အုပ်စုဆေးပေးခန်းအတွက် အသိမ်းခံမြေနေရာ ပိုင်ရှင်အား သီးနှံစိုက်ခွင့်မပေး
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တာ့ပုံကျေးရွာအုပ်စုဒေသခံတဦးပိုင်မြေကို အုပ်စုဆေးပေးခန်း အတွက် သိမ်းယူ ဆေးခန်းတည်ဆောက်ပြီး ပိုနေသည့်မြေနေရာတွင်လည်းမြေပိုင်ရှင်မှ သီးနှံပြန်စိုက် နေ မှုကိုလည်း ထပ်မံဟန့်တားခဲ့ကြောင်း တာ့ပုံဒေသခံများ ကပြောသည်။
“တာ့ပုံအုပ်စု နားဖကျေးရွာ က နန်းအေးဟွမ်ရဲ့ လယ်မြေပေါ့။ တိုင်းမှူးမြင့်လှိုင်ခေတ်ကတည်းက တိုင်းမှူး နာမည်နဲ့ အာဏာပိုင်တွေက လာသိမ်းတာ။ အုပ်စုသားတွေ အတွက် ဆေးပေးခန်းလုပ်မယ် လို့ ပြောတယ်။ ဆေးခန်းက ဆောက်ပြီးပြီ။ ဆေးခန်းအနောက်ဖက်မှာပိုနေတဲ့ မြေမှာပိုင်ရှင်က အသီးအနှံတွေလာစိုက်တော့ ကော်မတီ တွေက ခွင့်မပေးဘူး။ ဧည့်သည်က အိမ်ရှင်ကိုနှင်ချတယ် ဆိုတာမျိုးပေါ့” ဟု တာပုံဒေသခံ စိုင်းညွန့်ကပြော သည်။
ဆေးခန်းဆောက်လုပ်ပြီးစီးပြီးနောက် ရွာလူထုအားလည်း တစ်လ ငွေ ၁၂၀၀ ကျပ် ရံပုံငွေထည့်ခိုင်း သည် ဟုဆို၏။
“ဆေးခန်းသွားပြပြ မပြပြ လတိုင်း တအိမ် ၁၂၀၀ တော့ ထည့်နေရတာဘဲ။ ဆေးခန်းသွားပြလဲဘဲ ဆေးကုခ ယူတာဘဲ။ တာပုံအုပ်စုက ရ ရွာစလုံး ထည့်ရတယ်။ မြေပိုင်ရှင်ရောဘဲ။ သူက ခုထိ လျော်ကြေးလဲမရ။ မြေလဲပြန်မရ။ သီးနှံစိုက်စရာနေရာလဲမရှိ။ အစိုးရသစ်လက်ထက်မှာလဲ အဲလိုရှိနေသေးတယ်။ မဖြေရှင်း ပေးဘူး” ဟု လားရှိုးတက္ကသိုလ်ကျောင်းသူ နန်းအေး ကပြောသည်။
မြေနေရာပြန်လည်ရရှိရေးအတွက် သို့မဟုတ် လျော်ကြေးရရှိရေးအတွက် ဆေးခန်းကော်မတီဝင် များအား သွားရောက်ပြောဆို ဆွေးနွေးသော်လည်း ဖမ်းဆီးချုပ်နှောင်မည်ဟုပင်ခြိမ်းခြောက်ခဲ့ကြောင်း မြေပိုင်ရှင်နှင့် နီးစပ်သူတဦးကလည်း ပြောပြသည်။
Tags: Human Right, News

