အခွန်ငွေ မထည့်သည့် ယာဉ်မောင်းအား မူစယ်မြို့အုပ်ချုပ်ရေးမှူး တရားစွဲ
ပြည်နယ်အစိုးရရံပုံငွေအတွက် အခွန်ကောက်နေသော တရုတ် - မြန်မာနယ်စပ် ဆင်ဖြူဂိတ်တွင် ယခုလ ၁၆ ရက်နေ့က မိုးကောင်းကင် ယာဉ်လှိုင်းမှ ယာဉ်မောင်းတစ်ဦး အခွန်ငွေမထည့်သည့်ကိစ္စနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။
မူစယ် - ကျယ်ဂေါင် နယ်ခြားဂိတ်၎င်းနေ့ ညနေ ၆ နာရီခန့်က မိုးကောင်းကင်ယာဉ်လှိုင်းမှ ယာဉ်တစ်စီး ကျယ်ဂေါင်ဘက်မှ မူစယ်သို့ ဆင်ဖြူဂိတ်အတိုင်းဝင်လာစဉ် အခွန် မဆောင်ဘဲ ဖြတ်ကျော်မောင်းနှင်သဖြင့် ဦးမြဟန်မှ ကားရပ်တန့်ရန် တားမြှစ်ရာမှ ပြဿနာစတင်ဖြစ်ပွားကြောင်း မူစယ်မြို့ အုပ်ချုပ်ရေးရုံး ၀န်ထမ်း အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အခွန်ကောက်တဲ့ဂိတ်မှာ ကားမရပ်ပဲ ကားဆက်မောင်းသွားတော့ ဦးမြဟန်က တားတာပေါ့နော်၊ ယာဉ်မောင်းကကားနောက်ပြန်ဆုတ်လာပြီး သူ့အဖေဆီကို ဖုန်းပြန်ဆက်တယ်၊ ဘယ်အဆင့်လဲ၊ ဘာညာမေးတယ်နဲ့တူတယ်၊ ဘာအဆင့်မှ မရှိပါဘူး၊ ဘယ်ကကောင်မှန်း မသိပါဘူး ဆိုပြီး ဖုန်းထဲကနေ ပြန်ပြောတယ်၊ အဲဒီနေ့ညနေပိုင်းမှာပဲ ချက်ခြင်း ရဲစခန်းမှာ အမှုဖွင့်လိုက်တယ်” - ဟု နီးစပ်သူတစ်ဦးက ဆိုသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဆိုပါယာဉ်မောင်းအား တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် အမှုဖွင့်ထားပြီး ယခုအခါယာဉ်မောင်းအား ရဲစခန်းမှ အာမခံနှင့် ပြန်လွှတ်ထားကြောင်း ၁၄ ရက်အတွင်း တရားရုံးတွင် တရားစွဲတင်ရမည် ဖြစ်ကြောင်းနှင့် ၄င်းယာဉ်မောင်းမှာ မိုးကောင်းကင် ယာဉ်လှိုင်းပိုင်ရှင်၏သားဖြစ်ကြောင်း သိရသည်။
မူစယ် - မန္တလေး လှိုင်းပြေးဆွဲနေသော အဆိုပါ မိုးကောင်းကင်ယာဉ်လှိုင်းတွင် ယခင်စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ယခုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေး ကိုယ်တိုင်ရှယ်ယာပါဝင်ကြောင်း သိရသည်။
Tags: General, News

