သျှမ်းပြည်မှမျှစ် တရုတ်ပြည်ပို့ ဝါးမျိုးသုဉ်းရေး မြို့မိမြို့ဖ များတွေးပူ



တရုတ်နိုင်ငံမှလက်ခံဝယ်ယူမှုကြောင့် သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ရှိ တရုတ်လူမျိုးများက ဒေသခံလူထုထံ မျှစ်များ တရက်ပိဿာချိန် ရာချီဝယ်ယူနေသဖြင့် ဝါးမျိုးသုဉ်းမည့်အရေး မြို့မိမြို့ဖများတွေးပူနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်ကဆိုပါသည်။

-Bamboo
“လူတွေက ရှေ့ရေး သစ်တောပြုန်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာညာ ဘာမှမတွေးဘူး။ မသိကြဘူး။ တပိဿာ ၁၅၀ ထဲရယ်။ မက်စရာလဲမရှိ။ ဘာလို့ယူလာရောင်းပေးနေကြတာလဲမသိဘူး။ နောက် ၄ - ၅ နှစ်ဆိုရင် ဝါးမျိုးတွေ သုဉ်းမှာသေချာတယ်။ တရုတ်က ဝယ်သမျှ သူတို့ကောက်ရောင်း နေရင်တော့ အနာဂတ်သဘာဝ အရင်းအမြစ်တွေအတွက် ရင်လေးတယ်ဗျာ” ဟု လားရှိုး မြို့နေ မြို့မိမြို့ဖ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မျှစ်ခြောက်လုပ်၍ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချရန် လားရှိုးမြို့နေ တရုတ်များက မျှစ်များကိုလက်ခံဝယ်ယူ နေခြင်းဖြစ် ကြောင်း၊ နမ္မတူချောင်းတလျှောက်၊ နမ့်ယော်ချောင်းတလျှောက်၊ မန်စံဒေသ၊ လွယ်တောက်ဒေသ၊ သိန္နီ မြို့ မိုင်းလီဒေသ တို့မှ လားရှိုးသို့ ဆိုင်ကယ်ဖြင့် လာရောက်ရောင်းချကြကြောင်းဒေသခံလူငယ်တဦးကလည်းပြောသည်။

“ဆိုင်ကယ်တစီးဆိုရင် မြွေရေခွံအိတ်ကြီး ၃-၄ အိတ်တင်ပြီး မြို့ထဲဆင်းကြတာ။ တနေ့တနေ့ ဆိုင်ကယ် အစီးရေမနည်းဘူး။ မျှင်ဝါး၊ ဝါးပိုးဝါးမျှစ်တွေပေါ့။ တရက်တရက်ကို ခန့်မှန်း ပိဿာချိန် ၆၀၀ နဲ့အထက် လောက် ဝယ်ယူနေရတယ်လို့ တရုတ် တွေနဲ့ သိတဲ့လူတွေကပြောတယ်။ ကန့်ရေနဲ့ဇိမ်ပြီးအခြောက်လှမ်းတယ်။ ဓါတုဆေးဆိုးပြီး တရုတ်ပြည်မကြီးပို့တာတဲ့။ သူများ နိုင်ငံက သစ်တောပြုန်းမှာစိုးလို့ ဝါးမျှစ်တွေပေးမယူဘူး။ ကျမတို့ဆီကတော့ ရှိသမျှထုတ်ရောင်းတယ်။ သစ်တောပြုန်းလား ဘာလား ဘာမှမစဉ်းစားဘူး။ရောင်းရဖို့ဘဲ သိတယ်။အခုလို ရောင်းဝယ်နေကြတာ ၂ လလောက်ရှိပြီ။” ဟု ခေတ်ပညာတတ် အဆိုပါ လူငယ်ကဆက်လက်ပြောပြသည်။

ယခုကဲ့သို့ မျှစ်စိမ်းရောင်းဝယ်မှုကို နမ္မတူမှ ကျားဖြူပါတီလွှတ်တော်အမတ် နန်းခမ်းအေးက လွှတ်တော်အတွင်း တင်ပြမှု ကြောင့် ယမန်နှစ်က အာဏာပိုင်များက ပိတ်ပင်ခဲ့ဖူးသည်ဟု လားရှိုးမြို့ခံများကပြော၏။ တနှစ်ခန့်ရောင်း ဝယ်မှုရပ်တန့် သွား ပြီး ယခုနှစ်မျှစ်ပေါ်ချိန် ပြန်လည်ရောင်းဝယ်လာကြခြင်းဖြစ်ကြောင်း၊ ယခုချိန်မထိမည်သည့်အာဏာပိုင်မှ တားမြစ်ခြင်း မပြကြသေးကြောင်း သဘာဝပတ်ဝန်းကျင်မြတ်နိုးသည့် ဘုရားဒကာတဦးက လည်းပြောပြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates