KIA နှင့် တိုက်ပွဲ အစိုးရတပ်ဘက် အကျအဆုံးများ



သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် နမ့်အွန်ကျေးရွာဘက်မှ ထွက်ခွာလာသည့် အစိုးရတပ်နှင့် KIA တို့အကြား ယခုလ ၁၉ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အစိုးရဘက်မှ ထိခိုက်ကျဆုံးမှုများကြောင်း မျက်မြင်ဒေသခံများ အဆိုအရ သိရသည်။



ဓါတ်ပုံ - KIA ဌာနချုပ် လိုင်ဇာမြို့၌ ပြုလုပ်သည့် တော်လှန်ရေးနေ့အခမ်းအနား စစ်ရေးပြဓါတ်ပုံ ။

KIA တပ်မဟာ ၄ နယ်မြေ တလိုင်းရွာဘက်တွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး အစိုးရတပ်ဘက်မှ ထိခိုက်ဒဏ် ရာ ရ သူများကို စစ်ကား ၃ စီးဖြင့် နမ့်အွန်ရွာဘက်သို့ သယ်ဆောင်လာကြောင်း မျက်မြင်ဒေသခံတစ်ဦးကသျှမ်းသံတော် ဆင့်သို့ပြောသည်။


“တိုက်ပွဲက တလိုင်း ဘက်မှာ ဖြစ်တာလေ တီးမားဘက်ကနေ လူနာတွေ ကားနဲ့တင်ပြီးတော့ နမ့်အွန်ဘက်ကို ထွက် လာတာပေါ့၊ မနက် ၉ နာရီလောက်ပေါ့၊ သေတာရော၊ ဒဏ်ရာရတာရော၊ သူတို့စစ်ကား ၃ စီးနဲ့ဆင်းလာတယ်၊ နမ့်အွန် မရောက်ခင်ဆိုတော့ လားရှိုးဘက်သွားမလား မူစယ်ဘက်သယ်သွားကုမလားတော့ မသိဘူး” ဟု ဆိုသည်။


KIA စစ်ရေးသတင်းဝက်ဆိုဒ်တွင် KIA တပ်ရင်း ၉ နှင့်အစိုးရတပ်တို့ သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ၄င်းနေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် အစိုးရတပ်မှ ၃၂ ဦး သေကြေဒဏ်ရာရကြောင်း ဖေါ်ပြထားသည်။


နှစ်ဘက်စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် KIA အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်သည့်အဖွဲ့နှင့် မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့တို့ မေလ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် တွေ့ဆုံခဲ့ သော်လည်း ယမန်နေ့က အထိ နှစ်ဘက်တိုက်ပွဲများ KIA ဋ္ဌာနချုပ် လိုင်ဇာအနီး နမ်ဆန်ယန်ဒေသတစ်ဝိုက်တွင် ဆက်ဖြစ်နေကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates