ရေနံ/ဂက်စ် ပိုက်လိုင်းဖြတ်သန်းသည့် အသိမ်းခံလယ်မြေများအတွက် လက်မှတ်အဓမ္မထိုးခိုင်း



သျှမ်းပြည်ဝန်ကြီးချုပ်ထံတိုင်စာပို့သည့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဆိုင်းခေါင်အုပ်စု လယ်မြေအသိမ်းခံရ လယ် သမား ၄ ဦးအား အုပ်စုအုပ်ချုပ်ရေးမှူးက ထပ်မံခေါ်ယူတွေ့ဆုံကာ အတိအကျစာရင်းမပါသည့်လျော်ကြေးငွေအနည်းငယ်ကို ကျေနပ်စွာဖြင့် လက်ခံရယူကြောင်းလက်မှတ်ထိုးခိုင်းကြောင်း နမ္မတူဒေသခံများကပြောသည်။

Numptu_pipeline

နမ္မတူမြို့၌ ဂက်စ်ပိုက်လိုင်းဖြတ်သန်းခံရသည့်လယ်မြေများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)


“နမ္မတူမြို့နယ် ဆိုင်းခေါင်အုပ်စု ပန်မန့်ရွာသား ၄ ယောက် နန်းမြဦးဆာ၊ အိုက်ထွန်း၊ စိုင်းပန်းလူ နဲ့ စိုင်းဆန်လူ တို့ပေါ့။ မန်မွမ်းရွာ မြစ်တစ်ဖက်ကမ်းက သူတို့ရဲ့ မြေကွက်တွေကို ကြိုးနီနဲ့ တားလိုက်တယ်။ ၂၀၁၁ ဒီဇင်ဘာလဆန်းတုန်းကပေါ့။ အဲတာ ဒီဇင်ဘာလ ၁၆ ရက် ပထမအကြိမ် လျော်ကြေးရတုန်းက ၆ လတာ ကာလအတွက်ငှားတာတဲ့ ဘယ်လိုတွက်ပေး လိုက်လဲမသိဘူး တယောက်နဲနဲစီပေးလိုက်တယ်။ အခု ဒီလထဲမှာဘဲ အဲဒီ ၄ ယောက်ကိုပြန်ခေါ်တယ်။ ဂက်စ်ဖြတ်သန်းတဲ့ လိမ္မော်ခြံတွေကို လိမ္မော်သီး တလုံး ကျပ် ၁၀၀ နှုန်းနဲ့ တပင်ကို အလုံး ၈၀ စာလျော်ပေးမယ်။ ၅ နှစ်သာကာလအတွက် ပေါ့နော်။ တယောက်နဲ့တယောက် ဆုံးရှုံးတဲ့ ပမာဏလဲမတူတော့ လျော်ကြေးလဲမတူဘူး။ ဒါပေမယ့် သူတို့ ပြောတဲ့ အတိုင်း ပြန်လာတွက်ကြည့်တော့လဲ ရလာတဲ့ငွေနဲ့မကိုက်ပြန်ဘူး။ စာရင်းလဲမပြဘူး။ အဲလိုဖြစ်နေတယ်” ဟု နမ္မတူ ဒေသခံနန်းလူ က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုတကြိမ် လျော်ကြေးပေးရာတွင် သက်ကယ်ခြံနှင့် ပန်းစိုက်ပျိုးခြံ ဆုံးရှုံးသည့် စိုင်းပန်းလူအား ၇၀၇,၀၀၀ ကျပ်၊ လိမ္မော် သီးခြံပိုင်ရှင် နန်းမြဦးဆာအား ၃၇၀,၀၀၀ ကျပ် နှင့် ဦးအိုက်ထွန်းနှင့် ဦးဆန်လူအား ကျပ် ၁ သိန်းကျော်စီ ပေးလျော်ခဲ့ ကြောင်း၊ ယခုရသည့်လျော်ကြေးနှင့်ပင် ကျေနပ်သည်ဟု လက်မှတ်ထိုးခိုင်းကြောင်း၊ မကျေနပ်သည့် လယ်ပိုင်ရှင်များအား စာရင်းရှင်းပြရန် မြို့နယ်ရုံးသို့ ချိန်းမည်ဟုဆိုသော်လည်း စောင့်သည့်ချိန်နှင့်ချိန်းဆိုသည့်ချိန် မကိုက်ပြန်သဖြင့် ပြောင်းဖူး စိုက်ချိန်လွန်မည်ကိုစိုးသောကြောင့် လယ်ပိုင်ရှင်များ အချိန်မပေးနိုင်ဘဲ ကြေအေးလိုက်ရကြောင်း ပြောပါသည်။

ပထမအကြိမ် ၂၀၁၁ ဒီဇင်ဘာလ ၁၆ ရက်ကလည်း နမ္မတူမြို့နယ် ဆိုင်းခေါင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြ၊ ပိန်းလောင်းရွာလူကြီး ဦးစံငြိမ်း၊ တရုတ်ကုမ္ပဏီက တာဝန်ခံ နှင့် တရုတ်စကားပြန်များက နန်းမြဦးဆာအား ကျပ်ကိုးသိန်းခွဲ၊ အိုက်ထွန်း အား ကျပ်နှစ်သိန်း၊ စိုင်းပန်းလူ အား ကျပ်ကိုးသိန်း ကိုးသောင်း လေးထောင်၊ ဦးဆန်လူ အား ကျပ်သုံးသိန်း နှစ်သောင်း ပေးချေပြီး တရုတ်ဘာသာဖြင့် ရေးထားသည့် စာရွက်၌ လက်မှတ်ရေးထိုးခိုင်းသည်ဟု လယ်ပိုင်ရှင်များက ပြောသည်။ အဆိုပါကိစ္စအတွက်စာရင်းအတိအကျသိနိုင်ရန် ယခုနှစ် ဧပြီလက သျှမ်းပြည်ဝန်ကြီးချုပ်ထံ လယ်ပိုင်ရှင်များက တိုင်စာတင်ပြခဲ့ကြခြင်းဖြစ်သည်။

ယခုလည်း ဒေသခံများဘက်မနေသည့် ဆိုင်းခေါင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြအား အုပ်စုသားများက လက်မှတ်ရေးထိုးဖြုတ်ချရန်စီစဉ်နေကြသော်လည်း မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များက အုပ်ချုပ်ရေးမှူးများ ပြောင်းလဲရန်ရှိသည်ဟုပြောဆိုသဖြင့် ဒေသခံလူထုက စောင့်ကြည့်နားထောင်နေကြကြောင်းလည်း ဒေသခံ အိုက်စိုင်းက ပြောသည်။

ရခိုင်ကမ်းလွန်ပင်လယ်မှထွက်ရှိသော ရေနံနှင့်ဂက်စ်များကိုတရုတ်ပြည်သို့ သွယ်တန်းပို့ဆောင်ရာတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် သျှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် တရုတ်နိုင်ငံ ကွန်မင်းမြို့အထိ မိုင်တိုင် ၁၆၀၀ ရှည်လျားသည်။ ထိုစီမံကိန်းကိန်းမှ မြန်မာအစိုးရက ဒေါ်လာ ၂၉ ဘီလျံရရှိမည်ဖြစ်သည်။ ရေနံနှင့် သဘာဝ ဓါတ်ငွေ့များအား ၂၀၁၃ နှစ်နှောင်းပိုင်းမှစ၍ ထိုပိုက်လိုင်းများမှ အစမ်းပို့လွှတ်နိုင်မည်ဟု တရုတ်ကုမ္ပဏီက ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates