လဲချားမြို့နယ် ဒေသခံလူထုတို့ ဆက်ကြေး၊ ရံပုံငွေထည့်နေရ
သို့ - သျှမ်းသံတော်ဆင့်
လဲချားမြို့နယ် ပုံတိုက်ကျေးရွာအုပ်စု ၊ နားမန်းကျေးရွာအုပ်စု ၊ ဟတ်လီကျေးရွာအုပ်စု ရှိ ကျေးရွာများ တွင် လုံးယ ၊ ဗိုလ်မှူးဘီလီ ၊ ဗိုလ်မွန်း ၊ ဆရာသောင်း တို့ ခေါင်းဆောင်သော လွိုင်ချယ် အခြေစိုက် PNA ပအိုဝ်း ပြည်သူ့စစ်များ ဗိုလ်ကျစိုးမိုးလျှက်ရှိနေသည်။ ထိုကျေးရွာအုပ်စုများတွင် သျှမ်းလူမျိုးများ နေ ထိုင်ကြပြီး ပအိုဝ်းလူမျိုးများက လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ရယူကာ ပြည်သူ့စစ်အသွင်ပြောင်းပြီးကြသူများ ဖြစ်ကြပါသည်။
ယခုအခါတွင် လွိုင်ချယ်အခြေစိုက် ပအိုဝ်း ပြည်သူ့စစ်များသည် ကျေးရွာအုပ်စုများသို့ (၃) လလျှင် တစ်ကြိမ် ငွေကျပ်သိန်း (၃၀) မှ (၄၀) ကြား တောင်းခံနေလျှက်ရှိပါသည်။ ထို့အပြင် ထိုဒေသအတွင်းရှိ ကျောက်မီးသွေးထွက်ရှိသော နေရာများကိုလည်း လွိုင်ချယ်နဂါး ကုမ္ပဏီအမည်ဖြင့် အကွက်ရိုက်ဆွဲ ထားပြီး ကိုယ်ကျိုးစီးပွားဆောင်ရွက်ထားရှိပါသည်။ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်အာမခံချက်မျှ ခိုင်မာအောင် ဆောင်ရွက်ထားရှိခြင်းမရှိသည့်အပြင် ကျေးရွာလမ်းများကိုလည်း ပြည်သူလူထု၏ လုပ်အားကို အတင်းအဓမ္မ အမိန့်ပေးစေခိုင်း၍ သဲတိုက် ကျောက်တိုက် လမ်းခင်းခြင်း များ ဆောင်ရွက်စေခဲ့ပါသည်။ ၎င်းတို့၏ ကျေးရွာအုပ်စုသို့ အကူအညီပေး ကာကွယ်နေသည်ဆိုသည် များမှာ လည်း အတင်းအဓမ္မ စေခိုင်းခြင်းများနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းများသာ ရှိခဲ့ပါသည်။ ထိုကျေးရွာအုပ်စုများရှိ အကွက်အကွင်းကောင်းမွန်၍ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားဖြစ်ဓာတ်သတ္တုတူးဖော်ရေးနေရာများကိုလည်း ဗိုလ်ကျစိုးမိုး အနိုင်ပိုင်း၍ သိမ်းယူနေခြင်းလည်း များစွာဖြစ်ပေါ်လျှက်ရှိနေပါသည်။
လက်နက်ကိုင်အဖွဲ့အစည်းဖြင့် ပြည်သူများအား အတင်းဖိနှိပ်ချုပ်ချယ် အုပ်ချုပ်လျှက်ရှိပါသည်။ ယခင် နှစ်များတွင် ၎င်းတို့စေခိုင်းသည့်အတိုင်း သို့မဟုတ် စေခိုင်းသည့်အတိုင်း ဖီဆန်ခြင်းများ ရှိခဲ့ပါက လွိုင်ချယ်တောင်ပေါ်သို့ ဖမ်းဆီး ခေါ်ဆောင် နှိပ်စက်ညှင်းပမ်း ထောင်သွင်းအကျဉ်းချခြင်းများ၊ အသက် ဆုံးရှုံးခဲ့ရခြင်းများလည်း ကြုံဆုံခဲ့ရရာ ယခုအခါတွင် ရွာသားများသည်လည်း စီးပွားရေး အဆင်မပြေ ရသည့်အပြင် ပေးဆောင်ရန်အတွက် ကိုယ်ဆင်းရဲ စိတ်ဆင်းကြုံတွေ့နေကြရပါသည်။
ထို့အပြင် ပအိုဝ်းများ နေထိုင်သော ၀မ်ကန်ရွာသားများသည်လည်း ၀မ်မိုင်ဆုံရွာမှ နှစ်ပေါင်းရှည်ကြာစွာ လယ်လုပ် စိုက်ပျိုးလာခဲ့သော လယ်ကွက်အား ၎င်းတို့အပိုင်ဟုဆိုကာ ငါးမွေးမြူရေးကန် တည်ဆောက် ရန် အတင်းသိမ်းဆည်း လုယူနေမှု ဖြစ်ပွားလျှက်ရှိနေပါသည်။
သို့ဖြစ်ပါ၍ ပြည်သူပြည်သားများအား မတရားသောနည်းလမ်းများဖြင့် ချုပ်ချယ်နေကြသော အဆိုပါ အဖွဲ့အစည်းများ၏ ဆောင်ရွက်နေသော ကိစ္စရပ်များအား တာဝန်ရှိသူများမှ စစ်ဆေးအရေးယူ တားဆီးကာကွယ်ပေးပါရန် တောင်းဆိုအပ်ပါသည်။
မခံမရပ်နိုင်သော
လဲချားဒေသခံတဦး
Tags: Letter to Editor

