ဘန်ကောက်ရောက်ခေါင်းဆောင်ခွန်ထွန်းဦးအား ထိုင်းရောက်သျှမ်းများကြိုဆို
ဆေးဝါးကုသရန် ထိုင်းနိုင်ငံသို့ ယနေ့ညပိုင်းရောက်ရှိသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ခွန်ထွန်းဦးအား ထိုင်းနိုင်ငံရောက်သျှမ်းတိုင်းရင်းသားများ က ၀မ်းမြောက်ဝမ်းသာကြိုဆိုကြပါသည်။

“ခွန်ထွန်းဦးလာမယ်လို့ကြိုမသိဘူးလေ။ အလုပ်ခွင့်ကြိုမယူထားမိဘူး။ ကြိုသိရင် လူတွေ ပိုများဦးမယ်။ ကျနော်
တောင် ညပိုင်းအလုပ်ဆက်မဆင်းဘဲနဲ့ ပြေးလာတာ။ အရမ်းတွေ့ချင်လွန်းလို့လေ” - ဟု ဘန်ကောက်ရောက်
ရွှေ့ပြောင်းအလုပ်သမား စိုင်းဆတ်က ပြောပါသည်။
ခွန်ထွန်းဦး၏ ထိုင်းနိုင်ငံခရီးစဉ်အတွက် ဂျွန်လဆန်းပိုင်းကတည်းက စီစဉ်ထားပြီး ဖြစ်ကြောင်း ၊ ကျန်းမာရေး
စစ်ဆေးရန် အဓိကဖြစ်ကြောင်း၊ ထိုင်းလေကြောင်း TG 306 ဖြင့် ယနေ့ည ၇ နာရီခွဲက ရန်ကုန်မှထွက်ခွါခြင်း
ဖြစ်ကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောပါသည်။
ခွန်ထွန်းဦးအားလေဆိပ်၌သွားရောက်ကြိုဆိုကြသည့် သျှမ်းတိုင်းရင်းသားများ (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)“ ည ၁၀ နာရီခွဲလောက်က ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်ကိုရောက်တယ်။ ဒီကလည်း သျှမ်းဝတ်စုံ အပြည့်နဲ့
လာကြိုကြတာအင်အား တရာလောက်ရှိမယ်။ ရိုးရာဝတ်စုံမဝတ်ထားရင် တော့ ဘယ်သူဘယ်ဝါမှန်းမသိရဘူး” -
ချင်းမိုင်မြို့ မှ သွားရောက်ကြိုဆိုသည့် စိုင်းဆိုင်ယ ကပြောပါသည်။
သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးသည် အရိုးကျီးပေါင်းရောဂါဖြင့်ခါးနာသည့်ဝေဒနာ၊ ပူတာအိုအကျဉ်းထောင်၌
အကျဉ်းကျစဉ် ချော်လဲသောကြောင့် ဒူးနာဝေဒနာ ခံစားရသည့် အပြင် အစာအိမ်နာ၊ ဆီးကျိတ်နာ စသည့်
ရောဂါများခံစားနေရပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးသည် အမျိုးသားညီလာခံ လက်မခံသောကြောင့်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့် အာဏာရစစ်အုပ်စုက သျှမ်းခေါင်းဆောင် ၈ ဦးနှင့်အတူ ၂၀၀၅ နှစ်ဦးပိုင်း
က ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ဒဏ် ၇၉ - ၁၀၆ အထိ အသီးသီး ပြစ်ဒဏ်ပေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ
သမ္မတဖြစ်လာသည့် ဦးသိန်းစိန်၏ လွှတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယခုနှစ်ဆန်းပိုင်းက ပြန်လည်လွတ်မြောက်ပြီး
ပါတီအားနိုင်ငံရေးမှတ်ပုံတင်တရားဝင်ပြန်တင်ခဲ့သည်။
Tags: General, News

