အမျိုးသမီးအရေးလှုပ်ရှားသူ (SWAN) မှ နန်းမွန်းကိန် ကိုလည်းကောင်း ၊ ၂၀၁၁ ခုနှစ်တွင် လွယ်ကော်ဝမ်းမှ နယ်လှည့်ကျောပိုးအိတ်ဆေးမှူး စိုင်းပေတ ကိုလည်း ကောင်း ၊ ၂၀၁၂ ခုနှစ်တွင် သမိုင်းပြတိုက် တည်ထောင်သူ ၀တ့်ဖှဝိန်းအင်းမှ အရှင်သီရိဓမ္မ ကိုလည်းကောင်း ၊ ၂၀၁၃ ခုနှစ် တွင် SNLD မှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ စိုင်းဆမ်ဖွန်ဆိုင်ကိုလည်းကောင်း ၊ ၂၀၁၄ ခုနှစ်တွင် တာချီလိတ် မြို့နယ် လယ်သမားအရေးလှုပ်ရှားသူ သွားဖွားဆရာမ နန်းလာ ကိုလည်းကောင်း ၊ ၂၀၁၅ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်း  သိန္နီမြို့က တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး  ၊  တန်းတူအခွင့်အရေးအတွက် လှုပ်ရှားသူ  လူငယ် နန်းနွန်းဟွမ် အား လည်းကောင်း ဆုစန္ဒီဆု ရွေးချယ်ပေးအပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်အတွက် ၉ ဦးမြောက် ဆုရှင်မှာ သျှမ်းလူငယ်များစည်းလုံးညီညွတ်ရေးအတွက် အားစိုက်ကြိုးပမ်းခဲ့သူ ပင်လုံမြို့မှ စိုင်းဆုအား ရွေးချယ်ဆုချီးမြင့်ခဲ့ပါသည် ။


ဆက်ဖတ်ရန်


သျှမ်းလူထုအခြပြုအဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ချက် ၅ ချက် ချမှတ်



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ  သျှမ်းစာပေယဉ်ကျေးမှုခန်းမ၌  သုံးရက်တာကာလအတွင်း ကျင်းပပြုလုပ်သည့် သျှမ်းလူထုအခြပြုအဖွဲ့  အစည်းအဝေးမှ ဆုံးဖြတ်ချက် ၅ ချက် ချမှတ်နိုင်ကြောင်း သိရသည် ။

သျှမ်းလူထုအခြပြုအဖွဲ့  အစည်းအဝေးတက်ရောက်သူများ
၎င်းတို့မှာ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ၊သျှမ်းအမျိုးသားရေး အတွက် အဖွဲ့အစည်းကြား ပိုမိုခိုင်မာစေပြီး  စည်းလုံးညီညွတ်ရေးတည်ဆောက်နိုင်ရန် ၊ သျှမ်းလူထုတစ်ရပ်လုံး ခံစားနေရသည့် ဒုက္ခပြဿနာများကို  ၀ိုင်းဝန်းဖြေရှင်းရန်  ၊ ကိုယ်ပိုင်အမျိုးသား ကျောင်း ဖွင့်လှစ်နိုင်ရန် နှင့် သျှမ်းဘာသာ စာပေယဉ်ကျေးမှုကို အခြေခံသည့် ပညာရေးမြှင့်တင်ချမှတ်သွားနိုင်ရန် စသည် တို့ကို ဆုံးဖြတ်နိုင်ကြကြောင်း  အစည်းအဝေးကျင်းပသည့် အဖွဲ့ကော်မတီဝင် စိုင်းလွိုင်ခမ်းပန် ကပြောသည် ။


“မြို့နယ်အလိုက် အများဆုံးဖြစ်နေတဲ့ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီးတော့ ကြုံတွေ့နေရတယ်။ ဘေးအန္တရာယ်တွေ၊ ဒီမလုံခြုံမှုတွေ၊ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စတွေ ၊ နောက်ပြီး စစ်ရေးပဋိပက္ခကြောင့်  ခံစားနေရတဲ့ ပြဿနာတွေ  ပညာရေးနိမ့်ကျမှု ကျန်းမာရေးနိမ့်ကျမှု ကြောင့် ဖြစ်ပေါ်နေတဲ့ပြဿနာတွေ ဒါတွေ အဓိကထားပြီးဆွေးနွေးဖြစ်ပါတယ်” ဟု ၄င်းကပြောသည် ။


အောက်တိုဘာ ၅ ရက်မှ ရ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင်  လူထုအခြေပြု အဖွဲ့အစည်း ၈၀ ကျော်တက်ရောက်ပြီး သျှမ်းပြည်နယ်အတွင်းရှိ သျှမ်းလူမှုအခြေပြုအဖွဲ့အစည်းများ၊ သံယာတော်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် သျှမ်းစာပေယဉ်ကျေးမှုများသာမက ကချင်ပြည်နယ် စစ်ကိုင်းတိုင်း တွင်ရှိသည့် တိုင်းလျဲန် နှင့် တိုင်းခမ်းတီး  လူငယ်များ၊မြို့နယ်အသီးသီးမှ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်  ပဲခူးတိုင်းရှိ သျှမ်းလူငယ်များ   တက်ရောက်ဆွေးနွေးကြောင်း သိရသည် ။


“ သျှမ်းလူထုတွေမှာ ကြုံတွေ့နေရတဲ့ အခက်ခဲတွေ ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေ  နိုင်ငံရေး စီးပွားရေး၊လူမှုရေးတွေမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းအဖြေရှာပြီးတော့ လက်တွဲလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့  ဒီဖိုရမ်ကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု စိုင်းလွိုင်ခမ်းပန် ကပြောသည် ။


သျှမ်းလူထုအခြေပြုအဖွဲ့အစည်း အစည်းအဝေးတက်ရောက်ခွင့်ရခြင်းသည် သျှမ်းတိုင်းရင်းသားအ အဖွဲ့အစည်းအားလုံးသည် မိမိနေရာဒေသအလိုက် ကိုယ်စီလှုပ်ရှားဆောင်ရွက်မှုရှိပြီး မျိုးချစ်စိတ်ဓာတ်ကိုယ်စီရှိသည်ဟု လေ့လာတွေ့ရှိကြောင်း အစည်းအဝေးတက်ရောက်သူ စိုင်းအိုက်ဆေ ကပြောသည် ။


“ ဒီလိုမျိုး အစည်းအဝေးတွေ နောက်ထပ်ရှိလာရင် ပိုကောင်းတယ်၊ တကယ်လို့ နောက်ထပ်ရှိလာရင် ဖြစ်ချင်တာက  အစည်းဝေးလာတက်တဲ့ အဖွဲ့အစည်းတွေအားလုံး ပိုပြီး ရင်းနှီးမှု ရှိအောင် နေရာထိုင်ခင်းတွေ နဲနဲအဆင်မပြေပေမယ့် အတူတူလာရောက် နေထိုင်စေချင်တယ်။ အဲ့လိုလုပ်ရင် ကျနော်တို့ ပိုပြီး ရင်းနှီးမှု ပိုရလာမယ်။  အခု ကျနော်တို့နဲနဲလိုနေတာက အဖွဲ့အစည်းတွေရင်းနှီးမှု သိပ်မရှိသေးဘူး  ” ဟု ၄င်းကပြောသည် ။


သျှမ်းလူထုအခြေပြုအဖွဲ့အစည်းများ  အစည်းအဝေးမှ ရှမ်းလူမှုအခြေပြုပူးပေါင်းအဖွဲ့  အလုပ်အမှုဆောင်အဖွဲ့ ကိုဖွဲ့စည်းနိုင်ခဲ့သည်။  အလုပ်အမှု ဆောင်အဖွဲ့တွင် ကိုယ်စားလှယ် ၂၁ ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ဟောင်း ၉ ဦးနှင့်အဖွဲ့ဝင်သစ် ၁၂ ဦး တို့ဖြစ်ကြောင်းသိရသည် ။


ပြည်သူလူထု၏အခက်အခဲပြဿနာကိုစုပေါင်းဖြေရှင်းနိုင်ဖို့၊ ရင်းနှီးမှုတည်ဆောက်ဖို့၊ အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးအတွက် လုပ်ဆောင်ဖို့ ရည်ရွယ်ကြောင်းလည်းသိရပါသည် ။


ဆက်ဖတ်ရန်


ထိုးစစ်ရပ်ဆိုင်းပေးပြီး တပြိုင်နက်တည်း အပစ်ခတ်ရပ်စဲရေး ကြေငြာပေးရန် အစိုးရတပ်မတော်အား ၂၁ ပင်လုံ အရပ်ဘက်လူ့ အဖွဲ့အစည်းများဖိုရ မ်ဖြစ်မြောက်ရေးကော်မတီ တောင်းဆို



၂၁ ရာစု ပင်လုံညီလာခံကြီးဖွင့်ပွဲအပြီးမကြာမီပင် တိုင်းရင်းသားဒေသများတွင်ဖြစ်ပွါးလာနေသော တိုက်ပွဲများကြောင့် အရပ်သားနှင့် လူမမယ် ကလေးငယ်များ သေကြေဒဏ်ရာရရှိမှုများရှိနေပြီး စိုးရိမ်စရာ အခြေအေနေဖြစ်လာနေသောကြောင့် အစိုးရတပ်မတော်ဘက်မှ ထိုးစစ်ရပ်ဆိုင်းပေးရန် နှင့် တပြိုင်နက်တည်းအပစ်ရပ်ကြေငြာပေးရန် ၂၁ ပင်လုံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ယာယီမှ ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်သည် ။


အောက်တိုဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေငြာချက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ နှစ်ဘက်စလုံးမှ တစ်ပြိုင်နက်တည်း အပစ်ခတ်ရပ်စဲရေးကို ကြေငြာပေးရန် တောင်းဆိုထားပြီး ကချင် ၊ သျှမ်းနှင့် ကရင် ပြည်နယ်တို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများသည် ၂၁ ရာစု ပင်လုံညီလာခံကို ထိခိုက်စေနိုင်ကြောင်းလည်း ဖော်ပြထားသည် ။


‘ အဓိကကတော့ ထိုးစစ်တွေရပ်ဖို့လိုတယ်။ထိုးစစ်တွေရပ်ပြီး နှစ်ဘက် တပြိုင်နက်တည်း အပစ်ခတ်ရပ်စဲရေး ကြေငြာပေးဖို့ဆိုတာ တောင်းဆိုထားတာကြာပြီး အခုထိ အကောင်ထည်ဖော်နိုင်ခြင်းမရှိဘူး။ လတ်တလော ပဋိပက္ခအတွင်းအရွယ်မမယ်ကလေးတွေ သေဆုံးတာတွေလည်း ရှိလာနေတယ်။ ‘ ဟု ၂၁ ပင်လုံ အရပ်ဘက်အဖွဲ့အစည်းဖိုရမ် ဖြစ်မြောက်ရေးကော်မတီ ယာယီမှ ကိုသွင်လင်းအောင်က ပြောသည် ။


လတ်တလောဖြစ်ပွားနေသည့် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိတိုက်ပွဲများမှ တိုက်ပွဲများမှာ ပြင်းထန်မှုရှိခဲ့ကာ အစိုးရ တပ်မတော်ဘက်မှ လေကြောင်း အသုံးပြုတိုက်ခိုက် မှုများရှိခဲ့သည် ။


အောက်တိုဘာလ ၁ ရက်က မုံးကိုးမြို့နယ်ခွဲအတွင်း ပူဝမ်းကျေးရွာအတွင်း အစိုးရစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးဒဏ်ကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အခြားကလေးငယ်အချို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည် ။


၂၁ ပင်လုံမှာ ဖွင့်ပွဲပြီးစီးသွားသော်လည်း နောက်ဆက်တွဲနိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် လက်ရှိအချိန်အထိ နိုင်ငံရေးမူဘောင်များ ပြင်ဆင်နိုင်မှုမရှိသေးခြင်း ၊ ၈ ဖွဲ့သာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်နိုင်သေးခြင်းတို့ကြောင့် စိုးရိမ်မှုများရှိနေသည် ။


လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ဘဏ္ဍာငွေကျခံသုံးစွဲမှုများ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊ လူသားအရင်းအမြစ်ဆုံးရှုံးမှုများကိုလည်း ထုတ်ပြန်ပေးရန် ၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူများ ပံ့ပိုးပေးရန်နှင့် ပဋိပက္ခဒေသအတွင်း လူသားအရင်းအမြစ် ဆုံးရှုံးမှုမရှိစေရန် အကာကွယ်ပေးရေးအစီအမံများကို အကောက်ထည်ဖော်ပေးရန် ၂၁ ပင်လုံ အရပ်ဘက် အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေးကော်မတီ ယာယီ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။


ဆက်ဖတ်ရန်


ဗန်းမော်ခရိုင် အတွင်း သျှမ်းလူငယ် ၃၀၀ ကျော် စွမ်းရည်မြှင့်သင်တန်းတက်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နှင့် ဆက်စပ်လျှက်ရှိသည့် ဗန်းမော်ခရိုင် မန်စီမြို့နယ် ထွန့်လွယ်ဟိုဆေ လူငယ့် စွမ်းရည်မြှင့်တင်ရေးသင်တန်းသို့ သျှမ်းလူငယ် ၃၀၀ ကျော်  တက်ရောက်လေ့လာသည်ဟု သိရှိရသည် ။


သျှမ်းလူငယ်အဖွဲ့  TYO နှင့်  ‘ကော်တိုင်း’ ပညာရေးအဖွဲ့တို့ပူးပေါင်းကာ လူငယ်စွမ်းရည်မြှင့်တင်ရေး သင် တန်းကို ဩဂတ်စ်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ထွန့်လွယ် ဟိုဆေဒေသ နမ့်ဟီးရွာရှိ သျှမ်းစာပေယဉ် ကျေးမှုအသင်းရုံးတွင်ကျင်းပခဲ့ရာ ဒေသခံ လူငယ် ၃၅၀ ထက်မနည်း တက်ရောက် လေ့လာဆည်းပူးကြသည်ဟု သင်တန်းဖြစ်မြောက်ရေးဦး ဆောင်ကော် မတီဝင် သူတဦးက ပြောသည် ။


TYO ဥက္ကဌ စိုင်းဆိုင်ခေးက - “လူငယ်တွေကိုအခုလိုတက်တက်ကြွကြွပါဝင်လာတာတွေ့တော့ အားရတယ်။ ကျေနပ်ဝမ်းသာတယ်။ ရှေ့ဆက်ပြီးတော့သျှမ်းလူငယ်တွေ ရုံး-ကနားကို မကြောက်ကြဖို့နဲ့ ဒေသတွင်း အခက်အခဲမှန်သမျှကို စာတင်တိုင်တန်းတတ်ဖို့ အတွက်မကြောက်ကြဖို့ တိုက်တွန်းချင်ပါတယ်” - သျှမ်း သံတော်ဆင့်အားပြောသည် ။


အဆိုပါ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းတွင် ဆရာမ နန်းချိမ်ဝမ်း၊ ဆရာ စိုင်းဆေဟန်၊ စိုင်းအောင် လျန်းခေး၊ စိုင်းကွန်းလျန်း၊ စိုင်းဆိုင်မိန်းတို့မှ ဒီမိုကရေစီအခြေခံ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊  နိုင်ငံသား တာဝန်၊  တွေ့ဆုံဆွေးနွေးရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ လူ့အခွင့်အရေးနှင့် လူမှုအသိုင်းအဝိုင်းကဏ္ဍတို့ကို ပို့ချသင်ကြားပေးကြောင်း သင်တန်းဖြစ်မြောက်ရေးကော်မတီဝင်ကပြောသည် ။


ဆရာမ နန်းချိမ်ဝမ်းက- “ သျှမ်းလူငယ်တွေ စိတ်ရှည်သီးခံတတ်ဖို့၊ အသိပညာ အတတ်ပညာတွေကို စိတ်ရှည်ရှည်ထားလေ့လာသင်ယူဖို့အတွက်နဲ့ အရှုံးမပေးဖို့ ပေါ့နော် အဲတာတွေက ရည်ရွယ်ပါတယ်။” ဟုပြောသည် ။


ထို့အပြင် လူငယ်များ အရည်အချင်းမြင့်မားသည့် အနာဂတ်ခေါင်းဆောင်ကောင်းဖြစ်လာစေရန်၊ ရပ်ရွာ အရေး သယ်ပိုးထမ်းရွက်တတ်စေရန်၊ တယောက်နှင့်တယောက် ကူညီရိုင်းပင်း  တတ်စေရန် ဖြစ်သည်ဟု ဆိုသည် ။


သင်တန်းဖြစ်မြောက်ရေးကော်မတီဝင် စိုင်းအောင်ပင်းတိုင်းက - “ ဒီသင်တန်းဖြစ်မြောက်ဖို့ အတွက် မညီးမညူပဲ  ပံ့ပိုးပေးတဲ့ ရပ်မိဖတွေ ၊ အလှူရှင်တွေကို အထူးကျေးဇူးတင်တယ်” - ပြောသည် ။


သျှမ်းလူငယ်အဖွဲ့  TYO နှင့်  ‘ကော်တိုင်း’ ပညာရေးအဖွဲ့တို့ပူးပေါင်း ဖွင့်လှစ်သည့်သင်တန်းသည် ယခု ဒုတိယ အကြိမ်ဖြစ်၏ ။ ပထမအကြိမ်ကမူ လွန်ခဲ့သည့် ၂၁-၂၃ ရက်နေ့ ဩဂတ်စ် ၂၀၁၆ က မူစယ်တ ဘက်ကမ်း မန့်ဟျိုးမြို့နယ်ခွဲ မှာ ကျင်းပခဲ့ပါသည် ။


ဆက်ဖတ်ရန်


ပင်လုံမြို့တိုင်းရင်းသားလူငယ်များညီလာခံနှင့်ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲတရပ်ရန်ကုန်တွင်ကျင်းပ



မြန်မာနိုင်ငံတိုင်းရင်းသားလူငယ်များမဟာမိတ်မှပင်လုံမြို့တွင်ကျင်းပသောတိုင်းရင်းသားလူငယ်များညီလာခံနှင့်ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲတရပ်အားယနေ့ကျင်းပရာပြည်တွင်းပြည်ပမှသတင်းဌာန များ တက်ရောက်နားထောင်ကြောင်းသိရသည် ။

တိုင်းရင်းသားလူငယ်များမှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (Photo: Photo:Kyaw Min Htaik)
သြဂတ်စ်လ ၁၇ ရက်မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ တိုင်းရင်းသားလူငယ်များသတင်းစာ ရှင်းလင်းပွဲတရပ်ကိုရန်ကုန်မြို့ Myanmar Journalist Network တွင်ကျင်းပရာ ပြီးခဲ့သည့်လက သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင်ကျင်းပခဲ့သည့်မြန်မာနိုင်ငံတိုင်းရင်းသားလူငယ်များ ညီလာခံအကြောင်း၊သျှမ်းပြည်နယ်အစိုးရ၏တားမြစ်ခြင်းခံရသည့်အကြောင်း၊လူငယ်များအဖွဲ့၏ရှေ့ဆက်လုပ်ငန်းစဉ်နှင့်ရည်မှန်းချက်ပန်းတိုင်တို့ကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည် ။


လူငယ်အဖွဲ့၏ဘဏ္ဍာရေးနှင့်ဆက်ဆံရေးတာဝန်ခံစိုင်းအောင်မြင့်ဦးက -"ကျနော်တို့ပင်လုံမှာလုပ်ခဲ့တဲ့ညီလာခံနဲ့ပတ်သက်ပြီးလူငယ်ထုသိအောင်၊ကျနော်တို့ဘယ်လိုကြိုးစားပြင်ဆင်ရသလဲ၊ကျနော်တို့ဘယ်လောက်ထိအောင်မြင်မှုရခဲ့သလဲ၊ညီလာခံကြီးကနေကျနော်တို့ဘယ်လိုလက်တွဲပြီးဘာတွေအကောင်အထည်ဖော်နိုင်ခဲ့သလဲ၊ရှေ့ဆက်ဘယ်လိုအစီအစဉ်ချမှတ်ပြီးလုပ်ဆောင်သွားမလဲဆိုတာတွေပြည်တွင်းပြည်ပလူငယ်ထုသိအောင်ရှင်းလင်းပြသတာဖြစ်ပါတယ်။ "- ဟုပြော သည် ။


သြဂတ်စ်လကုန်တွင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်တက်ရောက်ရန်နှင့် ပတ်သက်ပြီး စိုင်းအောင်မြင့်ဦးက- တိုင်းရင်းသားလူငယ်များမဟာမိတ်မှကော်မတီတရပ်ဖွဲ့ထားကြောင်း၊ သို့သော်ဖိတ်ကြားစာကိုထပ်မံစောင့်ကြည့်ရဦးမည်ဖြစ်ကြောင်းပြောသည်။




"ဖိတ်စာမှာတက်ရောက်နားထောင်ဖို့ဘဲလား။ဆွေးနွေးခွင့်ပေးမလား။ဘယ်အနေအထားအနေနဲ့တက်ရမလဲဆိုတာပေါ့ " - ဟုဆိုပါသည် ။


အဆိုပါသတင်းစာရှင်းလင်းပွဲတွင်တိုင်းရင်းသားလူငယ်များအဖွဲ့မှတိုင်းရင်းသားကိုယ်စားလှယ် ၁၀ ဦးတက်ရောက်ရှင်းလင်းကြောင်း၊ကချင်၊ကရင်၊ကယား၊မွန်၊သျှမ်းအပါအဝင်ကိုးကန့်ရခိုင်လူငယ်များvလည်းပါဝင်ကြောင်းသိရသည် ။


မြန်မာနိုင်ငံတိုင်းရင်းသားလူငယ်များညီလာခံကိုဂျူလိုင်လ ၂၇ ရက်မှသြဂတ်စ်လ ၁ ရက်နေ့အထိ ပင်လုံမြို့ကျောက်တိုင်ကွင်းတွင်ကျင်းပရာတက်ရောက်သူလူငယ် ၆၀၀ ကျော်ရှိ၏။ ဆွေးနွေးမှုမှမြန်မာနိုငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်များမဟာမိတ် ဖွဲ့စည်းနိုင်ခဲ့ပြီး လက်တွေ့ကျသည့် လုပ်ငန်းများလုပ်ဖို့ရန်လည်းကော်မတီ ရ ရပ်ဖွဲ့စည်းထားကြောင်း၊ နိုင်ငံရေးဆိုင်ရာ၊စစ်ဘေးရှောင်များကူညီရေးဆိုင်ရာ၊မူးယစ်တိုက်ဖျက်ရေးဆိုင်ရာ … အစရှိသည့် ကော်မတီများဖွဲ့စည်းထားပါသည် ။


ဆက်ဖတ်ရန်


ကျားခေါင်းပါတီ ဒုတိယ ဥက္ကဋ္ဌ စိုင်းစောအောင် ရုတ်တရက် ကွယ်လွန်



SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းစောအောင်သည် ယနေ့ ဂျူလိုင် ၁၆ ရက်နေ့ညနေ ၆ နာရီခွဲအချိန်က ရုတ်တရက် ကွယ်လွန်သွားကြောင်း ပါတီတာဝန်ရှိသူများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


ပါတီစတင်ထူထောင်စဉ်ကတည်းကပါဝင်ခဲ့သူ စိုင်းစောအောင်မှာ  ဂျူလိုင် ၁၅ ရက်နေ့ကပင် ကျားခေါင်းပါတီရုံးချုပ်သို့ လာရောက်ကာ ရုံးလုပ်ငန်းများ လုပ်ကိုင်နေခဲ့ပြီး ဂျူလိုင် ၁၆ ရက်နေ့ ညနေပိုင်းက ရုတ်တရက်အမောဖောက်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရစိုင်းလိတ်က အတည်ပြုပြောဆိုသည် ။

'ညနေ ၆ နာရီ ခွဲလောက်ကဖြစ်တာအရင်ကတော့ ရင်ကြပ်ရောဂါရှိတယ် ။ မနေ့ ကတောင် ထူထူထောင်ထောင်နဲ့ ကိုးမိုင်က ပါတီရုံးချုပ်မှာ ရုံးလာတက်နေသေးတယ်။ ရုတ်တရက်အမောဖောက်လာတယ်ပြောတယ် ။  ' ဟု စိုင်းလိတ်က ဂျူလိုင်လ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် သျှမ်းသံတော်ဆင့်သို့ ပြောသည်း ။


မိုးညှင်းဇာတိဖြစ်သူ စိုင်းစောအောင်မှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စတင်ထူထောင် လာခဲ့သည့် ၉၀ ရွေးကောက်ပွဲကာလကတည်းက ပါဝင်လာခဲ့သူလည်းဖြစ်ပြီး စစ်အာဏာရှင်စနစ်လက်ထက်တလျှောက် ပါတီနှင့်အတူ မယိမ်းမယိုင်ရပ်တည်ခဲ့သူဖြစ်သည် ။


ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်အရွယ် ရှိပြီဖြစ်သည့် စိုင်းစောအောင်သည် ခွန်ထွန်းဦးအပါအဝင် ပါတီထိပ် သီးခေါင်းဆောင်များနှင့် သျှမ်းခေါင်းဆောင်များ ဖမ်းဆီးခံရပြီးနှစ်ရှည် ထောင်ဒဏ်ကျခံရစဉ် ကာလများတွင်ပါတီမယိုင်လဲစေရန် အဓိက အခန်းကဏ္ဍမှတာဝန်ယူ ဦးဆောင်ခဲ့သူဖြစ်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအကြား ဖော်ဆောင်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူဖြစ်ကာ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဖြစ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့တွင်လည်း အခြားတိုင်းရင်းသားပါတီများနှင့်ပူးပေါင်းကာ တိုင်းရင်းသားအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူဖြစ်သည် ။


စိုင်းစောအောင်မှာ သျှမ်းမျိုးနွယ်စုအားလုံးပါဝင်နိုင်သည့် ညီညွတ်ရေးကို လိုလားသူလည်းဖြစ်ကာ မြန်မာနိုင်ငံမြောက်ပိုင်းမှ သျှမ်းမျိုးနွယ်စုဆိုင်ရာ နိုင်ငံရေးအင်အားစုများနှင့် သျှမ်းပြည်နယ်ရှိ သျှမ်းအင်အားစုများ နိုင်ငံရေးအရ ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် CSSU အခြေပြု ဆွေးနွေးပွဲများတွင်လည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားနေသူလည်းဖြစ်သည် ။


သူက ပါတီအတွက်အရမ်းအရေးပါတဲ့ အခန်းကဏ္ဍမှာရှိတယ်။ ထောင်မကျဖူးဘူးဆိုပေမဲ့ ပါတီဒီလိုရပ်တည်နိုင်အောင် ကျွန်တော်တို့တွေထောင်ကျနေတုန်းကာလတလျှောက်မှာ သူက ကြံ့ကြံ့ခံရပ်တည်ပေးခဲ့တယ် ။  ဟု ပါတီအထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည် ။
၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များအားနေရာပေးလိုသည့်အတွက် ရွေးကောက်ပွဲဝင်ရောက်ယှာဉ်ပြိုင်ခြင်းမရှိသည့် ကျားခေါင်းပါတီထိပ်တန်းခေါင်းဆောင် ၅ ဦးအနက် စိုင်းစောအောင်လည်း ပါဝင်ခဲ့ကြောင်း သိရသည် ။


ဆက်ဖတ်ရန်


ဝါရင့်တော်လှန်ရေးသမားဟောင်း SNA တပ်ဖွဲ့ဝင် ကျိုင်းတုံကျားခေါင်းပါတီ ဥက္ကဌ စဝ်ဆုရဖွန်း အသက် ၈၄ နှစ်ကွယ်လွန်



Photo by Sai Sai
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) ကျိုင်းတုံမြို့နယ် ဥက္ကဌ ၊ သျှမ်းပြည်အမျိုးသားတပ်မတော် SNA တည်ထောင်ကတည်းက ပါဝင်သည့် ဝါရင့် (သက်ကြီး) သျှမ်းတော်လှန်ရေးသမားဟောင်းကြီး (ဦး) စဝ်ဆုရဖွန်း အသက် ၈၄ နှစ်သည် သက်ကြီး ရောဂါဖြင့် ကျိုင်းတုံမြို့နေအိမ်တွင် ကွယ်လွန်သွားခဲ့သည် ။


စဝ်ဆုရဖွန်းခေါ်  စိုင်းကွမ်းဆာ ခေါ် စိုင်းခမ်းလူ သည် ဂျူလိုင်လ ၆ ရက်မနက်ပိုင်းက ကျိုင်းတုံမြို့ နောင်တုံကန်အနီး  ဝမ်ဖာ့ကမ်ရွာတွင် သက်ကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပါသည် ။


တော်လှန်ရေးအသိုင်းအဝိုင်းတွင် ဆေဖန်းမန့် ဟု အမည်သွင်သည့် စဝ်ဆုရဖွန်း၏ ကျန်ရှိရုပ် အလောင်းအား ဂျူလိုင်လ ၁၁ ရက်တနင်္လာနေ့၌ ကျိုင်းတုံမြို့ ဟွေ့ဖျမ်းသုသာန်တွင် သဂြိုဟ် မည်ဖြစ်ကြောင်း  အသုဘအခမ်းအနားစီစဉ်ဆောင်ရွက်ပေးသူ စိုင်းလုံယ ကပြောသည် ။


စဝ်ဆုရဖွန်းအား သျှမ်းပြည်အလယ်ပိုင်း ကွန်ဟိန်းမြို့နယ်  ကာလိအုပ်စုဝင်  တာ့ကော့အုပ်စု တွင် ဖခင်ဆန်ခတ်းတိယနှင့်မိခင် နန်းစမ်ခမ်းတို့မှ ၁၉၃၂ ခုနှစ်တွင်မွေးဖွားခဲ့သည်။ မောင်နှမ ၂ ဦးသာရှိပြီး ညီမဖြစ်သူမှာ တောင်ကြီးမြို့နေ နန်းယုံးလူ ဖြစ်ပါသည် ။


စဝ်ဆုရဖွန်းသည် အသက် ၂၆ နှစ်အရွယ်  ၁၉၅၈  တွင် ကျိုင်းတုံဒေသခံ နန်းခမ်းကျောက်နှင့် အိမ်ထောင်ပြုခဲ့သည်။  ကွယ်လွန်ချိန်တွင် ဇနီးသည် နန်းခမ်းကျောက် ကျန်ရစ်ခဲ့သည် ။


နန်းခမ်းကျောက်  နှင့်လက်ထပ်ပြီးမကြာခင် SNA တပ်ဖွဲ့ဝင်များအား ဆေးဝါးနှင့် စားနပ်ရိ က္ခာများ ပံ့ပိုးပေးသည် ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာ့တပ်မတော် မှ ၎င်းအား ဖမ်းဆီးထောင် ချခဲ့သည် ။ ၁၉၅၉ ခု ထောင်မှလွတ်မြောက်သည် နှင့် ဆရာတော် စဝ်ကုန္ဒရ ဦးဆောင်သည့် SNA တပ်သို့ဝင်ရောက်ကာစစ်မှုထမ်းခဲ့သည် ။ စည်းရုံးရေးတာဝန်ခံ အဖြစ် တာဝန်ထမ်းရွက်ရင်း အကြောင်းအမျိုးမျိုးကြောင့် ၁၉၇၆ ခုနှစ်တွင် လက်နက်ချလိုက်ရသော်လည်း အမျိုးသားရေး တာဝန်အား မြို့ပေါ်မှနေ၍ ကျရာကဏ္ဍတွင် မပြတ်ထမ်းရွက်ခဲ့သည် ။ ထို့ပြင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်စဉ်မှစ၍ပါဝင်ကူညီဆောင်ရွက်လာခဲ့ရာ ကွယ်လွန်ချိန်အထိ  SNLD ပါတီ ၏ ကျိုင်းတုံမြို့နယ် ဥက္ကဌ အဖြစ် တာဝန် ထမ်းရွက်ခဲ့သည် ။


ဆက်ဖတ်ရန်


ကျောင်းဖွင့်ချိန်၌ တပ်မတော်မှထိုးစစ်ဆင်မှုများရပ်တန့်သင့်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပြော



ယခုအချိန်သည် နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံး၍ စာသင်ကျောင်းပြန် လည်ဖွင့်လှစ်မည့်အချိန်ဖြစ်သဖြင့် အစိုးရစစ်တပ်မှ တိုင်းရင်းသားဒေသ၌ ထိုးစစ်ဆင်မှုများကို ရပ်တန့်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စား လှယ် စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည် ။

 သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည် များအား SNLD - TYN နှင့် နမ့်လန် သျှမ်းစာ/ယဉ်က  စားနပ် ရိက္ခာသွား ရောက်ထောက်ပံ့စဉ် (Photo: Sai Lern)

“ ပြည်တွင်းစစ်ဟာ ကျနော်တို့ရဲ့ အဓိကစိန်ခေါ်မှုပါ ။ ပြည်တွင်းစစ်ကြောင့် ကလေးတွေရဲ့ပညာရေး ၊ စားနပ် ရိက္ခာလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်တယ် ။ ကျနော်တို့ဒေသမှာ ပညာရေးဟာ နိမ့်ကျနေတယ် ။ ဒါ့အပြင် စစ်ဘေးလည်းထပ်ရှောင်နေရတယ်ဆိုတော့ ရေနစ်တဲ့သူကို ၀ါးကူထိုးနေ သလိုဘဲ ။ အထူးသဖြင့် အခုလို စိုက်ပျိုးရာသီ ၊ ကလေးကျောင်းတက်မယ့် ကာလမှာ ထိုးစစ် လုံးဝ မလုပ်သင့်ဘူး ။ အဓိကတော့ အစိုးရတပ်ပေါ့ ။ ထိုးစစ်ဆင်မကို ရပ်တန့် စေချင်တယ် ”… ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါ သည် ။


ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားဒေသ၌ ဖွံ့ဖြိုးရေးစီမံကိန်း တခုမှ မပြီးမြောက်နိုင်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက် သည့်ခေတ်ကာလတွင် အနာဂတ်ေ ခါင်းဆောင်ဖြစ်လာမည့် တိုင်းရင်းသားလူငယ်တော်တော်များ များ နောက်ကျ ကျန်နေမှုသည်လည်း စိန်ခေါ်မှုကြီးတရပ်ဖြစ်ကြောင်း ဆို၏ ။


မေလ ၂၅ ရက်နေ့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ သျှမ်းလူငယ်ကွန်ယက် TYN နှင့် နမ့်လန်သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်း တို့ ပူးပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟန်နားကျေး ရွာ မောက် လွမ့်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ဆိုင်းလိုင်ရွာ စစ်ပြေးဒုက္ခသည်  ၁၃၀ ကျော်အား ဆန် ၊ အားလူး ၊ ကြက်သွန်နီနှင့် ငွေသားနှစ်သိန်းခွဲ သွားရောက်ကူညီခဲ့သည် ။


“ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်ကလည်းဒီလိုဘဲ ပြည်တွင်းစစ်ကြောင့်  ပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်။ ရှေ့ဆက်ပြီး ဒီလိုဘဲ ဖြစ်နေဦးမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လမ်းစ မမြင်သေးဘူး။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲ ကို မြန်မြန်ပြန်စဖို့ အစိုးရသစ်လည်း လုံးပမ်းနေချိန်မှာ ဒီလိုမဖြစ်သင့်ဘူး ။ တပ်မတော်အနေနဲ့ တဖက်မှာ အပစ်ရပ်ပြီး တပြည်လုံးငြိမ်းချမ်းရေးကြေ ညာရင် စစ်ပွဲရပ်နိုင်ပြီလို့ ပြောချင်ပါတယ် ” ဟု စိုင်းဝမ်းလှိုင်းခမ်း က ပြောပါသည် ။


အစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA တို့ကြား တိုက်ပွဲကြောင့် သီပေါမြို့နယ် နမ့်မကျေးရွာအုပ်စုမှ ရွာသူရွာသား ၁၅၀၀ ခန့် သီပေါမြို့နှင့် လားရှိုးမြို့သို့ စစ်ပြေးရှောင်နေ ကြရ သည် ။


ဆက်ဖတ်ရန်


 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates