တိုးတက်ပြောင်းလဲဖို့ လိုအပ်ကြောင်း မိုင်းလားခေါင်းဆောင်ပြော
တိုးတက်ပြောင်းလဲမှုနှင့်အညီ ခြေလှမ်းမမှီပါက နောက်ကျကျန်ခဲ့မည်ဟု သျှမ်းပြည်တပ်မတော်၏ ချစ်ကြည်ရေးခရီးစဉ်၌ မိုင်းလားခေါင်းဆောင် စဝ်စိုင်းလင်းကပြောကြောင်းလိုက်ပါသူများကပြောသည်။
သျှမ်းပြည်တပ်မတော်၏ ချစ်ကြည်ရေးခရီးစဉ်၌တွေ့ရသော မိုင်းလားခေါင်းဆောင် စဝ်စိုင်းလင်းနှင့် RCSS ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်
“အရင်က ဝ နဲ့မိုင်းလားကိုလူတွေက စီးပွါးရေးကိုဘဲဦးစားပေးတယ်လို့ပြောကြတယ်။ အခုတော့ သူတို့လဲအတွေးအခေါ် တော်တော်လေးပြောင်းလဲသွားပြီလို့ပြောလို့ရတယ်။ တွေ့ဆုံပွဲမှာ စဝ်စိုင်းလင်းကိုယ်တိုင် ပြုပြင်ပြောင်းလဲရေးအတွက် ရှေးရှုဖို့တိုက်တွန်းတယ်” ဟု ဆွေးနွေးပွဲလိုက်ပါတက်ရောက်သည့် သျှမ်းသံတော်ဆင့်သတင်းထောက်ကပြောသည်။
ကာစီနိုလောင်းကစားဝိုင်း၊ သတ္တုတွင်း၊ ခရီးသွားလုပ်ငန်းမှ အဓိက ဝင်ငွေရရှိနေသော အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့သည် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်နှင့် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံပြီးနောက်ပိုင်း မိမိဒေသတွင်းပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဝန်ထမ်း ကျောင်းဆရာ ဆရာမ ၂၆ ယောက်အား ဖိတ်ခေါ်ခဲ့ပြီး လာမည့် ဂျွန်လဆန်း၌ ကျောင်းစဖွင့်တော့မည်ဖြစ်ကြောင်း မိုင်းလားသို့ အလည်အပတ်ရောက်ရှိစဉ် အာဏာပိုင်များက ရှင်းလင်းပြသခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်စိုင်း ပြန်လည်ပြောပြသည်။
“ပညာရေးမှာလဲ အထူးဦးစားပေးတာတွေ့ရတယ်။ ဒီလ ၂၅ ရက်ကျောင်းအပ် စ လက်ခံတယ်။ ဂျွန်လ ၁ ရက်ဆိုရင်ကျောင်း ဖွင့်မယ်ပြောတယ်။ ကျောင်းဆရာ ၃ ယောက်နဲ့ ကျောင်းဆရာမ ၂၃ ယောက်ရောက်နေတယ်။ မနှစ်ကကျောင်းသား ၁၇၀ ကျော်ရှိတယ်လို့ပြောတယ်။ ဒီနှစ်တော့ အဖက်ဖက်က အခြေအနေကောင်းလာပြီမို မနှစ်ကထက်ကျောင်းသား ပိုများ လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ကျောင်းအုပ်ဖြစ်တဲ့ နမ့်ဆန်က ပလောင်အမျိုးသမီး ဆရာမဒေါ်အေးထွန်းကပြောတယ်” ဟု ဆိုသည်။
အပစ်ရပ်ငြိမ်းချမ်းရေးယူသည့် နှစ် ၂၀ ကာလအတွင်း မိုင်းလားအထူးဒေသ ၄ ၌ အထက်တန်းအောင်မြင်သည့်သူ မရှိဟူ သော သတင်းနှင့်ပတ်သက်၍လည်း ဆွေးနွေးပွဲ၌ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူအား ဦးခွန်စိုင်းကမေးမြန်းရာ - အဆိုပါသတင်း မှားယွင်းကြောင်း၊ အထက်တန်းအောင်သူများအား စစ်ကိုင်းနှင့် ရန်ကုန်ရှိ နတလကျောင်း သို့ပို့ဆောင် ကာ ဘွဲ့ရရှိသူများလည်း များပြားကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟုဆို၏။
သို့သော် မိုင်းလားအရာရှိတဦးကမူ “ အဲဒီဘွဲ့ရတွေက နေရပ်ပြန်မလာကြတော့တာများပါတယ်။ အခုဒေသတွင်း ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကို ကူညီနေကြတာဟာ ဘုန်းကြီးကျောင်းထွက်တွေနဲ့ တရုတ်ကို ပညာတော်သင်ပို့ဆောင်ခံရတဲ့ သူတွေ ဘဲများပါတယ်” ဟု ပြော၏။
အစိုးရ၏ငြိမ်းချမ်းရေးကိုယ်စားလှယ်နှင့် ၂၀၁၁ အောက်တိုဘာလ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေး မှုမပြုခင် ကာလများက အထူးဒေသ ၄ ရှိ အစိုးရဝန်ထမ်းများမှာ အစိုးရပေးသည့်လစာ မလောက်ဟုဆိုကာ မိုင်းလားအာဏာပိုင် များက တလလျင် ယွမ်ငွေ ၃၀၀ ကျော် (မြန်မာငွေကျပ် ၄ သောင်းဝန်းကျင်)ထောက်ပံ့ပေးခဲ့ရကြောင်း ကျောင်းသား မိဘများက ပြောပြဖူးသည်။
ကျန်းမာရေးဖက်တွင်မူ ခွဲစိပ်ဆရာဝန်တဦးနှင့် သူနာပြုဆရာမှ ၁၃ ယောက်ရှိသည်ဟု သိရကြောင်း၊ သူနာပြုအများစုမှာ သျှမ်းအမျိုးသမီးများဖြစ်ကြကြောင်းလည်း လိုက်ပါသည့်သတင်းထောက်များကပြောပြသည်။
ထို့ပြင် မိုင်းလား၌ ခရီးသွားလုပ်ငန်းကောင်းမွန်စွာ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ယခုလကုန် နယ်စပ်ဂိတ်များသို့ (တရုတ်ပြည်ဖက်ခြမ်းတာလော့နှင့် မိုင်းလားမြို့ကြား လူဝင်လူထွက်များအား တာဝန်ယူပေးရန် အကောက်ခွန်ဝန်ထမ်းများ နှင့် လ၀က ဝန်ထမ်းများ၊ ကျိုင်းတုံအသွား တာ့ပင်းတံတားဂိတ်စောင့်ဝန်ထမ်းများ) အစိုးရဝန်ထမ်းများ ပြန်လည်ပို့ဆောင် မည်ဖြစ်ကြောင်း နတလ အရာရှိကလည်းအဆိုပါ ကျိုင်းတုံတွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်းသိရပါသည်။
Tags: News, politic