သျှမ်းပြည်တပ်မတော်အား မူးယစ်ဆေးဝါးလက်တွဲနှိမ်နှင်းရေးဆု ထိုင်းအစိုးရချီးမြင့်



နယ်စပ်တလွှား မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်က ထိုင်းအစိုးရနှင့် နှစ်ပေါင်းများစွာလက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ရွှေလင်းယုန်ဆုကို ထိုင်းအစိုးရမှ ပေးအပ်ချီးမြင့်ခဲ့သည်ဟုသိရပါသည်။

RCSS_get_awardsထိုင်းအစိုးရမှပေးအပ်သော ဆုကို သျှမ်းပြည်တပ်မတော်မှ စိုင်းအေးက လက်ခံရယူစဉ်(ဓါတ်ပုံ- တိုင်းဖှရီးဒမ်း)

“ထိုင်းနိုင်ငံမူးယစ်နှိမ်နှင်းရေးအဖွဲ့ (Office of Narcotics Control Board) ၊ ပြည်တွင်းလုံခြုံရေးကွပ်ကဲရေးအဖွဲ့ (Internal Security Operation Command) ၊ ထိုင်းရဲတပ်ဖွဲ့ တို့ကပူးပေါင်း ကမကထပြုပြီး ဒီဆုပေး အပ်တာလေ။ ထိုင်းအစိုးရ ကိုယ်စားပေးအပ်တာပါဘဲ” - ဟု တက်ရောက် ဆုလက်ခံသည့် RCSS/SSA ကိုယ်စားလှယ် စိုင်းအေး က ပြောပါသည်။

သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA သည် 2001 မှစ၍ ထိုင်း - မြန်မာ (သျှမ်း) နယ်စပ်မူးယစ်ဆေးဝါးနှိမ်နှင်းရာတွင် ထိုင်းအစိုးရနှင့် အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ Gold Eagle Award ရွှေလင်းယုန်ဆုပေးအပ်ချီးခံရတာ ဖြစ်သည်ဟု အခမ်းအနား တက်ရောက်ချီးမြင့်သည့် ထိုင်းဘုရင်အတိုင်အပင်ခံ ဗိုလ်ချုပ်ကြီးဖိကျစ် ကုလ၀ါနစ် ကပြောပါသည်။

အဆိုပါဆုအား ဂျွန် ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အတွက် ဂုဏ်ပြုချီးမြင့်ခြင်းဖြစ်၏။ အခမ်းအနားအား ဂျွန် ၂၃ ရက် ဘန်ကောက်မြို့ထိုင်းဘုရင့်ရဲတပ်ဖွဲ့ ဘွန်းယဂျင်းဒါးခန်းမ၌ ကျင်းပခဲ့သည်ဟုဆိုသည်။

“အခမ်းအနားတက်ရောက်တာ လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ အနုပညာသည်တွေ၊ နယ်စပ်ကတော့ကျနော်တို့ တဖွဲ့ထဲဘဲ။ ပေးတဲ့ဆု အားလုံးရွှေလင်းယုန်ရုပ်ဆုတွေဘဲ၊ ဂုဏ်ပြုခံရတာတွေအပေါ်မူတည်ပြီး ဆုမှာရေးတဲ့စာသား တော့ကွာတယ်။ ကျနော်တို့ရဲ့ဆုကတော့ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပူးပေါင်းလက်တွဲမှု ဂုဏ်ပြုဆု လို့ရေးထားတယ်” - ဟု စိုင်းအေးကပြောပါသည်။

မူးယစ်ဆေးဝါးကာကွယ်တိုက်ဖျက်ရေးဆိုင်ရာ ရွှေလင်းယုံရုပ်ထု ဆုအပ်နှင်းပွဲအခမ်းအနားသည် ထိုင်းနိုင်ငံ၌ ပထမဆုံး အကြိမ် ပေးအပ်ခြင်း ဖြစ်ပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် မြန်မာအစိုးရနှင့် အပစ်မရပ်ခင် လွယ်တိုင်းလျဲန်းဌာနချုပ်၌ ဖမ်းမိမူးယစ်ဆေး ၀ါးများအား နှစ်စဉ် မီးရှို့ပွဲဖြင့်တိုက်ဖျက်ခဲ့သည်။ ထို့အတူ ယခုနှစ် မြန်မာအစိုးရ နှင့် ငြိမ်းချမ်းရေးတည်ဆောက် စဉ်မှာလည်း သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါး များအား မိုင်းနောင်မြို့နယ်ခွဲ၌ အစိုးရ နှင့် ဆိုင်ရာအဖွဲ့အစည်းများ ဖိတ်ကြား၍ ပြည်တွင်း၌ ပထမဦးဆုံးတရားဝင် မူးယစ်ဆေးဝါး မီးရှို့တိုက်ဖျက်ရေးအခမ်းအနား ပြုလုပ်ခဲ့သေးသည်ဟု သျှမ်းပြည်တပ်မတော်က ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates