သျှမ်းအရှေ့ပိုင်း မြောက်ပိုင်း ၌ မြစ် ချောင်းများ ရေကြီး ဆုံးရှုံးမှုများပြား
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း အထူး ၄ ၊ အထူး ၂ မြို့တော် အပါအဝင် မြို့ကြီးအချို့ ၌ မြစ်ချောင်းများ ရေလျှံကာ ရေလွှမ်းမိုးမှုများကြုံတွေ့ခဲ့ရကြောင်း မြို့ခံများကပြောသည်။

“ သျှမ်းပြည်အရှေ့ပိုင်းမှာဆိုရင် ကျိုင်းတုံအပါအဝင် မိုင်းလားမြို့တို့မှာ ရေကြီးတယ်။ မိုင်းလားမှာက နမ့်မချောင်းရေကြီး တာကြောင့် တိုက်အိမ် ၆၀ ကျော်နဲ့ နာမည်ကြီး ဟိုတယ် ၁၆ ခု ဆိုးဆိုးဝါးဝါး ရေလွှမ်းခြင်းခံရတယ်။ ဒီ စနေတနင်္ဂနွေ မှာတော့ ရေပြန်ကျသွားပြီ။ လောင်းကစားရုံရှိတဲ့ ဝမ့်သျှို့ဖက်မှာတော့ လယ်ကွင်းတွေမှာရေတွေ လွှမ်းနေတုန်းဘဲ” ဟု မိုင်းလားဒေသခံစိုင်းတွီကပြောသည်။
တရုတ်ပြည်ဘက်မှစီးဆင်းသည့်နမ့်လမ်းချောင်းနှင့် မိုင်းလားမြို့လယ်အတွင်း ဖြတ်သန်းစီးဆင်းသည့်နမ့်မချောင်းတို့ ပေါင်းဆုံကာ မိုင်းလားအနောက်တောင်ဘက်အရပ်ရှိ နမ့်လွေချောင်းထဲသို့ စီးဝင်ခဲ့ကြသည်။
အလားတူ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့၏ မြို့တော်ပန်ဆန်းတွင်လည်း ရေလွှမ်းမိုးမှုရှိခဲ့ကြောင်း၊ မိုင်းလားမြို့၌ ရေလွှမ်းသည့်တရက်ထဲမှာပင် ဖြစ်ကြောင်း ပန်ဆန်းဒေသခံတဦးကလည်းပြောသည်။
“ ရေစကြီးတဲ့နေ့က ရေအမြင့် ၅ မီတာလောက်ရှိတယ်။ ဒါပေမယ့် နမ့်ခါချောင်းက ပန်ဆန်းမြို့လယ်မဖြတ်ဘူးလေ။ မြို့ပြင် ဘေးကနေဖြတ်သွားတယ်။ ချောင်းဘေးမှာနေတဲ့လူတွေတော့ ခံရတာပေါ့။ အိမ် ၅ လုံးလောက်ပါသွားတယ်။ လယ်ယာတွေ လဲမြုပ်တယ်” ဟု ၎င်းကပြောသည်။
ကျိုင်းတုံမြို့တွင်မူ နမ့်ခင်ချောင်းနှင့် နမ့်လပ်ချောင်းရေကြီးမှုကြောင့် ချောင်းဘေးနေထိုင်သူများ အိမ်ပြိုခြင်း တံတိုင်းပြို ခြင်းများရှိခဲ့သည်ဟုဆို၏။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်မူ ရွှေလီမြစ်ရေကြီးမှု ယခင်အပတ်က ဖြစ်ပွါးခဲ့၏။ ပျက်စီးဆုံးရှုံးမှုကို ဆက်လက် စုံစမ်းဆဲဖြစ်သည်။
“တရုတ်တွေက ရွှေလီအထက်ပိုင်းမှာတည်ဆောက်ထားတဲ့ဆည်ကို ရေဖေါက်ချလို့ မူစယ် နမ့်ခမ်းမြို့နယ်အတွင်း ရွှေလီမြစ်ဝှမ်းတလျှောက်လယ်မြေတွေထဲရေလျှံဝင်တာ ၄-၅ ရက်ရှိပြီ။ စပါးတွေတော့ မရတော့ဘူးထင်တယ်ဒီနှစ်” ဟု နမ့်ခမ်း ဒေသခံလယ်သမားတဦးကပြောပါသည်။
လားရှိုးမြို့တွင်မူ ဂျူလိုင်လ ၉ ရက်က တကြိမ်ရေကြီးပြီးနောက်ပိုင်း ဂျူလိုင်လ ၂၇ ရက်ကတဖန်ရေကြီးပြန်သည်ဟု လားရှိုးသတင်းရပ်ကွက်ကပြော၏။
“ နမ့်ယောဝ်ချောင်းလဲကြီးတယ်။ ရန်တိုင်းအောင်ဘုရားဘက်က ချောင်းလဲကြီးတယ်။ နောက် တောင်ကျရေလဲ လွှမ်းတယ်။ ဆိုတော့ ချောင်းဘေးတလျှောက်နေတဲ့လူတွေနဲ့ လယ်မြေတွေမြုပ်ကုန်တာပေါ့။ ဒီနှစ်တော့ ၂ ခါ ခံရတာပေါ့ ” ဟု လားရှိုးမြို့ခံတဦးကပြောသည်။
ရေလွှမ်းခြင်းခံရသည့်ဒေသခံများသည် သျှမ်းပြည်အစိုးရမှ ကူညီထောက်ပံ့မှု တစုံတရာမရသေးဘူးဟုပြောသည်။
Tags: Environment, News