လွှတ်တော်အမတ်တဦး၏လက်နက်ကိုင်အဖွဲ့ ပြည်ထောင်စုလမ်းမပေါ် ပိုက်ဆံစောင့်တောင်း



သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၌ လက်နက်များကိုင်ဆောင်ထားသည့် ကွတ်ခိုင်မြို့ ဌာနေတိုက်ခိုက်ရေး ရဲတပ်ဖွဲ့က မူစယ်မှ လားရှိုး အတက်/အဆင်း ယာဉ်များထံမှ ပိုက်ဆံစောင့်တောင်းနေကြောင်း မူစယ် - လားရှိုး ခရီးသွားများက ပြောသည်။

“သူတို့စလုပ်လာတာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကဘဲ။ အသွားတုန်းက မတွေ့ရဘူး၊ ကျနော် ဗုဒ္ဓဟူးနေ့က ပြန်လာတော့ တီခွန်မြတ်ရဲ့ကွတ်ခိုင်ပြည်သူ့အဖွဲ့ကပေါ့။ နမ့်ဖတ်းကာမတိုင်ခင်မှာတနေရာ နမ့်ဖတ်းကာနဲ့ ကွတ်ခိုင်ကြားက လွယ်ဖတ်းလိန်းမှာ တနေရာစောင့်ပြီးကောက်နေတယ်” ဟု မူစယ်မှလာသည့်ခရီးသည် အမျိုးသားတဦးကပြောသည်။

မူစယ်မှလာသည့် ဆိုင်ကယ်အသစ်များအား တစီးလျင် ကျပ် ၁၀၀၀ ၊ ဗင်ကား၊ ခရီးသည်တင်၊ ကုန်တင်ကား၊ ၁၀ ဘီးကားကြီးများကိုလည်း အရွယ်အစား အလိုက် တစီးလျင် ကျပ် ၅၀၀၀ မှ ကျပ် ၁၀၀၀၀ အထိ ကောက်ယူနေ ကြောင်း လားရှိုးကားဆရာ တဦးကလည်းပြောသည်။

ကားကြီးကားငယ်နှင့်ကုန်ကားများမပါသေးဘဲ တရက်လျင် မူစယ်မှ လားရှိုးသို့ အဆင်းချည်းဆိုင်ကယ် (ပျှမ်းမျှ) အစီးရေ ၃၀၀ ခန့်ရှိကြောင်း မူစယ်- လားရှိုး ဆိုင်ကယ်ကယ်ရီသမား များကပြောသည်။

“ဆိုင်ကယ် အစီး ၃၀၀ ရှိတယ်ဆိုတာက ကယ်ရီတင်တဲ့အရေအတွက်ပါ မပါသေးဘူး။ တရုတ်ဆိုင် ကယ်တွေကို ကျနော်တို့ ဆိုင်ကယ်တစီးပေါ်မှာ ၂ စီး- ၃ စီးအထိ တင်ကြတယ်လေ။ အဲတာတွေပါရင် အစီး ၃၀၀ ဘယ်က မလဲ” ဟု ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ အခွန်စောင့်ကောက်နေသည်မှာ မြန်မာအာဏာပိုင်များ၏ ဆင့်ဆိုမှုဟုပြောသော်လည်း အဆိုပါ ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်ငွေအတွက်သာ ဖြစ်ပုံရကြောင်း ကယ်ရီသမားများက ပြောသည်။

ကွတ်ခိုင်ပြည်သူ့ဌာနေ တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ခေါင်းဆောင် ဥပဒေညွှန်ကြားရေးမှူး ဦးတီခွန်မြတ်မှာ ကွတ်ခိုင် မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်ပါသည်။

ထို့အပြင် ပြည်ထောင်စုပူးတွဲဥပဒေကြမ်းကော်မတီ၏ ဥက္ကဌလည်းဖြစ်ပါသည်။ ဤအခွန်ကောက်ခံမှုနှင့် ဦးတီခွန်မြတ်ပတ်သက်သည် မပတ်သက်သည်ကိုမူ စုံစမ်းဆဲဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates