ဘန်ကောက်၌ဆေးစစ်ပြီးသော သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး ရန်ကုန်သို့ယနေ့ပြန်



ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ တပတ်ကျော်ကြာ ဆေးကုသမှုခံယူသော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ခွန်ထွန်းဦးသည် ယနေ့ညနေပိုင်း၌ ရန်ကုန်သို့ ပြန်လည်ထွက်ခွါမည်ဖြစ် ကြောင်းသိရသည်။

KTO_at_wat_mai_BKK_By_Mao_LangKhurဘန်ကောက်မြို့ ဝပ်မိုင်သျှမ်းဘုန်ကြီးကျောင်းရောက် သျှမ်းခေါင်းဆောင်ခွန်ထွန်းဦး

“ကျန်းမာရေးဆေးစစ်တာ အားလုံးကျေနပ်အားရပါတယ်။ စိုးရိမ်ရတဲ့အခြေအနေအထိ အသည်းအသန် ဖြစ်တာ မရှိပါဘူး။ အဓိက ခါးနာ၊ ဒူးနာ တဲ့ကိစ္စပါ။ ဆရာဝန်က ဆေးတလစာ ပေးလိုက်ပါတယ်။ နောက်လ ထပ်ချိန်းပါ တယ်။ ဒီနေ့ ညနေပိုင်း ကျနော်တို့ ဘန်ကောက်ကနေ ထွက်ပါမယ်” ဟု ခွန်ထွန်း ဦး အားလိုက်ပါပို့ဆောင်သည့် SNLD အဖွဲ့ဝင်လူငယ် စိုင်းအောင်သိန်း ကပြောသည်။

ဂျူလိုင်လ ၂ ရက်နေ့က ကျန်းမာရေးဆေးစစ်ချက်ရယူရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး နှင့် အဖွဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိခဲ့သည်။

ဘန်ကောက်မြို့ရှိဆေးရုံတခု၌ ဆေးကုသမှုခံယူပြီးနောက် အဓိက အလေးချိန်လျှော့ချရန် ဆရာဝန်က မှာကြား လိုက်သည်ဟုဆိုပါသည်။

ဘန်ကောက်မှမထွက်ခွါခင် ဘန်ကောက်ရှိ သျှမ်းဘုန်းကြီးကျောင်းသို့သွားကာ လေဆိပ်၌ သွားရောက် ကြို ဆိုခဲ့ ကြသောထိုင်းနိုင်ငံရောက်သျှမ်းမိသားစုများနှင့် တွေ့ဆုံရန်ရှိကြောင်းလည်း စိုင်းအောင်သိန်း က ပြောသည်။

“ ဘန်ကောက်မြို့ထဲက ဝပ်မိုင်ဘုန်းကြီးကျောင်းသွားပြီး ဆရာတော်ကိုကန်တော့မယ်။ ပြီးရင်အဲဒီမှာ ထိုင်းရောက် သျှမ်းတွေကို တွေ့ဆုံမယ်။ ဝမ်းမြောက်ဝမ်းသာ ကြောင်းနဲ့ ဆုတောင်းမေတ္တာပို့သမှုအပေါ် ကျေးဇူး တင်ကြောင်း ပြောတာဖြစ်တယ်။ အထွေအထူးတော့မရှိပါဘူး” - ဟု စိုင်းအောင်သိန်း ကဆက် လက် ပြောပြသည်။

သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးသည် အရိုးကျည်းပေါင်ရောဂါ၊ ခါးနာဝေဒနာ၊ ပူတာအိုအကျဉ်းထောင်၌ အကျဉ်း ကျစဉ်ချော်လဲသောကြောင့် ဒူးနာဝေဒနာ ခံစားရသည့်အပြင် အစာအိမ်နာ၊ ဆီးကျိတ်နာစသည့် ရောဂါများ ခံစားနေရပါသည်။

ဆေးကုသမှုခံယူရန် ထိုင်းနိုင်ငံ ဘန်ကောက်ခရီးစဉ်၌ ခွန်ထွန်းဦးနှင့်အတူ သမီးဖြစ်သူ နန်းအယ်လ်ဂီ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လူထုဆက်ဆံရေးဌာနမှ စိုင်းအောင်သိန်း တို့လိုက်ပါခဲ့ ခြင်းဖြစ် သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates