နိုင်ငံရေးနှင့် အပိုင်းအစတစ်ချို့



ဆောင်းပါးပါအချက်အလက် နှင့် အာဘော်များသည် စာရေးသူ၏ သဘောထားများသာဖြစ်သည်။
သျှမ်းသံတော်ဆင့်၏ အမြင်သဘောထားမဟုတ်ပါ။


ဆောင်းပါးရှင် - မန်းကိုကို


ကနေ့ မြန်မာပြည်ရဲ့ ပြောင်းလဲမှုနဲ့ ဖြစ်တည်ရှိနေတာတွေအပေါ် အမြင်သဘောထားတွေ အမျိုးမျိုးရှိကြပါတယ်။


ဒီအထဲမှာ သျှမ်းသံတော်ဆင့်မှာဖေါ်ပြခဲ့တဲ့ ဆောင်းပါးအချို့ထဲက လက်တွေ့စာတွေ့ဘဝတွေနဲ့ မကင်းကွာသော်မှ ချွတ်ချော်မှုတွေ ရှိနေတယ်လို့ ယူဆနိုင်တဲ့ အဆိုပြုတင်ပြချက်နဲ့ အကြောင်းရာအချို့ကို သိမှတ်နားလည်ထားတာတွေနဲ့ ချိန်ထိုးကြည့်ပါရစေ။


(၁) ပြည်ခိုင်ဖြိုး ဘာကြောင့်ရှူံးရတယ်

အဦးဆုံး ကြံ့ဖွံ့လို့မသုံးပဲ ပြည်ခိုင်ဖြိုးဆိုတဲ့နာမည်ကို တမင်သုံးစွဲလိုက်ပါတယ်။
အကြောင်းရင်းခံကတော့ - ကနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ သဘောထား အစစ်မှန်ကို ထင်ထင်ရှား ရှား ဖေါ်ထုတ်ပြခဲ့ရာမှာ ပြည်ခိုင်ဖြိုးပါတီဟာ လူနည်းစုကိုသာ ကိုယ်စားပြုကြောင်း ပေါ်လွင်ခဲ့ပါပြီ။ ဒီတော့ အားနည်းသူ၊ လူနည်းစု၊ ရှူံးနိမ့်သူကို တစ်ဖက်သတ် ချိုးနှိမ်ရာမရောက်အောင်နဲ့ လူ့အခြေခံကျင့်ဝတ်တွေကို လေးစားရာရောက်အောင် သူတို့နှစ်သက်လို့ ပြောင်းလဲထားခဲ့တဲ့နာမည်ကို သုံးစွဲပေးတာ ဖြစ်ပါတယ်။


ပြည်ခိုင်ဖြိုး ကြားဖြတ်ရွေးကောက်ပွဲမှာ ဘာကြောင့်ရှူံးရတယ်ဆိုတာကို သျှမ်းသံတော်ဆင့် ဆောင်းပါးတစ်ပုဒ်မှာ - အဓိက အားဖြင့် ပါတီတွင်း စည်းလုံးညီညွတ်မှု မရှိခြင်း၊ မီဒီယာလှုံ့ဆော်မှု အားနည်းခြင်းနဲ့ ပြည်သူများကို မစည်းရုံးနိုင်ခြင်း စသည် ဖြင့် ဖေါ်ပြထားတာ ဖတ်ရပါတယ်။ ဒီအချက်တွေဟာ မှားယွင်းတယ်လို့ မဆိုနိုင်ပေမယ့် အခြားအရေးပါတဲ့ အချက် တွေကို မျက်ကွယ်ပြုသလို ဖြစ်နေတယ်လို့ ယုံကြည်တာကြောင့် ဖြည့်စွက်တာလေးတွေ လုပ်ပါရစေ။


ပထမတစ်ချက်၊ ပြည်ခိုင်ဖြိုးအဖွဲ့ဟာ နိုင်ငံရေးပါတီအသွင်မပြောင်းဘူးဆိုပြီး သူတို့ခေါင်းဆောင်တွေရဲ့ တစ်စိုက်မတ်မတ် ပြောနေရာက၊ လူတွေ ကြိုတင်ထင်မြင်ထားသလို နိုင်ငံရေးပါတီတစ်ခု ဖြစ်လာခဲ့တာဟာ အစကတည်းက သန္ဓေမမှန်ဘူးလို့ ဆိုရလောက်ပါတယ်။ လူအများဆီမှာ ရှိပြီးတဲ့ သံသယတွေနဲ့ မယုံကြည်မှုတွေကိုအတည်ပြုပေးခဲ့ပါတယ်။


ဒုတိယတစ်ချက်၊ ပြည်ခိုင်ဖြိုးဟာ နိုင်ငံပိုင်ပစ္စည်း၊ အဆောက်အဦး၊ ငွေကြေးတွေကို ပြည့်စုံကုံလုံရုံမက ပိုလျှံအောင်ရယူ တည်ဆောက်ထားတဲ့ အဖွဲ့စည်းဖြစ်ပါတယ်။ နိုင်ငံပိုင်ဆိုတာဟာ ပြည်သူတွေအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တာကြောင့် ဒါကို အလွဲသုံးစားလုပ်ခြင်းအားဖြင့် လူအများရဲ့မေတ္တာကို ဘယ်လိုမှ ခံယူလို့မရနိုင်လောက်အောင် ခန်းခြောက်သွားစေခဲ့ပါတယ်။ ပါတီရဲ့ ကျင့်ဝတ်သိက္ခာပိုင်းဟာ အရင်လူထုမကြိုက်လို့ ပြုတ်ကျသွားခဲ့ပြီးတဲ့ မ.ဆ.လ ပါတီထက်တောင် အများကြီးနိမ့်ကျ နေတယ်လို့ ဆိုနိုင်ပါတယ်။


တတိယအချက်အနေနဲ့ ပြည်ခိုင်ဖြိုးဟာ အဖွဲ့စည်းတစ်ရပ်အဖြစ် တည်ထောင်ခဲ့ရာမှာ အဆင့်ဆင့် ဦးစီးဦးဆောင်နေရာ တွေကို စစ်ဗိုလ်စစ်သားဟောင်းတွေနဲ့သာ အဓိကထား ကျောရိုးပြုခဲ့တဲ့အချက်ပါ။ စစ်ဗိုလ်စစ်သားများဟာလည်း လူသားချင်းအတူတူဖြစ်တာကြောင့် သာမန်အရပ်သားတွေထက် ညံ့စရာမရှိတာ အသေချာပါ။


ဒါပေမယ့် စစ်တိုက်ဖို့နဲ့ အမိန့်ပေး အမိန့်နာခံမှုမှာသာ ကျွမ်းကျင်ကြပြီး နိုင်ငံရေးဖက်မှာတော့ အတွေ့အကြုံနဲ့သိနား လည်မှုတွေ နည်းပါးတယ်ဆိုတာ ဝန်ခံကြရမှာ ဖြစ်ပါတယ်။ ပြည်သူနဲ့ ဟန်ချက်ညီဖို့နေနေသာသာ ပါတီတွင်းမှာတောင် ခွဲခြားမှုတွေနဲ့ သဲအိမ်တည်ခဲ့ကြပါတယ်။


ဒီလို အရင်းအမြစ်ကနေစပြီး အခြေနေနဲ့နောက်ခံမကောင်းခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို စိတ်ခံစား မှုရှိတဲ့ လူသားတွေရဲ့ သဘာဝနဲ့ သက်ရောက်မှုတိုင်းမှာ တွန်းကန်မှုရှိတယ်ဆိုတဲ့ နိယာမတွေကိုလျစ်လျူရှုပြီးထင်ရာစိုင်းကြ တဲ့အခါမှာတော့ သူတို့ရဲ့ဆုံးရှူံးခန်းဟာ ဘယ်ဗေဒင်ဆရာကိုမှ မေး စရာမလိုလောက်အောင် ထင်ရှားနေခဲ့ပါပြီ။ ခုနေခါမှာ သူတို့ကြုံတွေ့နေရတာတွေဟာ ကနဦးအစပဲ ရှိပါသေးတယ်။ ရှေ့လျှောက်ပြီး အတောမသတ်နိုင်တဲ့ ကျဆုံးစရာတွေ ကြိုလင့်နေမှာ သေချာပါတယ် ။ ဒါပေမယ့် အနာဂါတ်မျှော်လင့်ချက်တွေ လုံးဝပျောက်ကွယ်သွားတာတော့ မဟုတ်ဖူးလို့ ဆိုချင်ပါတယ်။ သူတို့ရဲ့ မျက်လုံးပေါ်ကဖုံးလွမ်းနေတဲ့ တိမ်သလ္လာတွေကိုဖယ်ပစ်ပြီး ပြည်သူတွေနဲ့ တစ်သားထဲဖြစ်ဖို့ ပြန်ကြိုးစားကြမယ်ဆိုရင်၊ နောင်လာမယ့်ပြည်လုံးကျွတ်ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အနည်းအကျဉ်း လောက် ပြန်ရနိုင်ချေ ရှိနေသေးတယ်လို့ ယုံကြည်ပါတယ်။


အထက်က တင်ပြခဲ့တာတွေဟာ သာမန်လူအများ သိထားပြီးသားနဲ့ အလွယ်တကူ တွေးမြင်သိနိုင်ကြတာတွေသာဖြစ်ပြီး ပြည်ခိုင်ဖြိုးဘာကြောင့်ရှူံးရတယ်ဆိုတာကို တင်ပြခဲ့တဲ့ဆောင်းပါးရှင်ရဲ့ ကျန်ရစ်ခဲ့တဲ့အပိုင်းလေးတစ်ချို့ကို ဖြည့်ဆည်းပေးရုံ သက်သက်လို့သာ မှတ်ယူစေလိုပါတယ်။


(၂) ပုဂ္ဂိုလ်ရေး ထိပါးမှု

နောက်တစ်ချက် သတိပြုမိတာကတော့ လူမှုရေးဖောက်ပြန်သူ၊ ဘိန်းစား စသည်ဖြင့် ပုဂ္ဂိုလ်ရေး ထိပါးပုတ်ခတ်မှုအချို့ ပါလာတာကို ဖြစ်ပါတယ်။ မည်သူမဆို မတူညီတဲ့ အမြင်တွေကို လွတ်လပ်စွာ မြင်ခွင့်ရှိပေမယ့်၊ အများအတွက် ရေးသား ပြောဆိုရာမှာ စောင့်ထိန်းမှုတွေ ရှိရပါတယ်။ မစောင့်ထိန်း ခြင်းအားဖြင့် မိမိရဲ့ ကျဉ်းမြောင်းတဲ့အမြင်နဲ့ အတွေ့ အကြုံ ရင့်ကျက်မှုတွေမှာ ဖြည့်ဆည်းစရာတွေရှိနေသေးတယ်လို့ ဖေါ်ထုတ်ပြသရာ ရောက်ပါတယ်။


ကမ္ဘာမှာကြည့်တဲ့အခါ၊ အနားယူသွားပြီဖြစ်တဲ့ ဗြိတိသျှဝန်ကြီးချုပ်တစ်ယောက်ဟာ သူငယ်ရွယ်စဉ်က လူမှုရေးဆိုင်ရာ မှား ယွင်းမှု ရှိခဲ့ဖူးကြောင်း အမှန်အတိုင်း ဝန်ခံခဲ့သလို၊ လက်ရှိသြစတြေးလျက အမျိုးသမီးဝန်ကြီးချုပ်ကလည်း သူတက္ကသိုလ် တက်စဉ်က ဆေးရှူခဲ့ဖူးတာကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးပါတယ်။ ပြည်သူတွေကလည်းခုနေချိန်မှာ သူတို့ရဲ့နိုင်ငံအကြီး အကဲ တွေဟာ အတိတ်ကို ပစ္စုပ္ပန်အထိ သယ်မလာဘူးဆိုတာ နားလည်ပေးကြပါတယ် ။


ဆက်စပ်ပြီးတင်ပြလိုတာတစ်ခုက - အမေရိကန်သမ္မတလင်ကွန်းဟာ စကားစစ်ထိုးပွဲတစ်ခုမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ ကို ခံခဲ့ရဖူးပါတယ်။ သူတစ်ချိန်တုန်းက အရောင်းစာရေး လုပ်ခဲ့ဖူးတာကို သူ့ပြိုင်ဖက်ကနေ နှိမ့်ချပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကို လင်ကွန်းကနေ “ကျနော်ဟာ ကျနော်ရဲ့ဈေးရောင်းစားပွဲကို စွန့်ခွာခဲ့ပြီးပါပြီ၊ ဒါပေမယ့် ကျနော့်ရဲ့ပြိုင်ဖက်ကတော့ စားပွဲရဲ့အခြားတစ်ဖက်ခြမ်းက သူဈေးဝယ်ခဲ့တဲ့နေရာကို မစွန့်ခွာနိုင်သေးဘူးဖြစ်နေတယ်” လို့ ပြန်နှက်ခဲ့ပါတယ်။ ပုဂ္ဂိုလ် ရေး တိုက်ခိုက်မှုဟာ အလားတူ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို ပြန်ဖိတ်ခေါ်တတ်ပြီး၊ အခန့်မသင့်လို့ ကိုယ့်ထက်သာ သူနဲ့ ကြုံလာတဲ့အခါမှာ ကိုယ်သာ အလူးအလိမ့် ခံရတတ်ပါတယ်။


(၃) သောင်းကျန်းသူများ

တစ်ခါ စစ်ရေးဆိုင်ရာ ဆောင်းပါးတစ်ပုဒ်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေကို “သောင်းကျန်းသူ”တွေလို့ ခေါ်ဝေါ် သုံး စွဲတာကို တွေ့မိလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကနေ့အချိန်လို အသိဉာဏ်ပညာတွေ ပွားများထွန်းကားနေတဲ့ ခေတ်ကာလမှာ အင်မတန် လွယ်ကူရှင်းလင်းတဲ့ စကားလုံးတွေကို ရှုပ်ထွေးအောင်နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် သို့မဟုတ် ကိုယ်တိုင် ထင်ယောင်ထင်မှားဖြစ်နေပြီး သုံးစွဲပြောဆိုနေတာတွေဟာမလိုလားစရာ သို့မဟုတ် ရိုးသားမှုတွေ လိုအပ်တာထက် လျော့နည်းနေတဲ့လုပ်ရပ်လို့ မြင်ပါတယ်။


သောင်းကျန်းသူဆိုတာ ဘာလဲ။ ဗမာလို နားလည်သူတိုင်း သောင်းကျန်းတဲ့သူတွေကို သောင်းကျန်းသူလို့ ခေါ်လို့ရတယ်ဆို တာ ရှင်းပြဖို့လိုမယ်မထင်ပါ။ ဒီတော့ တိုင်းရင်းသား လက်နက်ကိုင်ဖြစ်စေ၊ ပြည်မစစ်တပ်ကဖြစ်စေသောင်းကျန်းလာရင် “သောင်းကျန်းသူ”ပါပဲ။ အားနည်းသူမှ သောင်းကျန်းသူဆိုရင်တော့ ပြောဆိုသုံးစွဲသူထံမှာအတွေးအမြင်ပိုင်းဆိုင်ရာမှာ စိန်ခေါ်မှုတွေ တွေ့ကြုံနေရပြီလို့ ဆိုနိုင်ပါတယ်။


တစ်ဆက်ထဲမှာ ပြောလိုတာက မြန်မာပြည်တွင်းမှာ မှားယွင်းချွတ်ချော်နေတဲ့ သတင်း၊ သမိုင်းနဲ့အသိတွေကိုတမင်ရွေးချယ် ထားတဲ့ စကားလုံးတွေနဲ့ ထပ်ခါထပ်ခါဆင့်ပြောပြီး ကိုယ့်ကိုယ်ကိုလိမ်ဖို့ မကြိုးစားသင့်ကြတော့ဘူး ဆိုတာပါပဲ။ ဥပမာ အနေနဲ့ အနည်းဆုံး တပ်မတော်ဆိုတဲ့ စကားလုံးမှာ မြင်နိုင်ပါတယ်။ ဘယ်လိုပဲ ဘယ်ကစကားလုံးတွေကိုမွေးစားပြီး လှပ အောင်သုံးသုံး စစ်တပ်ဟာ စစ်တပ်ပါပဲ။ ဒီကနေတစ်ဆင့်တက်ပြီး အင်္ဂလိပ်လို (Tatmadaw ဆိုပြီး) တိုက်ရိုက် အသံ ထွက် နဲ့ သုံးစွဲဖို့ကြိုးစားကြတဲ့အခါမှာတော့ ပိုဆိုးနိုင်တဲ့အကျိုးတွေကိုမျှော်လင့်ထားရပါမယ်။ စိတ်ပညာရှင် တွေ အမြင်မှာ “ဒါဟာ စိတ်လုံခြုံမှု မရှိသူတွေရဲ့ ကိုယ်ယုံကြည်ချင်တာတွေကို ကိုယ့်ဖာသာ အားပေးအတည်ပြုပေးဖို့ ကြိုးစားနေတာ”လို့ အဓိပ္ပါယ် ဖွင့်ဆိုမှာဖြစ်တာကြောင့် နိုင်ငံတကာမှာမျက်နှာညိုဖို့ကလွဲပြီး အကျိုးမဖြစ်တာ သတိထားသင့်ပါတယ်။


(၄) နိုင်ငံ့အရေး

နောက်ဆုံးတင်ပြချင်တာကတော့ “နိုင်ငံရေး” ဆိုတာနဲ့ ပတ်သက်ပြီးတော့ဖြစ်ပါတယ်။နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ “နိုင်ငံရေး” ဆိုတာဟာ - “လူများမှ သူတို့နေထိုင်ရာအောက်၌ရှိသော အထွေထွေစည်းမျဉ်း ဥပဒေထုံးတမ်းများကို ပြုလုပ်ပြဌာန်း၊ ထိန်းသိမ်း၊ ပြင်ဆင်မှုများ ဖြတ်သန်းသွားရ သော ပြုဖွယ်ဆောင်တာ (သို့) အမှုကိစ္စ” ဖြစ်ပါတယ်။


ဒါနဲ့ဆက်နွယ်ပြီးကြည့်ရင် လတ်တလော အန်အယ်ဒီရဲ့ ကျမ်းကျိန်စာသားပြင်ပေးဖို့ တောင်းဆိုတာဟာ နိုင်ငံရေးလှုပ်ရှား မှု တစ်ရပ်ဆိုတာ မြင်သာပါတယ်။ နိုင်ငံရေးဟာ ညှိနှိုင်းဆွေးနွေးအဖြေရှာပြီး ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာ အောင် လုပ်ရတဲ့ လုပ်ငန်းစဉ်ဖြစ်တာကြောင့် ပါဝင်လုပ်ကိုင်နေသူတွေအနေနဲ့ ဒါကိုနားလည်ဖို့နဲ့ အလျှော့အတင်းလုပ်ဖို့လို အပ် တယ် ဆိုတာ မှတ်ယူထားပါမှသာ ရွေ့ရှားပြောင်းလဲတိုးတက်မှုတွေ ရှိမှာပါ။


လက်ရှိမြန်မာပြည်နိုင်ငံရေးဟာ ပြောင်းလဲမှုတွေ အများကြီးဖြစ်နေပြီး တိုးတက်မှုဖက် ဦးတည်နေတာတွေကိုလည်း တွေ့ရ နိုင်ပါ တယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုတွေ တချို့တလေတွေ့ရသလို စစ်ရေးနဲ့ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေလည်း အထင်အရှား ရှိနေပါတယ်။ ဒါပေမယ့် စစ်ရေးဟာလည်း နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုမှာ အသာစီးရဖို့အသုံးပြုနေတယ်ဆိုတာကို သတိမူကြရပါမယ်။


တစ်ချိန်ထဲမှာ အင်အားကြီးသူက အင်အားနည်းသူတွေကို ပြုတ်ပြုတ်ပြုန်းအောင် ချေမှုန်းသတ်ဖြတ်ဖို့ ကြုံးဝါးပြောဆို ကြိုးပမ်းနေကြသူတွေဟာ နိုင်ငံရေးဆိုတာကို ဘဲဥအစ ရှာမရဖြစ်နေသူတွေလို့ ဆိုနိုင်ပါတယ်။ ဒါမျိုးဟာ ဆယ်စုနှစ်နဲ့ချီတဲ့ ဝါဒဖြန့်ခဲ့မှုနဲ့ လိုအပ်တဲ့ အသိပညာဗဟုသုတတွေ ပိတ်ပင်ခြောက်ခမ်းနေစေခဲ့တာရဲ့အကျိုးဆက်ဖြစ်ပြီးဒါတွေကိုလျော့နည်း လာအောင် လုပ်ကိုင်ကြပါမှ နိုင်ငံရေးမှာ အကောင်းဖက်ရှေ့ဆက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။


အဆုံးသတ်အနေနဲ့ အားလုံးပဲ ပြည်ခိုင်ဖြိုးပါတီရဲ့အမှားမျိုး၊ တစ်ဖက်သားကို အနိုင်ရလိုမှုတစ်ခု ထဲ အတွက် ရိုးသားမှုနဲ့ လူ့ကျင့်ဝတ်တွေကို ဘေးဖယ်မိတာမျိုးတွေရှောင်ရှားရင်း အကျိုးများမယ့် နိုင်ငံ့ အရေးအရာတွေ လုပ်နိုင်ကြဘို့ ဆန္ဒပြု လိုက်ပါတယ်။


မှီးငြမ်း

(၁) Andrew Heywood ၏ Politics

(၂) Gregory Bassham, William Irwin, Henry Nardone & James M. Wallace တို့၏ Critical Thinking:
A Student’s Introduction




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates