လားရှိုးမြို့ပေါ်ရပ်ကွက် ရေကြီး ဆုံးရှုံးမှုများပြား
သျှမ်းပြည်မြောက်ပိုင်း လားရှိုးကြီး မြို့ပေါ်ရပ်ကွက် တချို့ စည်ပင်သာယာချောင်းကြောင့် ရေမကြာခဏ လျှံတက်ကာ နေအိမ်အချို့နှင့် အုတ်တံတိုင်းများ ကျိုးကျ ပျက်စီးကြောင်း ဒေသခံများ ပြောပြချက်အရ သိရပါသည်။
လားရှိုးကြီး၌ ရေကြီးနေပုံ (ဓါတ်ပုံ- SH / SHAN)ဂျူလိုင် ၉ ရက် နေ့ မနက် ၁ နာရီမှစ၍ မိုးအသည်းအသန်ရွာသောကြောင့် နံနက် သုံးနာရီကစပြီး ရေလျှံတက်ကြောင်း၊ လားရှိုးကြီး ခေါ် ၁၂ ရပ်ကွက်ပေါ် ရှိ၊ ဈေးတန်း၊ ကောင်းဆာ၊ ပေါက်ဇန်လိတ်၊ ပန်ကျောင်း နှင့် နမ့်တွန်ချောင်းတလျှောက် ရေမြှုပ်ခြင်းခံရကြောင်း၊ ချောင်းတလျှောက် ခြံစည်းရိုးများ၊ နေအိမ်အုဋ်နံရံများ ပြိုကျ ပျက်စီးကြောင်း ကောင်းဆာဒေသခံများက ပြောပါသည်။
“၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုင်းလှကျော် နဲ့ မြို့နယ်အုပ်ချုပ်ရေး လာစစ်ဆေးပါတယ်။ အရင် တခေါက် ရေလျှံတုန်းကတော့ ဘာမှအကူအညီမပေးဘူး။ ဒီတိုင်းဘဲလာကြည့်တာပါ။ အဓိက ကတော့စည်ပင်ပေါ့၊ စည်ပင် ကြေး တော့ လတိုင်းလာကောက်ပြီး သူတို့အလုပ်ပုံမှန်မလုပ်ဘူး။ ခုနောက်ပိုင်း လူနေထူထပ်လာတယ်။ အမှိုက်ကများလာ တယ်။ ရေနှုတ်မြောင်းက မကောင်းရင် တခြားမြို့ကြီးတွေလို ရေတွေလျှံနေဦ်းမှာဘဲ” - ပန်ကျောင်းနေ အိုက်ဖေ ကပြောပါသည်။
ဂျူလိုင် ၈ ရက် နှင့် ၉ ရက်နေ့က အသည်းအသန်ရွာသွန်းသည့်မိုးကြောင့် နမ့်ယောဝ်ချောင်းဖျားဖြစ်သည့် မိုင်းယော်တိုက်နယ်ဘက်လည်းကောင်း၊ လားရှိုးမြို့အဝင် အေတီဂိတ် အနီး နမ့်ယောဝ်ချောင်းကူးတံတား ၌ လည်းကောင်း ရေများလျှံတက်သောကြောင့် ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် လားရှိုး - မူစယ် လမ်းလည်း ယမန်နေ့က ယာဉ်အသွားအလာ ရပ်ဆိုင်းထားရကြောင်း၊ မိုင်းယော် မိုင်းယန်းဘက်တွင် လယ်ဆင်းသည့် ကျေးလက်ရွာသားတချို့ သေဆုံးမှုရှိကြောင်း မိုင်းယော် - လားရှိုး ကားဆရာတဦးကပြောပါသည်။
Tags: General, News

